top of page
Search
  • Writer's pictureMyat Tun Oo

စည်းလုံးခြင်း၏ ဗျူဟာမြောက်မှု


ယခုတိုက်ပွဲတွေက စိပ်လာသလို မအလတပ်ကလဲအသေများလာနေပါတယ်။ မြစ်ကြီးနားရုံးဖောက်လိုက်တာက စစ်ရေးအရ အချက်အခြာကျပြီး စာရေးသူရေးလေ့ရှိတဲ့ CCTV ထိန်းချုပ်တဲ့စခန်း ပျက်သွားခဲ့ပါတယ်။ ဒါကြောင့် ယခင်ကလို လုံခြုံရေးကို CCTV ကနေ ယူလို့မရတော့ပါ။ ရဟတ်ယာဉ်တွေက ခဏတာပျံပြရင် လူရှိန်ပေမယ့် အကြာကြီးပျံနေရရင် ပိုက်ဆံကုန်ပါတယ်။ ရဟတ်ယာဉ်ဟာ ဆီကုန်ရင်တော့မြေပြင်ကို ပြန်ဆင်းရတာပါဘဲ။

ဒီနေ့တိုက်တိုက်ဆိုင်ဆိုင် သတင်းထဲမှာ ရုရှားက ယူကရိန်းနိုင်ငံရဲ့ မြို့တော်ကီးရက်ကို ဒီနေ့လေကြောင်းက ထပ်တိုက်လို့ ရေပေးဝေမှုစနစ်နဲ့ လျှပ်စစ်ဓာတ်အားပေးစနစ်ကို ပစ်ခတ်ခဲ့လို့၈၀% ကျော် ရေမရှိ လျှပ်စစ်မရှိဆိုတာလဲ တွေ့လိုက် ကြားလိုက်ရပါတယ်။ ရုရှားလို အင်အားကြီးတိုင်းပြည်တောင် စစ်တပ်ချင်းမနိုင်လို့ သူ့ရန်သူထိန်းထားတဲ့မြို့တွေကို နေမရအောင်လုပ်နေတာတွေ့ရပါတယ်။ ဒါက စာရေးသူတို့လို တူမီးသမားတွေအတွက် သင်ခန်းစာယူစရာပါ။ အမေရိကန်လဲ အီရတ်ကိုမဝင်ခင် သူ့ရဲ့ အခြေခံအဆောက်အအုံကို ပစ်ခဲ့တာပါဘဲ။ ဒါကအမေရိကန်၊ ရုရှား ဘက်လိုက်တာမဟုတ်ဘဲ လက်တွေ့ကျတဲ့ စစ်ရေးဆောင်ရွက်ချက်ကိုထောက်ပြတာပါ။ ရုရှားကတိုက်ရင် အမေရိကန်က စစ်ရာဇဝတ်မှုလို့ ပြောမှာဖြစ်သလို အမေရိကန်တိုက်ချိန်ကလဲ ရုရှားကပြောခဲ့ပါတယ်။

ယခုက တိုင်းစစ်ဌာနချုပ်တွေမှာ လေယာဉ်မရှိပေမယ့် ရဟတ်ယာဉ်အုပ်တွေ ရှိပါတယ်။လေယာဉ်ကတော့ သူအထိုင်ချရာကနေသာ ပျံရတာပါ။ ဒီနေရာမှာ လူညီဖို့က အင်မတန်အရေးကြီးပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ တနင်္သာရီ၊ စစ်ကိုင်း၊ မကွေးညီညွတ်ရင် ရဟတ်ယာဉ်ဟာ ရူးသွားမှာပါ။ တွေးကြည့်ပါ။ စစ်ကိုင်းမှာသာ အဖွဲ့အားလုံး ညီညွတ်လို့ယင်းမာပင်၊ ပုလဲ၊ ပေါက်၊ ဂန့်ဂေါ၊ ဆားလင်းကြီး၊ ကနီ၊ ဘုတလင်၊ ခင်ဦး၊ ထီးလင်း၊ မုံရွာ၊မင်းတပ်၊ ကျောက်ထု၊ ပလက်ဝ၊ ကလေးဝမှာ တစ်ပြိုက်နက်ထဲဝင်တိုက်ကြည့်ပါ။ စစ်ကိုင်းနဲ့သူ့နယ်စပ်က မြို့တွေအတွက် အနည်းဆုံး ရဟတ်ယာဉ် ၁၄ စီး တစ်ပြိုင်နက်ထဲလိုပါမယ်။ဒါက ရခိုင်၊ ကချင်ကမြို့ငယ်တွေ၊ ကယား၊ ကရင်၊ ချင်း၊ မွန်က မြို့တွေကို မရေးပြသေးပါ။မအလထံမှာ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂၅ စီးထက် မပိုတာက သေချာပါတယ်။ အခြားရဟတ်ယာဉ်က လူသယ်တာပါ။ လေကြောင်းက ပစ်ကူမပေးနိုင်ရင် စခန်းကျပါမယ်။ တိုက်ရာမှာ တစ်ချိန်ထဲ တစ်နာရီထဲ ဝင်တိုက်ရမှာပါ။

နောက်ရုရှားနဲ့ ယူကရိန်းစစ်ကနေ စာရေးသူတို့ စဉ်းစားရမှာက ရန်သူအုပ်စိုးထားတဲ့နေပြည်တော်၊ ရန်ကုန်၊ မန္တလေးကို ဒီအတိုင်းထားမှာလား ရုရှားစစ်ဆင်ရေးလုပ်သလို လုပ်ကြမှာလား စဉ်းစားဖို့ပါ။ ကော့ကရိတ်မှာလုပ်သလိုမျိုး မြို့တိုင်းကိုလုပ်နိုင်ရင် ဒီပွဲက နိုင်မှာပါ။ စာရေးသူတို့မှာ လူအင်အားက ရှိပြီးသားပါ။ လက်နက်အင်အားကတော့ လိုပါသေးတယ်။ ဒါကလဲ ပြည့်စုံလာမှာပါ။ စစ်ဆင်ရေးဆွဲတာတွေ ကျန်ပါသေးတယ်။ ယခုရေးပြတာက သာမန်လူနားလည်အောင် မျက်စိထဲမြင်အောင်သာ အလွယ်ရေးပြတာပါ။

အဓိကလိုနေတာက ဘာလဲဆိုတော့ အဖွဲ့အားလုံးစည်းလုံးပြီး အမိန့်နာခံဖို့ပါ။ ဒါက လိုင်းပေါ်မှာရေးပြရတာ လွယ်ပေမယ့် ဗမာ့ထုံးစံအရ အဖွဲ့ပေါင်းစုံကွဲတတ်လို့ ခက်ပါတယ်။ ပထမဆုံးက ဗမာဒေသက LDF/PDF တွေအားလုံး NUG အောက်အမိန့်နာခံဖို့ပါ။ ဒီအပေါ်မူတည်ပြီးမှNUG က စစ်ဆင်ရေးဗျူဟာကို ချလာနိုင်မှာပါ။ NUG ရဲ့ PDF ကိစ္စပြီးရင် ကချင်၊ ရခိုင်၊ ကယား၊ ချင်း၊ ကရင်၊ TNLA၊ ကိုးကန့်အဖွဲ့တို့ စကားပြောပြီး တစ်ချိန်ထဲ ဘယ်လိုတိုက်မလဲဘယ်နေရာတွေကိုတိုက်မလဲ ညှိသင့်ပါတယ်။ ဒီနေရာမှာ စာရေးသူအနေနဲ့ မဖြစ်နိုင်သေးတဲ့ဖယ်ဒရယ်တပ်ဘာညာ ကြီးကြီးကျယ်ကျယ် မပြောလိုဘဲ ယခုတိုက်နေတာတွေကို ဗျူဟာအရ ညှိတိုက်ဖို့ပါ။ ကော့ကရိတ်၊ မြဝတီ၊ ဗန်းမော်၊ လားရှိုး၊ မြစ်ကြီးနား၊ မြောက်ဦး၊ မင်းပြားလောက် တစ်ရက်ထဲ တိုက်ပွဲဖော်နိုင်ရင်တောင် အကျိုးများမှာပါ။ UWSA အနေနဲ့လဲတိုက်ရိုက်ဝင်မပါရင်တောင် PDF နဲ့ အခြားတိုင်းရင်းသားတွေကို ယခုထက်ပိုထောက်ပံ့ဖို့နည်းလမ်းရှာသင့်ပါတယ်။ ရန်သူဟာ အခြားလူများနဲ့ အလုပ်များနေရင် သင့်ထံလာတိုက်ဖို့ မဖြစ်နိုင်တော့ပါ။ ယခုရေးပြတာက NLD အာဏာရဖို့၊ NUG အာဏာရဖို့၊ ဗမာတွေလွတ်မြောက်ဖို့မဟုတ်ဘဲ ယခုလဲ တိုင်းရင်းသားတွေ မအလတပ်နဲ့ တိုက်နေတာကိုအချင်းချင်း ဟန်ချက်ညီညီ တိုက်နိုင်အောင် စုပေါင်းပြီး စစ်ရေးမဟာဗျူဟာ ချနိုင်အောင်ပါ။ မအလအကြောက်ဆုံးက သူ့ရန်သူတွေ စည်းလုံးသွားမှာကိုပါ။ အားလုံးစည်းလုံးစွာနဲ့ရန်သူကို အမြစ်ပြတ် ချေမှုန်းနိုင်ပါစေ။

323 views0 comments

Recent Posts

See All

လူမျိုးရေးမပါစေနဲ့

စစ်အကြောင်းပြောရာမှာ  လူမျိုးရေး မပါစေပါနဲ့ ဗမာမှာ မအလလို စစ်ခွေးရှိသလို ခွေးဖြစ်လိုတဲ့ပျူရွာတွေ၊ အာဏာကိုအချောင်လိုချင်တဲ့ တတိယအုပ်စုတွေရှိပါတယ် ရှမ်းနီတပ်ဆိုတာ မအလဘောမ ပအို့မှာလဲ ပျူတွေရှိသလို ရှမ်းမ

bottom of page