ဆရာဇော်ဝေစိုးအား လူရွေးမှန်ခဲ့ခြင်း
- Myat Tun Oo
- 5 minutes ago
- 1 min read

ဆရာဇော့်အကြောင်းကို စုံစမ်းဖို့ဖြစ်လာတာက ကိုဗစ်မှာပါ။ အမေစုကောင်းတဲ့အချက်က တိုင်း/ပြည်နယ်ဝကခတွေကို အတိုင်းအတာတစ်ခုအထိ လုပ်ပိုင်ခွင့်ပေးတာပါ။ ဗဟိုက သိပ်ပြီး မချုပ်ကိုင်ထားပါ။
အားလုံးသိတဲ့အတိုင်း ကိုဗစ်ဖြစ်ချိန်မှာ ပြည်နယ်တိုင်း ကျန်းမာရေးဦးစီးမှူးတွေက တိုင်း/ပြည်နယ် ဝကခတွေနဲ့ တွဲဖက်လုပ်ရပါတယ်။ ကွီးဖြိုးကလဲ တွဲလုပ်ရပါတယ်။ ဒါဝန်ကြီးကပြောလိုက်နဲ့ ထိန်းရခက်လာတာတွေ့ရပါတယ်။ ဒါနဲ့ ဒါတွေအားလုံးကို ဘယ်လိုထိန်းမလဲ စဉ်းစားရပါတယ်။ အမေစုက မိန့်ခွန်းပြောပေမယ့် ရန်ကုန်က ပိုအရေးကြီးတော့ အားလုံးလေးစား၊ ဗမာစကားပြောကောင်းတဲ့ ဆရာဝန်လိုလာပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံရေးသမားရယ်၊ ပညာရှင်ရယ် ရန်ကုန်မှာ ပြောကြမယ် ပညာရှင်ကို ဦးဆောင်ခိုင်းမယ်ပေါ့။
ပထမက လက်ရှိ ကျန်းမာရေးဝန်ကြီး ထိုအချိန်က အတွင်းဝန် သက်ခိုင်ဝင်းပါ။ သူ့ကို နောက်ကြောင်းလိုက်ပြီး သူကဆေးပညာပါမောက္ခမိုလို့ ဒီကိစ္စနဲ့ သင့်လျှော်ပေမယ့် မအလနဲ့ အဆက်အသွယ်ရှိတာ မအလထံ သတင်းအချင်အလက်တွေ ပေးပို့တာကြောင့် မခန့်အပ်ဖို့ တင်ပြခဲ့ပါတယ်။ ဒုတိယက ကလေးဆရာဝန် ကျိုးကြာတောင်ပံခတ်သံနဲ့ နာမည်ကြီးတဲ့ ပါမောက္ခရဲမြင့်ကျော်ပါ။ သူက စစ်ဆရာဝန်ဘဝကလာပြီး အောင်လင်းဒွေးနဲ့ သူ့ညီမ စုစုဒွေးနဲ့ ရင်းနှီးလို့ မယုံရလို့ တင်ပြပြီး ပယ်ချခဲ့ပါတယ်။ အရေးကြီးတာက စစ်တပ်က ဩဇာပေးနိုင်တာကို သိလို့ပါ။ သူလဲ vetting process မအောင်ခဲ့ပါ။ တတိယက တပ်က မိုးညိုပါ။ သူက V ကိစ္စနဲ့ နာမည်ကြီးပေမယ့် စစ်တပ်လူဆိုတာ နဂိုထဲကသိလို့ အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။ ဒါတင်မဟုတ်ဘဲ သူကွီးဖြိုးမုန်းသူဖြစ်လို့ အလုပ်တွဲလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ တင်ပြခဲ့ပါတယ်။ ဒါထက်အရေးကြီးတာက သူက ပြည်သူ့ကျန်းမာရေး(public health) က လာပေမယ့် ဘာမှ အသုံးမကျ၊ ဘာအလုပ်မှ အောင်မြင်အောင် မလုပ်ဖူးကြောင်း လေ့လာတွေ့ရှိရလို့ ကိုဗစ်လိုအရေးကြီးချိန်မှာ အသုံးမကျ၊ စိတ်မချရ၊ တပ်သူလျှို၊ မိမိကို နိုင်ငံရေးအရ အထင်မကြီးသူကို မသုံးသင့်ကြောင်း တင်ပြခဲ့ပါတယ်။ အခြားဆေးပညာပါမောက္ခအချို့ဟာလဲ စစ်တပ်ကလာလို့ ပယ်ချခဲ့ပါတယ်။
ဒီအချိန်မှာ ဆေးကျောင်းက ဆရာဇော်ဝေစိုးနဲ့ ဆရာမ ဒေါ်မြင့်မြင့်ငြိမ်းသာ ကျန်ပါတော့တယ်။ ဆရာကြီးကို အချို့က ဘရွှေသားတွေနဲ့သိလို့ ဘရွှေအိမ် အဝင်အထွက်ရှိလို့ မခန့်သင့်ကြောင်း သတင်းပို့တဲ့ အခြားပါမောက္ခတွေရှိခဲ့ပါတယ်။ အသေးစိတ်စုံစမ်းရာမှာ ဆရာကြီးဟာ သူတို့ကို ဩဇာငြောင်းတာ၊ အရေးကြီးတာက မအလနဲ့ ပတ်သက်မှုမရှိတာတွေကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ နောက်သတင်းတစ်ခုက ဆရာကြီးဟာ မအလသားကို ဆေးကျောင်းက ထုတ်တာလို့ သိပြီး ပိုထောက်ခံမိတာပါ။
သူ့လက်ထောက် ပါမောက္ခမြင့်မြင့်ငြိမ်းကိုလဲ သက်ခိုင်ဝင်းနဲ့သိလို့ မိဘက စစ်ဘက်ဘာညာဆိုပြီး ကန့်ကွက်သူရှိပေမယ့် သူမဟာ ၈၈ ထဲက ဒီမိုကိုထောက်ခံခဲ့တာ မအလနဲ့ ကင်းရှင်းတာတွေ တွေ့ရှိခဲ့ပါတယ်။
ဒီလိုနဲ့ ဆရာကြီးက ကိုဗစ်တိုက်ဖျက်ရေးမှာ အဓိကပါလာခဲ့ပြီး တိုင်းပြည်ကောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဆရာကြီးနဲ့ ဆရာမကြီးတို့ဟာ ညအချိန်အထိ ကိုဗစ်လူနာတွေအတွက် ဆေးရုံကုတင်ရဖို့၊ ဆေးဝါး ပစ္စည်းရရှိဖို့တွေကို ကွီးဖြိုးနဲ့ လက်တွဲလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဆရာကြီးရဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ သူ့ကို ပိုပြီးနေရာပေးဖို့ ကွီးဖြိုးကိုတိူက်တွန်းခဲ့ပါတယ်။ ကိုဗစ်မှာ ဆရာကြီးက လူတွေအများကြီးကို ကယ်တင်နိုင်ခဲ့ပါတယ်။
ဆရာနဲ့ ဆရာမကြီး ပူးပေါင်းခဲ့တာကတော့ သူတို့ဟာ ကွီးဖြိုးကိုသိတာထက် အမေစုကို လေးစားချစ်ခင်လို့ပါ။ အမေစုကျေးဇူးပါ။
ဒါက စာရေးသူပါဝင်ခဲ့တဲ့ စာရေးသူသိတဲ့ ဆရာကြီးဇော်ဝေစိုးနဲ့ ဆရာမ မြင့်မြင့်ငြိမ်းတို့ပါ။ သူတို့ဟာ စာရေးသူ လူကဲခတ်မှန်ကြောင်း၊ သတင်းအချက်အလက်မှန်ကြောင်း အမြဲပြနေတဲ့ သက်ရှိသက်သေတွေပါ။ ဆရာ၊ ဆရာမတို့က ကိုဗစ်မှာ လူ့အသက်ပေါင်းများစွာ ကယ်တင်ခဲ့သလို ယခုလဲ တော်လှန်ရေးအသက်ကို ကယ်တင်နေလို့ ကျေးဇူးပါ။ တော်လှန်ရေးက နိုင်ငံရေးမိုလို့ ကိုဗစ်ထက် ပိုခက် ပိုရှည်မှာပါ။ ဆရာ၊ ဆရာမတို့ရှိလို့ ဒီတော်လှန်ရေးက အောင်ကို အောင်မှာပါ။



Comments