အားကျအတုယူမိသော ဒီမိုကရေစီနှင့် မြန်မာ့တော်လှန်ရေး

အမေရိကန်မှာ ထရမ့်က မဲနိုင်ပြီး အာဏာရလာခဲ့တယ်။ ပထမအခေါက်မှာ မြန်မာအများစုက ဟီလာရီ ကလင်တန်ကို ထောက်ခံခဲ့မယ်ထင်ပါတယ်။ သတင်းမီဒီယာတွေ၊ လွှတ်တော်ဝါရင့်တွေ၊ နာမည်ကြီး လူရွှင်တော်တွေ၊ ဆယ်လီတွေကအစ ထရမ့်မနိုင်ဘူး၊ ထရမ့်ဟာ လူနောက်ဆိုပြီး ဝိုင်းပြောကြတယ်။ အိုဘားမားကဆိုရင် အိမ်ဖြူတော် သတင်းထောက်တွေအတွက် ညစာစားပွဲမှာ ထရမ့်ကို ပေါ်တင် လှောင်ပြောင်ခဲ့ပါတယ်။
ဒီလို ဆယ်လီတွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေက ထရမ့်ကို မဲမပေးဖို့၊ မထောက်ခံဖို့ ပြောတဲ့ကြားက ၂၀၁၆ မှာ သူမဲနိုင်သွားခဲ့ပါတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ သူတို့ပြည်သူတွေက ဆယ်လီယောင်တိုင်း ထမယောင်ဘဲ၊ အနုပညာရှင်ကပြောတိုင်း၊ ပညာရှင်ဆိုသူကပြောတိုင်း ထမလုပ်ဘဲ မဲပေးခဲ့လို့ ဒီမိုကရေစီက ရှင်သန်ဆဲဆိုတာကို ပြသခဲ့ပါတယ်။
ထရမ့်က ဒုတိယအခေါက် ၂၀၂၄ မှာ အရွေးမခံခင် ထရမ့်ကို အိမ်ပေါင်တာ ငွေကို ပိုပြလို့ဆိုပြီး နယူးယောက်မှာ တရားစွဲခဲ့သလို၊ မုဒိမ်းမှုဆန်ဆန် အမှုတွေနဲ့လည်း တရားစွဲပြီး ပြစ်မှုရှိကြောင်း၊ လူဆိုးဖြစ်ကြောင်း ဝိုင်းပြသကြပါတယ်။ ထို့အတူပဲ ထရမ့်ဟာ နိုင်ငံတော်လုံခြုံရေးအရ အရေးကြီးစာတမ်းတွေကို အိမ်မှာ ယူသွားတာ၊ ရွေးကောက်ပွဲအတွက် မဲလိမ်ခိုင်းတာ စတဲ့ ပြစ်မှုတွေနဲ့ တရားစွဲဖို့ အာဏာရပါတီက ကြိုးစားခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ သူနိုင်ရင် အာဏာရှင်ဖြစ်သွားမယ်၊ မုဒိမ်းကောင် စသည်ဖြင့် ဝိုင်းဖွဲ့ကြပါတယ်။ သူ့အသက်ကို လုပ်ကြံဖို့အထိ အကြိမ်ကြိမ် ကြိုးစားခဲ့ကြပြန်ပါတယ်။ ဆယ်လီတွေ၊ သတင်းသမားတွေကလည်း မုဒိမ်းကောင်၊ ရာဇဝတ်ကောင်အဖြစ် ပုံဖော်ခဲ့ကြပါတယ်။ ဒီကြားထဲကပဲ သူက ၂၀၂၄ ရွေးကောက်ပွဲမှာ နိုင်ခဲ့သလို သူ့ပါတီကလည်း လွှတ်တော်မှာ နိုင်ခဲ့ပါတယ်။ ဒါက ပြည်သူတွေက အနုပညာရှင်တွေ၊ ဆယ်လီတွေ၊ ပညာရှင်တွေ၊ သတင်းသမားတွေက ဘာပြောပြော ငါတို့ကြိုက်သူကို ပြတ်ပြတ်သားသား မဲပေးလိုက်တာပါ။
ဒါဆိုရင် ထရမ့်က ကြိုက်တာလုပ်လို့ရလား။ သူက ဟိုဌာနကလူကိုဖြုတ်တာ ဘာညာ စလုပ်ပါတယ်။ ဒါကို တရားရုံးချုပ်က အများစုကို ဝင်မစွက်ပေမယ့် ဗဟိုဘဏ်အဖွဲ့ဝင်ကို ဖြုတ်ဖို့ကြိုးစားရာမှာတော့ ပြစ်မှုရှိ မရှိပြဖို့ ပြန်ပြောခဲ့ပါတယ်။ ထရမ့်က ဆုံးဖြတ်ချက်ကို မကြိုက်သော်လည်း လိုက်နာခဲ့ရပါတယ်။ နောက် ထရမ့်ရဲ့ သွင်းကုန်အခွန်တိုးတာ၊ မွေးရာပါ နိုင်ငံသားဖြစ်ခွင့် ကန့်သတ်တာတွေကိုလည်း ထရမ့်ခန့်သူ အများစုပါတဲ့ တရားရုံးချုပ်က တရားမဝင်ဘူးလို့ အမိန့်ချခဲ့ပြီး ထရမ့်က မကြိုက်သော်လည်း လိုက်နာခဲ့ရပါတယ်။ ဒါက ဒီမိုကရေစီပါ။
ထရမ့်ဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ မဲရလာပေမယ့် အချို့ကိစ္စတွေမှာ သူ့အောက်က အလွန်အကျွံလုပ်လာချိန်မှာ အခြားနိုင်ငံဖွား နိုင်ငံသားတွေက ထရမ့်ပါတီကို မဲမပေးဘဲ ဒီမိုကရက်ပါတီကို မဲပေးသွားတာလည်း တွေ့ရပါတယ်။ ဒါက ပြည်သူတွေက သူတို့အတွက် ဆီစျေး၊ ဆန်စျေး၊ ကြက်ဥစျေးကြီးချိန်မှာ သူ့ကို မဲမပေးဘဲ ဆန္ဒပြလိုက်တာပါ။
ဒီနေရာမှာ စစ်တပ်အတွက်လည်း သင်ခန်းစာတွေရှိပါတယ်။ ထရမ့်ရဲ့ ကာကွယ်ရေးဝန်ကြီးက ဗိုလ်ချုပ်များစွာကို အလုပ်ဖြုတ်ခဲ့ပါတယ်။ အားလုံးက ဘယ် ဆိုရှယ်မီဒီယာမှာ အာမခံမပြောဘဲ အလုပ်က ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် အလုပ်ထုတ်ခံရတဲ့ အမျိုးသမီး Nancy Lacore က အောက်လွှတ်တော်မှာ ဝင်အရွေးခံပြီး အမတ်ဖြစ်လာခဲ့သလို လက်ရှိဝန်ကြီးက ပြုတ်မလို ပြန်ဖြစ်လာနေပါတယ်။
ဒီနေရာမှာ ထရမ့်ပါတီအတွက် သူဌေးအချို့က လှူခဲ့သလို အစ္စရေးလော်ဘီတွေက လှူတဲ့ကြားက ရှုံးသွားခဲ့တာပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ဆယ်လီတွေ၊ အနုပညာရှင်တွေ၊ သတင်းသမားတွေ၊ သူဌေးတွေ၊ ပညာရှင်တွေက ဘာပြောပြော ပြည်သူက မိမိတို့ စားဝတ်နေရေးထိလာရင် မဲနဲ့ ဆုံးဖြတ်သလို တပ်ထဲမှာလည်း အဖြုတ်ခံရရင်တောင် လိုင်းပေါ်တက်အာမခံမပြောဘဲ အမိန့်နာခံထွက်သွားပြီး ရွေးကောက်ပွဲကနေ အနိုင်ယူပြသွားတာတွေက ဒီမိုကရေစီရဲ့ စံတွေပါ။
တော်လှန်ရေး ဘယ်တော့နိုင်မလဲဆိုရင် ပြည်သူက မိမိစီးပွားရေးမပြေလည်တာကို မဲပေးမရရင် ဘယ်လောက်အထိ ပြန်ခံချမလဲ၊ တော်လှန်ရေးမှာ ဆယ်လီနောက်မလိုက်ဘဲ NUG အတွက် PRF ကတဆင့် ငွေဘယ်လောက် ပုံမှန်လှူမလဲ၊ ကုလအားမကိုးဘဲ မိမိအား ဘယ်လောက်ကိုးမလဲပေါ်မှာသာ မူတည်နေပါတယ်။ သတင်းသမားက ICJ အမိန့်၊ ICC အမိန့်တွေကတဆင့် မအလပြုတ်ဖို့ မျှော်နေရင်တော့ ကြာပါမယ်။ ဒါက NUG မဟုတ်ဘဲ ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ NUG ကတော့ သမ္မတကအစ NGO လို မလုပ်ဘဲ အစိုးရလိုလုပ်ရင် အဆင်ပြေမှာပါ။


Comments