top of page
Search

မအလက ဘာကြောင့်ရှုံးမှာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 1, 2023
  • 2 min read

မအလဘောမများက မအလတပ်မှာ အားကြီးတယ် ဝင်ငွေရှိတယ် ဒါ့အပြင် မြောက်ကိုရီးယား၊ ကျူးဘား၊ အီရန်၊ ဆီးရီးယားတို့ကလဲ စီးပွါးရေးပိတ်ဆို့တာ ခံနိုင်ခဲ့တယ် ဒါကြောင့် သူတို့နိုင်မယ်လို့ ပြောလေ့ရှိပါတယ်။

ပထမဆုံးက မြောက်ကိုရီးယားနဲ့ ကျူးဘားဟာ အယူဝါဒအပေါ်မူတည်ပြီး သူ့ပြည်သူတွေက ကြိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မြောက်ကိုရီးယားက သူ့မြေးအထိ သက်ဦးဆံပိုင် ကွန်မြူနစ်စနစ်လုပ်သွားခဲ့တာပါ။ ကျူးဘားပြည်သူက မူဝါဒအရအစိုးရကိုဖြုတ်ချခဲ့ပြီး ကာစရိုက ပြည်သူ့အားနဲ့ တက်ခဲ့တာပါ။ယခုအချိန်အထိ ကွန်မြူနစ်ဆက်လုပ်နေတာပါ။ ကျူးဘားမှာ ကျန်းမာရေးစနစ်ကောင်းတာကအစ သူ့အားသာချက်များစွာရှိနေဆဲပါ။ သူ့ပြည်သူက အတိုင်းအတာတစ်ခုအထိ ကြိုက်နေဆဲပါ။ အီရန်မှာဆိုရင် ရှားဘုရင်ကို ပြည်သူကမကြိုက်ဘဲ အယာတိုလာဘုန်းကြီးက ပြည်ပကနေပြန်လာချိန် ပြည်သူကကြိုရာကနေ တော်လှန်ရေးအရှိန်မြင့်ဖြစ်တာပါ။ နောက်ပိုင်းမှ ဘုန်းကြီးတွေက အာဏာကြိုက်ပြီးဆက်အုပ်ချုပ်နေတာပါ။ ရုရှားက ပူတင်တောင် သူ့လူကြိုက်ပြီး ရွေးကောက်တင်မြှောက်ရာက တက်လာခဲ့တာပါ။ အမေရိကန်က မကြိုက်တာက တစ်ပိုင်းပါ။ မအလဟာ မြောက်ကိုရီးယားကနေ အီရန်အထိ ကြိုက်တဲ့တိုင်းပြည်နဲ့ နှိုင်းယှဉ်ကြည့်ရင် သူ့မှာ မူဝါဒအခြေခံ ဘာအခြေခံမှ ကြိုက်သူမရှိပါ။ ဒါကြောင့် သူ့ကိုပြည်တွင်းမှာ ထောက်ခံသူက မြောက်ကိုရီးယား၊ အီရန်၊ ကျူးဘားလို ဘာမှမရှိပါ။ သူခိုးချင်းသာ ကြိုက်တာပါ။ နေဝင်းဟာ အာဏာသိမ်းခါစမှာ ဆိုရှယ်လစ်ဆိုပြီး ကွန်မြူနစ်အယူရှိသူကိုသိမ်းသွင်းနိုင်ခဲ့ပေမယ့် မအလမှာ ဘာမှနိုင်ငံရေးအခြေခံမရှိပါ။ ဘာသာရေးမှာလဲ သူ့ကိုထောက်ခံသူဂူဂူဟာ ဖောင်းသွားလို့ ထင်သလို မစည်းရုံးနိုင်ပါ။

နောက်သူ့ရဲ့ ဝင်ငွေလမ်းကို လေ့လာရအောင်။ အများစုက သဘာဝဓတ်ငွေ့ကဖြစ်ပြီး ဒုတိယကကျောက်ပါ။ အမေရိကန်က ထိုင်းကိုတကယ်ဖိအားပေးလို့ ထိုင်းက သဘာဝဓတ်ငွေ့ဝယ်တာရပ်ခဲ့ရင်အဲ့ဒီလမ်းကြောင်းပျက်သွားခဲ့ရင် သူ့ဝင်ငွေက ထိသွားနိုင်ပါတယ်။

ဒီနေရာမှာ သူ့ရဲ့ လက်နက်အင်အားကတော့ ကျန်နေနိုင်ပါတယ်။ မအလတပ်ဟာ ယခင်ထဲကလက်နက်အများစုကို ပြည်တွင်းမှာထုတ်နိုင်အောင် ပြင်ဆင်ထားလို့ ရေတိုမှာ သူ့လက်နက်စီးဆင်းမှုကိုပျက်အောင်လုပ်ရတာ ခက်နိုင်ပါတယ်။ ဒါပေမယ့် လက်နက်ထုတ်ရာမှာ ဌာနအချင်းချင်း အရန်ပစ္စည်းအတွက် မှီခိုရတာတွေရှိလို့ အဲ့ဒါကို ဒီမိုတွေက ဖြတ်တောက်လာနိုင်ရင် သူ့ရဲ့လက်နက်အားက နည်းလာမှာပါ။

နောက်ဆုံးက မအလတပ် လူအင်အားပါ။ လောလောဆယ်မှာ မအလတပ်ဟာ အချိန်ကြာလာတာနဲ့လူအင်အားနည်းလာနေပြီး ဒီမိုတပ်တွေက လူအင်အားများလာနေပါတယ်။ နောက်ပိုင်း လက်နက်အင်အားပိုများလာရင် အမေရိကန်ရဲ့ထောက်ပံ့မှု တရုတ်ရဲ့ထောက်ပံ့မှု ရလာခဲ့ရင် သူ့အင်အားက ပိုကြီးလာဖို့သာရှိပြီး အချိန်ကြာလာတာနဲ့အမျှ PDF ရဲ့ တိုက်ရည်ခိုက်ရည်ကလဲ  ပိုကောင်းလာမှာပါ။နောက်မအလဟာ ဖွတ်ကို အုပ်ကြီးအဖြစ် ပျူအဖြစ်သုံးလာရလို့ ဒီမိုတွေအတွက် ပစ်မှတ်ကလွယ်လာပါတယ်။ အမေရိကန်က PDF ကို စထောက်ပံ့လာရင် တရုတ်ကလဲ သူ့အကျိုးစီးပွါးအတွက် ထောက်ပံ့လာမှာပါ။ ဒီလက်နက်ကနေ မအလတပ်မှာ လူနည်းလာနေတာကို ပိုဖြစ်စေမှာပါ။ လူမရှိရင် အုပ်ကြီးလဲဖွတ် ပျူလဲဖွတ် ဖွတ်လဲဖွတ်မိုလို့ ပစ်မှတ်က မှားစရာမရှိတော့ပါ။ နောက်အချိန်ကြာလာတာနဲ့အမျှပြည်ပက မြန်မာတွေထောက်ပံ့ထားတဲ့ငွေတွေဟာလဲ လက်နက်အဖြစ်ပြောင်းလာမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့ PDF တပ်သားအများအပြားက လက်နက်ရလာမှာပါ။ ဒါကြောင့်အချိန်ကြာလာရင် PDF ကလူအား လက်နက်အင်အားပိုများလာမှာပါ။ PDF အင်အားများလာတာက မအလက ရွာတွေကိုမီးရှို့ရာကနေ အများစုက နာကြီးပြီး PDF ဖြစ်ကုန်ကြလို့ဖြစ်ပြီး မအလကို လက်စားချေလိုလို့ ဝင်လာကြတာလဲ ပါပါတယ်။ ယခင်က ဒီမိုအတွက်ကနေ ယခုအချိန်မှာ သူတို့တွေက မအလကို သွေးကြွေးဆပ်ဖို့PDF ဖြစ်လာပြီး သူတို့ဟာ မအလတပ်ထက် စစ်မြေပြင်မှာ သူတို့ယုံကြည်ရာကို အသက်ပေးတိုက်ဖို့အသင့်ဖြစ်နေသူတွေ ဖြစ်လာတာပါ။ စစ်ကိုင်းက တပ်ရင်းတစ်ခုမှာ တပ်သားတစ်ရာသာရှိရာကနေ မအလက အနီးကရွာတွေ မီးရှို့အပြီး ၃၀၀ ကျော်သွားခဲ့ပါတယ်။ အမျိုးသမီးတွေပါ ပါလာတာပါ။ ဒါကစာရေးသူ သေချာသိတဲ့ ဥပမာတစ်ခုထဲကို ပြောပြတာပါ။

နောက်မအလရဲ့အမှားက တိုင်းရင်းသားတွေကို သူ့ကိုကြောက်အောင်သွားတိုက်တာကနေ သူနဲ့အကွဲအပြဲ ပိုဖြစ်သွားတာပါ။ တော်လှန်ရေးအစပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အချို့က မအလကိုမကြိုက်သလို NLD ကထွက်လာတဲ့ NUG ကိုလဲ မယုံခဲ့ပါ။ မအလက ကချင်ကိုဗုံးကြဲ၊ ရခိုင်ကိုဗုံးကြဲ မီးရှို့၊ ကရင်ကို ဗုံးကြဲ၊ TNLA ကို ရူးချင်ယောင်ဆောင် ဝင်တိုက်အပြီးမှာ မအလနဲ့ တိုင်းရင်းသားအဖွဲ့ကြီးတွေကြား လမ်းကွဲသွားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ဒေးဗစ်ပေ့ထရက်စ်(General David Petraeus)ရေးတဲ့ “Counterinsurgency” စာအုပ်ထဲက တော်လှန်ရေးအဖွဲ့တွေ နိုင်စေမယ့် အချက်တွေအားလုံး ဒီမိုတွေလက်ထဲမှာရှိနေပြီးသောင်းကျန်းသူနှိမ်နင်းရေးမှာ ကျရှုံးမယ့်အချက်အားလုံးက မအလမှာ ရှိနေတာပါ။ ပထမကနိုင်ငံရေးအချက်ဖြစ်ပြီး ဒါကလဲ မအလမရှင်းနိုင်တဲ့အချက်ပါ။ လူသူကလဲ စာရေးသူတို့ဘက်မှာ အားသာနေပြီး အချိန်ကလဲ စာရေးသူတို့ဘက်မှာပါ။

အကျဉ်းချုပ်ရရင် မအလဘာလို့ရှုံးမှာလဲဆိုရင် နိုင်ငံရေးအရ မအလက ပြဿနာကိုမဖြေရှင်းလို့ ရှုံးမှာပါ။ သူ့မှာလေကြောင်းကသာ အားသာချက်ရှိပြီး လေကြောင်းက စစ်ပွဲအနိုင်အရှုံးကို ရေရှည်မှာ မဆုံးဖြတ်နိုင်ပါ။ စာရေးသူတို့ ပြည်သူတွေဆုံးဖြတ်ရမှာက ၁၉၈၈ ကလို အချိန်တိုအတွင်းအလျှော့ပေးပြီး သူတို့အုပ်ချုပ်တာကို နောက် ၂၅ နှစ်ခံမှာလား ဒါမှမဟုတ် ၅ နှစ်လောက်အပင်ပန်းခံပြီး ဒုတိယကမ္ဘာစစ်ကလို တိုင်းပြည်အပျက်ခံပြီး ဖက်ဆစ်နဲ့ နာဇီကို ခံချပြီး သူတို့စနစ်ကိုဖျက်ပြီး ဥရောပမှာလိုတစ်သက်လုံး လွတ်လပ်ရေးယူမှာလားဆိုတာပါ။ ဒီမေးခွန်းကို ဒုက္ခမျိုးစုံခံနေတဲ့ ပြည်သူအားလုံးကဖြေရမှာဖြစ်ပြီး အဲ့ဒီအဖြေက ဒုတိယကမ္ဘာစစ်က နာဇီနဲ့ ဖက်ဆစ်ကို ခံချခဲ့တဲ့ ပြည်သူတွေရဲ့ အဖြေလိုဆိုရင်တော့ စာရေးသူတို့အမြန်အောင်ပွဲရမှာ ဧကန်မုချပါ။ အချိန် အနှေး အမြန်ကို ဆုံးဖြတ်မှာကပြည်သူသာပါ။ မအလကျဆုံးမှလားဆိုရင် ဘာသီအိုရီနဲ့ကြည့်ကြည့် ကျရှုံးမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Maung Chit Khaing
Maung Chit Khaing
Jan 04, 2023

လေကြောင်းက စစ်ပွဲအနိုင်အရှုံးကို Vietnam war မှာ မဆုံးဖြတ်နိုင်ပါ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page