ဘယ်သူ့ကို ဆက်လှူရမှာလဲ
- Myat Tun Oo
- 2 hours ago
- 1 min read

ဒီမေးခွန်းကို စာဖတ်သူတစ်ယောက်ကမေးပါတယ်။ ဘာလို့မေးတာလဲဆိုတော့ သူက ဒီလိုဖြေပါတယ်။ ဆရာ အချို့ လိုင်းပေါ်က ဆယ်လီတွေ၊ မင်းသား မင်းသမီးအချို့က BPLA ကို လှူခိုင်းသလို လိုင်းပေါ်က သတင်းတွေ စုဖတ်ပြတဲ့ ဆယ်လီလေးကလဲ KNDF ကို လှူခိုင်းပြီး သတင်းစာဆရာကြီးတစ်ယောက်ကလဲ PLA ,BPLA အစရှိတဲ့ အဖွဲ့တွေကို လှူခိုင်းနေလို့ မေးတာပါလို့ ပြောပါတယ်။ ဒါတင်မဟုတ်ဘဲ အဆိုပါသူများက NUG ဝန်ကြီးအချို့နဲ့ပါ ဓာတ်ပုံတွဲရိုက်လို့ ကျွန်မလဲ ဇဝေဇဝါဖြစ်လာတာပါလို့ ပြောပါတယ်။ သူမက အမေစုထောက်ခံသူ၊ NLD ထောက်ခံသူဖြစ်ပြီ အကြီးအကျယ် NUG/NLD ကို လှူခဲ့သူ လှူနေသူပါ။
ဒီနေရာမှာ ဆရာမကို ဥပမာလေးတွေနဲ့ ပြောပြလိုက်ပါတယ်။ ပထမက ရှမ်းမြောက်ဥပမာပါ။ ရှမ်းမြောက်မှာ တိုင်းရင်းသားလက်နက်ကိုင်က သူတို့ဒေသလွတ်မြောက်တဲ့အခါ ဘာမှဆက်မတိုက်တော့တာ အားလုံးသတိထားမိမှာပါ။ သူတို့က မိမိပြောတာနားထောင်အောင် မိမိအဖွဲ့က အင်အားရှိမှ ဖြစ်မှာပါ။
ဒုတိယက နဂါးဥပမာပါ။ နဂါးကို သတင်းသမားတွေ၊ ဆယ်လီတွေ အလှူခံပေးလို့ လက်နက်အင်အား ကြီးလာပေမယ့် သူကဘယ်သူ့မှမတိုက်တာ ဆရာမသိမှာပါလို့ ထောက်ပြလိုက်ပါတယ်။ နဂါးဟာ အစပိုင်းမှာ NUG က လူကြီးအချို့ကိုတောင် စည်းရုံးနိုင်ခဲ့တာ မမေ့ပါနဲ့။ ဒါ ကြောင့် လူလိမ်ကို လူလိမ်မှန်းသိဖို့က နိုင်ငံရေးဝါ လိုနိုင်တယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။ ယခုနဂါးကလိမ်သွားတာတွေ ဘာမှပြန်မပေးဘဲ NUG ကိုတောင် ပြန်ဒုက္ခပေးနေတာ ဆရာမတွေ့မှာပါလို့ ထောက်ပြခဲ့ပါတယ်။
နောက်အဖွဲ့တွေအများကြီးနဲ့ မအလကိုတိုက်ရင် အဆင်ပြေမလား အောင်ပွဲရနိုင်မလားဆိုတာပါ။ အချို့က အစပိုင်းမှာ အဖွဲ့တွေက နိုင်ငံရေးအမြင်မတူလဲ စုတိုက်ရင် အဆင်ပြေတယ်ဆိုပြီး ရှမ်းမြောက်ကို ဥပမာပေးခဲ့ကြပါတယ်။ ရှမ်းမြောက်မှာ ကိုးကန့်က ရပ်ဆိုတဲ့အချိန်မှာ KNDF,BPLA, PLA တို့က ရပ်ပေးခဲ့ရတာ အားလုံးမှတ်မိနေမှာပါ။ မိုးကုတ်မှာ မန္တလေး PDFက NUG နဲ့ တွဲထားလို့သာ မိုးကုတ်မြို့ပေါ်က ဆုတ်ရတာနဲ့ပြီးသွားတာပါ။ သူက မြို့ပြင်မှာတော့ NUG ဦးဆောင်မှုနဲ့ ပြန်တိုက်နေနိုင်ပါသေးတယ်။
ဒါဆိုရင် အဖွဲ့တွေခွဲပြီး မအလကို ဝိုင်းတိုက်တာက အောင်မြင် နေလားဆိုတော့ ကရင်ပြည်နယ်ကို ဥပမာအနေနဲ့ကြည့်ရင် အားလုံး ထင်ထင်ရှားရှား သိမြင်နိုင်မှာပါ။ မိမိတိုက်လို့နိုင်တဲ့ မြဝတီကိုတောင် ခွေးနဲ့ပေါင်းတဲ့ ခွေးလက်နက်ကိုင်အဖွဲ့တွေရဲ့ သစ္စာဖောက်မှုကြောင့် ပြန်ပေးလိုက်ရတာ အားလုံးသိမှာပါ။ ဥပမာ ဇွဲကို လက်နက်ဆင်ပေးခဲ့သူတွေ သူက ဘယ်အဖွဲ့နဲ့ ပေါင်းသွားလဲ သတိထားမိမှာပါ။
အကျဉ်းချုပ်ကတော့ သင့်ပိုက်ဆံကို သင်လှူချင်သူထံ လှူပါ။ ဒီတော်လှန်ရေးဟာ မအလခေါင်းဆောင်တဲ့လက်နက်ကိုင်စစ်တပ်က ပြည်သူကရွေးကောက်တင်မြောက်တဲ့ NLD အစိုးရအမိန့်ကို မလိုက်နာ အာဏာသိမ်းလို့ ဒီတော်လှန်ရေးဖြစ်လာတယ်ဆိုတာ မမေ့ပါနဲ့။ အဆိုပါ ဆရာမပြောတဲ့အဖွဲ့တွေဟာ SRA ဆိုတဲ့ အဖွဲ့ကို ဖွဲ့ထားတယ်ဆိုတာ မမေ့ပါနဲ့။ ပြည်သူကိုပြောလိုတာက ပြည်သူတွေရဲ့ ချွေးနည်းစာကို NUG အောက်က PDF ကိုသာလှူပါလို့ ခဏခဏပြောဆို တိုက်တွန်းပါရစေ။ သင့်ငွေနဲ့ မအလလို ခွေးတပ်မျိုးကိုဘယ်ဆယ်လီက မဲဆွယ်လို့ ဘယ်သတင်းထောက်က မဲဆွယ်လို့ ထပ်မမွေးမိပါစေနဲ့။ သင့်ကြောင့်ပြည်သူတွေ လက်နက်ကိုင်များစွာနဲ့ ဒုက္ခမရောက်ပါစေနဲ့။ သင့်ရဲ့ NUG အောက်က ပြည်သူ့အစိုးရအမိန့်နာခံတဲ့ PDF အားကောင်းမှ ပကဖ အားကောင်းမှ တော်လှန်ရေးက နိုင်မှာပါ။