top of page
Search
Writer's pictureMyat Tun Oo

အမေစုဘယ်မှာလဲ?


ဘီဘီစီမြန်မာပိုင်းက  အမေစုနေရာကို ထောင်ပြင်ထုတ်တယ်ပြောလိုက် ယခုပြောင်းတယ်ပြောလိုက်နဲ့ ခဏခဏ ပြင်ပြောနေရတာကို အားလုံးသတိထားမိမှာပါ။ ဒါဆို ‌DASSK ကို ဘယ်မှာထားသလဲ? ဒီကိစ္စကို စာရေးသူ ပထမအခေါက် ဘီဘီစီသတင်းမှာ ပါကထဲက အနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။ ဘယ်လိုစောင့်ကြည့်တယ်ဆိုတာတော့ အသေးစိတ်ကို လုံခြုံရေးအရ မပြောလိုပါ။ ဒီနေရာမှာ ဘာကြောင့်ဒီလိုသတင်းထွက်ရလဲဆိုတာကို ပြောပြလိုပါတယ်။

ပြည်သူအများစုက မြောက်ပိုင်းသုံးဖွဲ့ကို တရုတ်ကဖိအားပေးတာကို သတင်းတွေမှာ ကြားဖူးမှာပါ။ ထို့အတူပါဘဲ တရုတ်ဟာ မအလကိုလဲ ဖိအားတွေပေးနေခဲ့ပါတယ်။ ယခင်က တရုတ်ကိုယ်စားလှယ်လာရင် ကျားဖြန့်ကိစ္စနဲ့ DASSK ကို တွေ့ခွင့်တောင်းတာက ပုံမှန်လိုပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မအလနိုင်ငံခြားရေးဝန်ကြီးတွေ့ချိန်မှာလဲ တောင်းဆိုမှုတိုင်းမှာ မြန်မာ့အရေးကို တွေ့ဆုံဆွေနွေးအဖြေရှာဖို့ DASSK နဲ့ တွေ့ဆုံဖို့ သူတို့ကလဲ တွေ့လိုကြောင်း ပြော‌လေ့ရှိပါတယ်။ ဒါက မအလကို အင်မတန်ဒေါသထွက်စေပါတယ်။ ရှမ်းမြောက်ကိစ္စဖြစ်အပြီးမှာ မအလဟာ တရုတ်ကို အပိုးကျိုးလာတာကို အောက်ခြေမှာ ကျားဖြန့်ကိစ္စ ညွှန်ကြားတာတွေက သိသာစေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ယခု ရာပြည့်နဲ့တွေ့ချိန်မှာလဲ ဒါကိုထပ်ပြောခဲ့တယ်ဆိုတာ သိရပါတယ်။ ရာပြည့်နဲ့တွေ့သူဟာ တရုတ်လုံခြုံရေးကို ကိုင်သူပါ။ ဒါကြောင့် မအလကို DASSK နဲ့တွေ့ဖို့ တရုတ်ကိုယ်စားလှယ်က တွေ့ဖို့ကြိုးစားတာတွေဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရုတ်ပြည်ထဲရေးဝန်ကြီးဌာနတွေရဲ့ မူဝါဒမဟုတ်ဘဲ သူတို့အထက်ကလာတယ်ဆိုတာ ထင်ရှားပါတယ်။ တရုတ်ပြည်ဟာ ဒီမိုကရေစီနိုင်ငံမဟုတ်လို့ အထက်ကမခိုင်းရင် သူတို့ဖာသာ မူဝါဒလုပ်ဖို့ မဖြစ်နိုင်ပါ။ တရုတ်မူဝါဒဟာ မြန်မာပြည်ကောင်းစားရေးအပေါ်အခြေမခံနိုင်ပေမယ့် သူ့အကျိုးစီးပွါးအပေါ် အခြေခံတာကတော့ ထင်ရှားပါတယ်။ မြန်မာပြည် ကျရှုံးနိုင်ငံဖြစ်ရင် အနီးကပ်ဆုံးခံရမှာက သူဖြစ်နေလို့ပါ။

တချိန်ထဲမှာ အမေရိကန်ဟာ NUG နဲ့ တွေ့လေ့ရှိပေမယ့် DASSK ကို လွှတ်ပေးဖို့ တောင်းဆိုတာက ဘာမှမရှိသလောက်ပါ။ သူကရိုဟင်ဂါအရေးတောင်းဆိုတာက ပိုမြန်ပြီး အကြိမ်ရေ ပိုများပါတယ်။ သူနဲ့မအလက တိုက်ရိုက်မတွေ့လို့ မတောင်းဆိုတာလဲ ဖြစ်နိုင်ပါတယ်။ နောက် သူမဲရဖို့ အကျိုးစီးပွါးအပေါ်မှာလဲ အခြေခံပါတယ်။ တရုတ်က သူ့နိုင်ငံအကျိုးစီးပွါး အမေရိကန်လက်ရှိအစိုးရက မဲရဖို့ အကျိုးစီးပွါးပါ။ သူက ဂါဇာကိစ္စနဲ့ လက်ဝဲမဲ အရနည်းနေလို့ပါ။

ရာပြည့်မတိုင်ခင် လာအိုက အာဆီယံကိုယ်စားလှယ်လာချိန်မှာလဲ DASSK နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ယခုရောက်လာတော့လဲ ထပ်တောင်းဆိုပါတယ်။ ပေးမတွေ့ခဲ့ပါ။ အပြင်မှာ မအလကို လာတွေ့သလိုလုပ်ပြနေပေမယ့် သူတို့အားလုံးက DASSK နဲ့ တွေ့ဖို့ ‌တောင်းဆိုနေတာက တူညီနေပါတယ်။ ဒါ့အပြင် ဟွန်ဆန်ကတောင်းဆိုသလို ထိုင်းကလဲ မအလနဲ့နီးစပ်သူ သပ်ဆင်ကတောင်းဆိုထားပြန်ပါတယ်။ ဒါတွေအားလုံးကိုလေ့လာရင် တရုတ်နဲ့ တရုတ်နဲ့မကင်းသူ လာအို၊ ကမ္ဘောဒီးယားတို့က တောင်းဆိုထားပြီး တရုတ်၊အမေရိကန်နဲ့အဆင်ပြေတဲ့ ထိုင်းကလဲတောင်းဆိုထားပါတယ်။ ဒါက မအလခံနေရတဲ့ဖိအားတွေပါ။ စကားလုံးဝမပြောရင် ပြဿနာမရှိပေမယ့် သူ့ကိုချစ်သလိုနဲ့ လာတွေ့ပြီး DASSK နဲ့တွေ့ဖို့ တောင်းဆိုတာက မအလလို မနာလိုမှုရှိသူ နိုင်ငံရေးအသိမရှိသူကို ဒေါသထွက်စေပါတယ်။

ဒါတင်မဟုတ်ဘဲ တရုတ်သံအမတ်က ဘရွှေတို့နဲ့တွေ့ပြီး မြန်မာ့အရေး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လိုက်‌ပြောတာကလဲ မအလကို ဒေါသထွက်စေပါတယ်။ ဒါပေမယ့် တရုတ်သံအမတ်ကိုတော့ နိုင်ငံက နှင်မထုတ်ရဲခဲ့ပါ။ ဒါကြောင့် ဘယ်အချက်ကိုကြည့်ကြည့် မအလနဲ့တွေ့သူရော မတွေ့သူကပါ တွေ့ဆုံဆွေးနွေးဖို့ပြောနေလို့ DASSK ကို ပြင်ပက တစ်ယောက်နဲ့တော့ ပေးတွေ့ရမှာပါ။

ဒီနေရာမှာ DASSK ကိုယခင်ကလို မလိမ့်တပတ်ခေါ်ထုတ်ပြီး ပေးတွေ့တာက အဆင်မပြေနိုင်ဘူးဆိုတာ မအလသိမှာပါ။ ဒါပေမယ့် DASSK ကို ရာပြည့်က ထောင်စစ်သလိုအချိန်မှာတွေ့တာ ယခင်က သူမနဲ့ အခြားလူများတွေ့ချိန် စန္ဒာမင်းတို့နဲ့ တွေ့ချိန်မှာတောင် NUG/PDF ကို မရှုံ့ချတာက မအလအတွက် DASSK ကို စကားများတဲ့ အပြင်လူနဲ့ပေးတွေ့ရင် သူမသဘောထား အပြင်ရောက်သွားမှာကိုလဲ ကြောက်နေပုံပါ။

ဒါဆိုဘာဆက်ဖြစ်မလဲ? မအလအစည်းအဝေးတွေမှာပြောတာ အခြားညွှန်ကြားချက်တွေအရ လူသစ်စုပြီး ရတဲ့အင်အားနဲ့ ဆက်တိုက်မှာပါ။ မအလဟာ လွယ်လွယ်နဲ့ အလျှော့ပေးဖို့မရှိပါ။ ဒါပေမယ့် ရခိုင်စစ်မျက်နှာ၊ ကချင်စစ်မျက်နှာ၊ ကရင်စစ်မျက်နှာ၊ ကရင်နီစစ်မျက်နှာနဲ့ စစ်ကိုင်းက အနိုင်အရှုံးအပေါ်မူတည်ပြီး မအလဟာ အဆိုပါဒေသတွေက အဖွဲ့တွေနဲ့တော့ ရှမ်းမြောက်မှာလို အပစ်ရပ်မှာပါ။ မအလအနေနဲ့ အများကြီးမျှော်လင့်ထားတာက ရခိုင်နဲ့ ကရင်နီမှာ အပစ်ရပ်လို့ရမယ်ဆိုတာပါ။

ဒါဆိုရင် DASSK က ယခုဘယ်မှာလဲ? သူမကို နေပြည်တော်တပ်ထဲကို ရွှေ့လိုက်တာကို အတည်ပြုနိုင်ပါတယ်။ ထောင်ထဲမှာ မရှိတော့ပါ။ စစ်ရုံးချုပ်ထဲမှာ မဟုတ်ပါ။ ဒါက သူမကို ကောင်းကောင်းမွန်မွန်ထားပါတယ်ဆိုတာကို တရုတ်နဲ့ အာဆီယံကိုပြဖို့ပါ။ လိုအပ်ရင် ဟန်ပြတွေ့နိုင်ပေမယ့် သူမက NUG/PDF ကို မကောင်းကြောင်း မပြောလို့ သူမနဲ့တွေ့ဆုံတာက ဘာမှမဖြစ်နိုင်လို့ သုံးသပ်ထားလို့ပါ။ ကချင်က သမ္မတလုပ်နေလို့ ဆွေးနွေးရအခက်ဆုံးလို့ မအလက ယူဆထားပြီး ကရင်ကတော့ ဒီမိုကရေစီများလို့ အဖွဲ့ခွဲလေးတွေနဲ့  လိုအပ်ရင် အပေးအယူလုပ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဒါတွေက အစည်းအဝေးမှတ်တမ်းတွေ စရဖအစီရင်ခံစာတွေ မအလအောက်က ဗျူဟာအဖွဲ့တွေရဲ့ အစီရင်ခံစာအပေါ် အခြေခံပြောတာပါ။

အကျဉ်းချုပ်ရရင် သင်တို့အိမ်ပြရဖို့ အမေလွတ်ဖို့က မအလပြုတ်မှပါ။ ယခင်က မေမေနိုင်မှဖြစ်မှာပါဆိုခဲ့တဲ့သီချင်းက ယခုငါတို့နိုင်မှ အားလုံးလွတ်မြောက်မှာပါ။ ပြည်သူက NUG အောက်က PDF ကို ဆက်ထောက်ပံ့ပေးပါ။ NUG က စစ်ကိုင်း၊ မကွေးကို ယခုထက်အင်အားကောင်းအောင် ထောက်ပံ့ပေးပါ။ NUG ရဲ့ အင်အားက အညာဆိုတာ မမေ့ပါနဲ့။

647 views0 comments

Comments


bottom of page