အမေရိကန်-အီရန်စစ်နှင့် ယူကရိန်းမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒီမိုများကိုပြောသော စည်းလုံးမှုနှင့် ဗျူဟာသစ် လိုအပ်မှုပြဿနာ
- Myat Tun Oo
- 26 minutes ago
- 2 min read

အမေရိကန်နဲ့ အီရန်စစ်ဖြစ်တာ ဘယ်သူနိုင်နေလဲ မေးရင် အမေရိကန်က အီရန်ကို ဗုံးကြဲနိုင်သလို အီရန်ရေတပ်ကိုလည်း ရေအောက်ရောက်အောင် လုပ်ထားနိုင်လို့ အမေရိကန်က နိုင်နေတယ်လို့ ထရမ့်နဲ့ သူ့ထောက်ခံသူတွေ ပြောမှာဖြစ်သလို၊ သူ့အတိုက်အခံတွေကလည်း ဟော်စမြူဇ် ရေလက်ကြားကို ထရမ့်မဖွင့်နိုင်ကြောင်း၊ ရေနံဈေးတက်တာ ထရမ့်မနိုင်လို့ဖြစ်ကြောင်း ငြင်းကြတာ တွေ့ရ ကြားရမှာပါ။ ဒါဆိုရင် ဘယ်ဟာက အမှန်လဲ?
အမေရိကန်ဟာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံကြီးပါ။ အမေရိကန်မှာ အီရန်မှာ မရှိတာတွေ အားလုံးရှိပါတယ်။ အီရန်ခေါင်းဆောင်ပိုင်းအားလုံးကို စစ်ပွဲအစမှာတင် သုတ်သင်ရှင်းလင်းနိုင်ခဲ့သလို ဝေဟင်ကိုလည်း စိုးမိုးနိုင်ခဲ့ပါတယ်။ မြန်မာပြည်က လူတွေမုန်းတဲ့ မအလ စစ်ခေါင်းဆောင်တွေကို အယာတိုလာနဲ့အတူ စစ်ပွဲအစပိုင်းမှာတင် အမေရိကန်နဲ့ အစ္စရေးက သတ်ခဲ့တာပါ။ နောက် အစ္စရေးဟာ နေ့စဉ် အီရန်ရဲ့ စရဖလို (IRGC) အဖွဲ့တွေ၊ ပြည်သူ့စစ်ခေါင်းဆောင်တွေကို နေ့စဉ် သုတ်သင်နိုင်ခဲ့ပါတယ်။
ဒါဆိုရင် အီရန်ပြည်သူတွေက ဘာကြောင့် လက်ကျန် အာဏာရှင်ကို မဖြုတ်ချနိုင်တာလဲ? ဆန္ဒပြသူတွေ ရှိခဲ့သလို လူ့အခွင့်အရေး လှုပ်ရှားသူ၊ NGO အဖွဲ့အချို့နဲ့ အမျိုးသမီးလူ့အခွင့်အရေး လှုပ်ရှားသူ၊ ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိသူ အီရန်က Narges Mohammadi နဲ့ Shirin Ebadi တို့ဟာလည်း ပြည်သူအများစုကို ကိုယ်စားမပြုနိုင်လို့ ဘာမှ မလုပ်နိုင်ခဲ့ပါ။ Narges က ထောင်ထဲမှာပါ။ အီရန်မှာ NUG လို အဆင်သင့် ပြည်သူကြိုက်တဲ့ စင်ပြိုင်အစိုးရ ရှိမနေခဲ့သလို PDF လို တပ်မျိုးလည်း မရှိနေခဲ့ပါ။ ထရမ့်က လက်နက်ပို့ပေးချိန်မှာ ကဒ်တွေ ဖြတ်ယူပြီး အတိုက်အခံတွေကို မပေးခဲ့ပါ။
ဒါက ဘာကိုပြသလဲဆိုတော့ NUG ကို ဝေဖန်လေ့ရှိတဲ့ တတိယအုပ်စု သူတောင်းစားတွေ ပြောသလို အတိုက်အခံကို လက်နက်ပို့ရာမှာ NUG မပြောနဲ့၊ ထရမ့်ရဲ့ CIA တောင် လက်နက်ရောက်အောင် ပို့ရာမှာ ပြဿနာရှိနိုင်တယ်ဆိုတာပါ။
ထရမ့်ဟာ စီးပွားရေးလုပ်တတ်ပြီး အပေးအယူ ဆွေးနွေးရာကနေ အောင်မြင်လာသူပါ။ သူက "The Art of the Deal" နဲ့ နာမည်ကြီးလာပြီး အဲ့ဒီအတိုင်း သူလိုချင်တဲ့ အိမ်ခြံမြေတွေကို အပေးအယူနဲ့ ရယူနိုင်ခဲ့သူပါ။ ဒါပေမဲ့ အီရန်ကို တိုက်ရာမှာ သူမထင်ထားတဲ့ တုံ့ပြန်မှုနဲ့ တွေ့ခဲ့ရပါတယ်။
အားလုံးမှတ်မိမှာပါ။ ကလင်တန်လက်ထက် ဘယ်လ်ဂရိတ်က တရုတ်သံရုံးကို ၁၉၉၉ ခုနှစ်က ဗုံးကြဲချိန်မှာ တရုတ်က ဘာမှ ပြန်မလုပ်နိုင်ခဲ့ပါ။ ထိုတိုက်ခိုက်မှုဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့ မဟုတ်ဘဲ နေတိုးက လူသားတွေ ကယ်ဖို့ သူ့ဖာသာ တိုက်တာပါ။ ရုရှားက ယူကရိန်းကို တိုက်တာကို ပြောလို့ ထောက်ပြတာပါ။ စစ်ပွဲနှစ်ခုစလုံးဟာ ကုလသဘောမတူဘဲတိုက်တဲ့ တရားမဝင်စစ်တွေပါ။ အမေရိကန်ကလဲ သူ့အကျိုးစီးပွားအတွက်တိုက်ခဲ့သလို ရုရှားကလဲ သူ့အကျိုးစီးပွားပါဘဲ။
ယခု ထရမ့်က ကုလလုံခြုံရေးကောင်စီ သဘောမတူဘဲ အီရန်ကို ဝင်ချသလို အီရန်ကလည်း ဒရုံးတွေနဲ့ ပြန်ပစ်ခဲ့ရာမှာ အမေရိကန်ရဲ့ စစ်စခန်းတွေ ထိမှန်ခဲ့ပြီး ရေဒါစနစ်တွေ ဖျက်ဆီးနိုင်ခဲ့သလို ရေလမ်းကြောင်းကိုလည်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ဒါဆို အမေရိကန်က ဘာကြောင့် အပြတ်ဝင်မတိုက်လဲ? ထရမ့်ကို သူ့အတိုက်အခံတွေက ဘာလုပ်လုပ် မကောင်းပြောပြီး ကန့်ကွက်ပါတယ်။ ယခုဆို စစ်တိုက်ခွင့်ကိုတောင် ရပ်ဖို့ လွှတ်တော်ကနေ ကြိုးစားနေပါတယ်။ ဒါတင်မဟုတ်ဘဲ သတင်းသမားတွေက သူ့ကို မုန်းပြီး ထရမ့်စစ်ရှုံးတယ်ဆိုပြီးသာ ရေးပါတယ်။ သူတို့ ပြောလိုတာက ထရမ့်ဟာ ဟော်စမြူဇ် ရေလမ်းကြောင်းကို ပြန်မဖွင့်နိုင်လို့ ရေနံဈေးတက်လို့လို့ ဆိုပါတယ်။
ဒီအခြေအနေမှာ အီရန်က ရှုံးနေပေမယ့် နိုင်သလို ဖြစ်နေမှာပါ။ ဘာကြောင့်လဲဆိုတော့ အီရန်ဟာ သူ စစ်နိုင်ဖို့ ကုလစည်းမျဉ်းတွေကို ဂရုမစိုက်ဘဲ အမေရိကန်စစ်အခြေစိုက်စခန်း ရှိရာ တိုင်းပြည်တွေကို ပစ်လို့ UAE မှာ ခရီးသွားလုပ်ငန်း ရပ်တန့်တာ၊ စီးပွားရေး ပျက်စီးတာတွေ ဖြစ်သလို စစ်အခြေစိုက်စခန်းတွေလည်း ထိခိုက်ခံခဲ့ရပါတယ်။ အမေရိကန်က ငှက်ကင်တွေနဲ့ လုံးဝ မထိအောင် မကာကွယ်နိုင်ခဲ့ပါ။
အီရန်ကသာ ကုလဥပဒေကို လိုက်နာပြီး အမေရိကန် စစ်သင်္ဘောတွေကိုသာ ပစ်ရင်၊ စစ်လေယာဉ်တွေကိုသာ ရွေးပစ်ခဲ့ရင် အမေရိကန် မဟာမိတ်တွေ၊ ကမ္ဘာ့ဈေးကွက်တွေကို ခြိမ်းခြောက်ဖို့ မဖြစ်နိုင်ပါ။
နောက်စဉ်းစားရမှာက အမေရိကန်ကြီးက အင်အားကြီးပေမယ့် အမေရိကန်စစ်တပ်ကို တိုက်ရခက်အောင် အတိုက်အခံတွေက War Powers Act နဲ့ ထရမ့်ကို ထိန်းဖို့ လုပ်လာနေသလို သတင်းသမားတွေကလည်း ဖောင်းထုဖို့သာ လုပ်လို့ ထရမ့်အနေနဲ့ အပေးအယူ ဆွေးနွေးရတာက သူ့အိမ်ခြံမြေ အရောင်းအဝယ်လောက် မလွယ်ကြောင်း သိမှာပါ။ နောက် ဒီနှစ် အမေရိကန်မှာ လွှတ်တော်ရွေး ကောက်ပွဲရှိလို့ ထရမ့်အတွက် ကုန်ဈေးတက်ရင် ပြဿနာရှိပါတယ်။ အီရန်ခေါင်းဆောင်ပိုင်းမှာလည်း အမေရိကန်ကို ဘယ်လို ကိုင်တွယ်မလဲ သဘောထားကွဲနိုင်ပေမယ့် အာဏာရှင်ဖြစ်လို့ အသံမထွက်သလို သူ့သတင်းမီဒီယာကလည်း အာဏာရှင်ကို မဝေဖန်ရဲလို့ သူက ပိုညီညွတ်သလို ဖြစ်နေပါတယ်။
ဒီကနေ အတုယူရမှာက တိုင်းရင်းသားလက်နက်ကိုင်များဟာ NUG နဲ့အတူ စည်းလုံးဖို့ လုပ်ဆောင်ရမှာဖြစ်ပြီး မလုပ်ဆောင်ရင် အားလုံး ဒုက္ခရောက်မယ်ဆိုတာပါ။ ဒီမိုကရေစီဘက်မှာက တိုင်းရင်းသားတွေ မညီညွတ်ရင်၊ သတင်းသမားတွေ နောက်ကျော ဓားနဲ့ထိုးရင်၊ လူ့အခွင့်အရေးသမားတွေ၊ တတိယအုပ်စုတွေက ကုလစည်းကမ်းကို လိုက်နာပါ စသည်ဖြင့် ပြောပြီး အကျပ်ရိုက်အောင်လုပ်ရင် ရန်သူကို တိုက်ရခက်မှာပါ။ သေချာတာက တတိယအုပ်စု၊ လူ့အခွင့်အရေးသမားနဲ့ သတင်းသမားတွေက တစ်ပြားမှ တော်လှန်ရေးအတွက် နေတိုးတပ်လို စစ်တိုက်နိုင်ဖို့ မထောက်ပံ့နေပါ။
ဒါ့အပြင် အင်အားကြီးတဲ့ ရန်သူကို တိုက်ရာမှာ သာမန် သမားရိုးကျ စစ်ရေးပစ်မှတ်သာမဟုတ်ဘဲ ယူကရိန်းလို၊ အီရန်လို ရန်သူအထိနာစေမယ့် ပစ်မှတ်တွေကိုလည်း တီထွင်စဉ်းစားရပါမယ်။ ယူကရိန်းဟာ ရုရှားဆီသိုလှောင်ကန်၊ အရပ်ဖက်ဆီဆိုင်၊ ဆီချက်စက်ရုံတွေသာမက လက်နက်စက်ရုံတွေ၊ စစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံးနိုင်တဲ့ စက်ရုံတွေ၊ လျှပ်စစ်ထုတ်တဲ့နေရာတွေကို ဒရုံးနဲ့ ပစ်ခတ်နိုင်တာ၊ ဂျုံပို့တဲ့သင်္ဘောတွေ ဖျက်ပစ်တာ၊ ရေနံတင်သင်္ဘောတွေ ဖျက်ပစ်တာ၊ ရုရှားထိပ်တန်းအရာရှိကြီးတွေကို လုပ်ကြံ သတ်ဖြတ်သုတ်သင်နိုင်တာ၊ မောစကိုက တိုက်ခန်းတွေကို ဒရုံးနဲ့ ပစ်ခတ်နိုင်တာ၊ စိန့်ပီတာစပတ်မြို့ကို ဒရုံးနဲ့ ပစ်နိုင်တာတွေကနေ ပူတင်ကို ခြိမ်းခြောက်လာနိုင်ခဲ့ပြီး မော်စကိုမှာ နေသူတွေ သူတို့ မလုံခြုံသလို ခံစားလာရပြီး ပူတင်ရဲ့ ခေါင်းဆောင်မှုကို မေးခွန်းထုတ်လာစေပါတယ်။
ထို့အတူ အီရန်ရဲ့ သမားရိုးကျ မဟုတ်တဲ့ ဒရုံးနဲ့ ဟော်စမြူဇ် ရေလက်ကြား ထိန်းချုပ်မှုတွေက ရေနံစျေးတက်စေခဲ့သလို ထရမ့်ကို သူ့အတိုက်အခံတွေ ဝေဖန်ဖို့ အကွက်ဖွင့်ပေးခဲ့ပါတယ်။
အကျဉ်းချုပ်ရရင် အားလုံး ညီညွတ်ရင် စစ်နိုင်မှာပါ။ တိုင်းရင်းသားများလည်း စဉ်းစားပါ။ အားလုံး ညီညွတ်ဖို့ဟာ ဗမာတာဝန်သာမဟုတ်၊ NUG တာဝန်သာမဟုတ်ဘဲ အားလုံးရဲ့ တာဝန်ပါ။
နောက် စစ်ရေးမှာ အောင်နိုင်ဖို့ ဖိအားပေးနိုင်ဖို့က မော်စကိုကို ဝင်သိမ်းမှ ဝါရှင်တန်ကို ဝင်တိုက်နိုင်မှ မဟုတ်ဘဲ ရန်သူ့မြို့တွေ၊ အခြေခံ စီးပွားရေး၊ အရေးကြီး အဆောက်အအုံတွေ၊ လေဆိပ်၊ ရေဆိပ်၊ ဆက်သွယ်ရေး လမ်းကြောင်းတွေ၊ ရေ၊ မီး စတာတွေကို ဖြတ်တောက်နိုင်ရင်လည်း စစ်ရေးအရ၊ နိုင်ငံရေးအရ ဖိအားပေးနိုင်တယ်ဆိုတာ အီရန်နဲ့ ယူကရိန်းက ပြသနေပါတယ်။
ကုလကို ယုံနေရင်တော့ နေတိုးလို လက်နက်မရှိဘဲ နေတိုးစံနဲ့ တိုက်ရင် ဘီဘီစီလို ခွေးတွေ ဟောင်မှာကို ကြောက်နေရင်တော့ မလွယ်ပါ။ အားလုံး စဉ်းစားဆင်ခြင် သုံးသပ်နိုင်ကြပါစေ။ စစ်နိုင်ရင် အကြမ်းဖက်သမားဆိုပြီး ဖမ်းဝရမ်းထုတ်ခံရသူတောင် အမေရိကန်သမ္မတနဲ့ တွေ့ခွင့်ရသလို ပူတင်၊ ရှီနဲ့ ဥရောပကပါ အလုအယက် ဝိုင်း တွေ့ကြပါတယ်။ စစ်မနိုင်ရင်တော့ ကုလက ချီးကျူးလဲ ဘယ်သူနဲ့မှ မတွေ့ရနိုင်ပါ။ ဒါပါပဲ။ မှန်ကန်စွာ စဉ်းစားသုံးသပ် ဆုံးဖြတ်နိုင်ကြပါစေ။


Comments