top of page
Search

နွေဦးတော်လှန်ရေး အောင်မြင်မလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 25, 2021
  • 2 min read

အချို့က နွေဦးတော်လှန်ရေးဟာ ၁၉၈၈ လို ပြီးသွားမှာလား လက်နက်ကိုင်တော်လှန်ရေးဟာလဲ မိုးသီးဇွန်တို့လို ပြီးသွားမှာလားဆိုပြီး စိုးရိမ်သူများရှိကြပါတယ်။ ဒါ့ကြောင့် လက်ရှိတော်လှန်ရေးဟာ အောင်နိုင်မှာလားဆိုတာ လေ့လာကြည့်ရအောင်။


တပ်မတော်အခြေအနေ

လက်ရှိတပ်မတော်ဟာ မအလလက်အောက်မှာ ပြည်သူရဲ့ အမုန်းခံရဆုံး အဖွဲ့အစည်းကနေအကြမ်းဖက်အဖွဲ့အစည်းကို ရောက်သွားခဲ့ပါပြီ။ ဒီ့ထက်ပိုအရေးကြီးတာက တိုက်ရည်ခိုက်ရည်ပါ။ယခုအချိန် ဗိုလ်မှူးကြီး ဗိုလ်မှူးချုပ်အများစုဟာ ၁၉၉၂ လောက်မှာ ဗိုလ်လောင်းသင်တန်းတက်ပြီးရာထူးတက်လာသူများပါ။ စစ်တပ်ကောင်းစားချိန် အချောင်ရမလားဆိုပြီး ဝင်လာသူက အများစုပါ။ဒါ့ကြောင့် စစ်ပွဲတွေဟာ ၁၉၈၈ က တပ်မတော်နဲ့မတူဘဲ တိုက်တိုင်းရှုံးနေတာကို ဝမ်းနည်းစွာ ဝင်ခံရမှာပါ။ ရခိုင်မှာ လေတပ်မပါရင် ရှုံးမှာ သေချာပါတယ်။ မနေ့က KIA က သူနဲ့ မျက်နှာချင်းဆိုင် ထိုင်ထားတဲ့ ဗျူဟာကုန်းကို ဝင်တိုက်တာ ပါသွားခဲ့ပါတယ်။ TNLA ကိုလဲ မတိုက်နိုင်ပါ။ ဘာလို့လဲဆိုတော့ စိတ်ဓတ်မခိုင်မာလို့ ယုံကြည်ချက်မရှိလို့ပါ။


နောက်အဓိကအရေးကြီးတာက ဒီပွဲမှာ မအလဟာ သိက္ခာသမာဓိရှိတဲ့ DASSK ကို လာဘ်စားတယ်ဆိုပြီး သူတော်ကောင်းကို ပြစ်မှားနေတာပါ။ မအလဟာ သူခိုင်းတာလုပ်တဲ့ မိုးမြင့်ထွန်းနဲ့ ရဲဝင်းဦးကိုအဓိကထားပြီး ဩဇာတည်ဆောက်ထားပေမယ့် သူနဲ့ သူ့မိသားစုဟာ လာဘ်စားပြီး အကျင့်ပျက်နေကြောင်း အားလုံးက သိပြီးသားပါ။ ၁၉၈၈ မှာ စောမောင်ရော ဘရွှေပါ အာဏာရခါစမှာ မချမ်းသာသေး နာမည်မပျက်သေးပါ။


တပ်ထဲမှာ လူအင်အားနည်းတာ ဖွဲ့စည်းပုံမပြည့်တာကတော့ လူတိုင်းသိပြီးသားပါ။ ပြည်သူတွေအားလုံး ရေရှည်ညှပ်တိုက်ရင် သူမခံနိုင်ပါ။


ဒီမိုအင်အားစုအခြေအနေ

ပြည်သူတွေဟာ ယခုအချိန်မှာ မအလကို မုန်းတာက နေဝင်းကို မုန်းတာထက် အဆ ထောင်သောင်းမက ပိုနေပါတယ်။ ဘာလို့လဲဆိုတော့ ၁၉၈၈ မှာ နေဝင်းမကြိုက်တာသာရှိပေမယ့် ကောင်းတဲ့ မေတ္တာထားတဲ့ အစိုးရအောက်မှာ မနေဘူးခဲ့လို့ပါ။ ဒီအချိန်မှာက မအလ ယုတ်မာတာကို ပြည်သူတွေက သိနေပြီး အမေစုရဲ့ အစိုးရက မေတ္တာနဲ့ အုပ်ချုပ်တာကိုလဲ ငါးနှစ်ခံခဲ့ဖူးလို့ မအလအုပ်ချုပ်မှုအောက်မှာ မနေချင်တာက အထူးပြောစရာမလိုပါ။


ယခုအချိန်မှာက ၁၉၈၈ ကလို အစိုးရရှာဖွဲ့စရာမလိုဘဲ လက်ရှိအစိုးရ ရှိနေပြီးသားပါ။ NLD ပါတီဟာလဲ ၁၉၉၀ ကထက် ပိုမိုခိုင်မာနေသလို CRPH မှာလဲ ပညာတတ် ရဲရဲတောက်တွေနဲ့ ဖွဲ့စည်းပြီး သူ့ရဲ့တရားဝင်မှုကလဲ အင်မတန်အားကောင်းနေတာ တွေ့ရပါတယ်။ ၁၉၉၀ မှာ NLD ထိပ်ပိုင်းဟာတပ်ထွက်များဖြစ်ပြီး ၂၀၂၁ NLD က CRPH ဦးဆောင်သူများဟာ ပညာတတ် ထက်မြက်သူများဖြစ်ပါတယ်။ ကိုမင်းကိုနိုင်၊ မဇင်မာအောင်၊ Dr Sasa၊ ဒေါက်တာဇော်ဝေစိုး၊ ဆရာဝင်မြတ်အေးတို့ဟာအင်မတန် ထက်မြက်ထူးချွန်တဲ့ ပညာတတ်များပါ။


နောက်ပြီးတော့ ယခင်ကလို လက်နက်ကိုင်တော်လှန်ရေးကို ကောက်ရိုးမီးမဟုတ်ဘဲ စနစ်တကျ လုက်ဆောင်နေတာဟာ အင်မတန်ကောင်းပါတယ်။ Dr Sasa၊ Dr ဇော်ဝေစိုးတို့ဟာ ကိုမိုးသီးဇွန်တို့ထက်အတွေ့အကြုံ၊ နိုင်ငံခြားအဆက်အသွယ် ၁၉၈၈ ကထက် ပိုရှိကြပါတယ်။


နောက်မြန်မာကိုယ်စားလှယ်ဟာ CRPH ကို ကိုယ်စားပြုပြီး ကုလမှာ ရှိနေပါတယ်။ ဒီနေ့ လူ့အခွင့်အရေးညီလာခံမှာ တရုတ်နဲ့ ရုရှားကတောင် မြန်မာဘက်က မကန့်ကွက်ပေးတာဟာ တိုက်ဆိုင်တာမဟုတ်ပါ။

ဒါတွေထက် အရေးကြီးတာ ဘာ့ကြောင့် နွေဦးတော်လှန်ရေး အောင်မြင်မလဲလို့ ယုံကြည်တာက ပြည်သူတွေကြောင့်ပါ။ စာရေးသူနဲ့ အသိုင်းအဝိုင်းမှာဆိုရင် မိန်းမက CDM လုပ် ဆေးရုံမသွားဘဲ သူတာဝန်ကျတဲ့နေရာကနေတောင် အပြီးအပိုင်ပြန်လာခဲ့ပါတယ်။ သူက နင်အလုပ်ပြုတ်လဲ မတတ်နိုင်ဘူး ငါကCDM ဆိုပြီးလုပ်ပါတယ်။ ထို့အတူဘဲ ယခင်က စီးပွါးရေးသာ စိတ်ဝင်စားသူအမျိုးများဟာလဲ ဒီမိုတွေက ဆိုင်ပိတ်ဆို လိုက်ပိတ်ပါတယ်။ Game ဆော့နေတဲ့ တူလေးတွေဟာလဲ ဂိမ်းချပြီး ဆန္ဒထွက်ပြနေတာ တွေ့ရတာဟာ ပြည်သူက မအလကို ဘယ်လောက်မုန်းနေသလဲဆိုတာ ပြတာပါ။ ဆယ်တန်းကျောင်းသားတူတွေ လမ်းပေါ်ထွက်လိမ့်မယ်လို့ စာရေးသူ ဘယ်တုန်းကမှ မထင်ထားခဲ့ပါ။


ဒီနေ့လဲ မနေ့က silent strike ကနေ ရန်ကုန်၊ မန္တလေး၊ ယင်းမာပင် အကုန်ပြန်ထွက်လာတာ တွေ့ရတာဟာ သူတို့ရဲ့ အခက်အခဲကြားက မအလကို ဖယ်ရှားဖို့ ဘယ်လောက်ဆုံးဖြတ်ချက်ခိုင်မာသလဲဆိုတာကို ပြနေတာပါ။ မတ် ၂၇ ကနေ ဧပြီ ၄ ရက်အတွင်း ပြည်သူတွေက ဘာလုပ်မလဲဆိုတာက တိုင်းပြည်ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ မတ် ၂၇ ရက်မှာ ပြည်သူတွေက အလုံးအရင်းနဲ့ထွက်လို့ ပစ်လို့သေရင် ဧပြီ ၄ ရက်အထိ ပြည်သူက ဆက်လုပ်နေရင် စစ်ရေးလေ့ကျင့်တာကနေ မတော်တဆ ကျည်ဆန်တွေဟာ မြန်မာပြည်ထဲ ရောက်လာနိုင်ပါတယ်။ မအလက တော်လှန်ရေးနဲ့ကို ဆက်လုပ်မယ်ဆိုပေမယ့်စစ်ရေးပြပွဲမှာ ချီတက်တဲ့ တပ်တွေဟာ သေနတ်သာရှိပြီး အထဲမှာ ကျည်ဆန်မထည့်ထားပါ။ ဒါ့ကြောင့် မတော်တဆ ဒုံးကျည်ကျခဲ့ရင် အများကြီး သေနိုင်ပါတယ်။ သူကလဲ လေကြောင်းရန် ကာကွယ်ရေးကို ပြင်ဆင်ထားပေမယ့် တကယ်မောင်းသူမဲ့လေယဉ် ဝင်လာခဲ့ရင် ဘာမှ မတတ်နိုင်ပါ။


ကလေးမွေးတာတောင် ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခ၊ ညှစ်ရတဲ့ဒုက္ခ ရှိပါတယ်။ ပြည်သူညီရင် အောင်မှာပါ။ အခက်အခဲတွေကတော့ရှိမှာပါ။ CRPH က DASSK ပြောသလို ပြည်သူနှင့်အတူ အခက်အခဲတွေကို ကျော်လွှားမှာပါ။ နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။

စာရေးသူကတော့ ဒီနွေဦးအရေးတော်ပုံဟာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အရေးတော်ပုံ အောင်ရမည်။

 
 
 

1 Comment


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Mar 25, 2021

ပြည်သူတယောက်အနေနဲ့လည်းယုံကြည်ပါတယ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page