မျှော်လင့်ခြင်း အလင်းရောင်
- Myat Tun Oo
- Dec 20, 2020
- 1 min read
ယခုကိုဗစ်ရဲ့ ဒုတိယလှိုင်းဟာ ကြာရှည်လာပါပြီ။ ဒီလိုအချိန်မှာ ဆရာဝန်အချို့ကရော၊ စီးပွါးရေးသမားများကပါ အစိုးရကို အပြစ်တင်သလို လှောင်သလို ရေးလာတာ တွေ့ရပါတယ်။ ဒီနေရာမှာမြန်မာပြည်ထဲကို ဒုတိယလှိုင်းက နယ်စပ်မလုံလို့ အနောက်ဖက်က ဝင်ချလာတာပါ။ သူ့ပိုးကလဲ ပျံ့လွယ်ပါတယ်။ မြန်မာပြည်ဟာ နဂိုထဲက ဆင်းရဲသလို ကျန်းမာရေးမှာလဲ ၁၉၆၂ ထဲက ရင်းနှီးမြုပ်နှံမှုမရှိခဲ့လို့ ကမ္ဘာပေါ်မှာ အဆင့်နိမ့်ကျခဲ့ရတဲ့ တိုင်းပြည်ပါ။ ပညာရေးမှာလဲ မကောင်းခဲ့ပါ။ ၂၀၁၆ NLD အစိုးရတက်ချိန်မှာ ပြုပြင်ခဲ့ပေမယ့် အနှစ်လေးဆယ်ကျော် နေဝင်း၊ သန်းရွှေ၊ ခင်ညွန့်နဲ့ ဘစိန်တို့ ဖျက်ခဲ့တဲ့ တိုင်းပြည်ကို လေးနှစ်နဲ့ ပြန်တည်ဆောက်ဖို့ဟာ မဖြစ်နိုင်ပါ။ ဒါပေမယ့် NLD အစိုးရဟာ တတ်နိုင်သလောက်လုပ်ခဲ့ပါတယ်။
မြန်မာအစိုးရက ပိုးတွေ့လူနာအားလုံးကို ဆေးရုံမှာထားဖို့ မူဝါဒချခဲ့ပါတယ်။ ဒါကလဲ မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ စာရိုက်လက္ခဏာအရ လုပ်ရတာပါ။ ဒီလိုဆေးရုံတွေဟာ ပိုက်ဆံရှိတဲ့ တိုင်းပြည်တွေမှာတောင် ဆောက်ဖို့မလွယ်ခဲ့ပါ။ အဲ့ဒီလို ဆောက်ရာမှာလဲ အစိုးရဟာ တပ်ကိုမခေါ်ဘဲ ပြည်သူ့အားနဲ့ လုပ်ခဲ့ပါတယ်။ ရန်ကုန်မှာ ကွီးဖြိုးက ဦးဆောင်ပြီး သူဌေးအချို့၊ We Love Yangon ပါမောက္ခ ဆရာဇော်ဝေစိုး၊ ပါမောက္ခ ဒေါ်မြင့်မြင့်ငြိမ်းတို့နဲ့ ဆောက်လာခဲ့တာ ယခုဆိုရင် ရောဂါဖြစ်သမျှကို တင်ထားနိုင်ခဲ့သလို ရန်ကုန်မှာ ရောဂါဖြစ်တာဟာလဲ ကျလာခဲ့ပါပြီ။
ဒါပေမယ့် ယခု ဥရောပက ယူကေ၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီနဲ့ ရုရှား၊ ဩဇီ၊ မာလီနဲ့ တူရကီတို့မှာလဲ ပျံ့လွယ်တဲ့ ပိုးသစ်ဟာ ရောက်ရှိလာခဲ့ပြီး သူတို့တိုင်းပြည်တွေဟာလဲ ခရစ်စမတ်မှာတောင် Lockdown တွေလုပ်ဖို့ ပြင်နေတာ စလုပ်လာတာ တွေ့ရပါတယ်။
ယခုလို လုပ်ရတာဟာ စစ်တပ်ဟာ အစိုးရအောက်မှာရှိပြီး ချမ်းသာတဲ့ ကျန်းမာရေးစနစ်ကောင်းတဲ့ ဒီမိုစစ်စစ် နိုင်ငံတွေမှာတောင် ခက်နေတာကို တွေ့ရပါတယ်။ မြန်မာပြည်လို တိုင်းပြည်က ပိုခက်မှာပါ။အစိုးရက အတတ်နိုင်ဆုံး လုပ်နေပါတယ်။ ပြည်သူများက ကိုဗစ်ကို အစိုးရနဲ့ ပူးပေါင်းပြီး ကိုဗစ်ကိုတိုက်ပေးကြပါ။ ရွေးကောက်ပွဲမှာ မဲထွက်ပေးခဲ့လို့ ရခိုင်မှာ သေနတ်သံ တိတ်သွားခဲ့ပြီးပါပြီ။ ကိုဗစ်ရန်ကျော်နိုင်ရင် တိုင်းပြည်အဆင်ပြေသွားမှာပါ။ ဒုတိယ ကာကွယ်ဆေးကလဲ အတည်ပြုပြီးသွားလို့အလင်းရောင်တော့ မြင်နေရပါပြီ။ အစိုးရလဲ ဒီကြားကာလ ခရစ်စမတ်နဲ့ နှစ်ကူးမှာ လုပ်အားပေး၊စည်ပင်၊ ရဲအဖွဲ့များနဲ့ stay at home ကို အငိအားသုံးစစ်ဆေးပြီး လုပ်ဆောင်နိုင်ပါစေ။
News Source: 7 day news journal, BBC, VOA, France 24, guardian blog, CNN





















Comments