အချို့အဖွဲ့တွေက NUG ကိုဝေဖန်ရာမှာ NUG က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သဘောတူညီချက်မရလို့ ထိုတိုင်းရင်းသားတွေထဲက ခေါင်းဆောင်တွေက NUG အစိုးရအဖွဲ့ထဲမပါတာဟာ NUG က ဦးဆောင် မစည်းရုံးနိုင်လို့ဆိုပြီး အဆိုပါတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို အပြစ်မတင်ဘဲ NUG ကိုသာ ဦးတည်တိုက်ခိုက်တာ တွေ့ရပါတယ်။ စာရေးသူကတော့ ဒီတော်လှန်ရေးမှာ NLD မျိုးဆက်သစ်ခေါင်းဆောင်တွေက စဉ်းစားပုံလုံးဝပြောင်းသွားခဲ့ပြီး ယခု စဉ်းစားပုံပြောင်းဖို့ paradigm shift က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် မျိုးဆက်သစ်တွေနဲ့ မီဒီယာတွေမှာသာ တာဝန်ရှိတယ်လို့ ရေးလေ့ရှိပါတယ်။
ယခုဆောင်းပါးမှာ ပြည်သူတွေမသိသေးတဲ့ တရုတ်နဲ့ အင်္ဂလိပ်၊ အမေရိကန်ကြားက NUG အကျပ်အတည်းယခင် NLD အစိုးရ အကျပ်အတည်းကို အနည်းငယ်ချပြလိုပါတယ်။ ဒီအချက်တွေက အမေရိကန်က မအလကိုပြောခဲ့တဲ့ သတင်းတွေ၊ တရုတ်က ဝ ကိုပြောခဲ့တာတွေ၊ KIA ကိုပြောခဲ့တာတွေနဲ့ တရုတ်က မအလကို ပြောခဲ့တာတွေ၊ အင်္ဂလိပ်၊ အမေရိကန်က ယခင် NLD အစိုးရကို ပြောခဲ့တာတွေ၊ ယခု NUG ကိုပြောခဲ့တယ်ဆိုတာတွေအပေါ် စာရေးသူသိသလောက် အခြေခံထားပါတယ်။
စာရေးသူအနေနဲ့ အမေရိကန်က မအလကို ဘာတွေပြောခဲ့သလဲဆိုတာ ဆောင်းပါးရေးခဲ့တာကို https://www.myattunoo.com/post/အမ-ရ-ကန-က-မအလက-ဘ-ပ-ခ-သလ အားလုံးဖတ်မိမယ်ထင်ပါတယ်။ ဒါကို တရုတ်လဲဖတ်မိမှာပါ။ ဒီကိစ္စကို အနောက်အုပ်စုလက်အောက်က မီဒီယာတွေက ဘာမှမတင်နိုင်တာ သတင်းမလိုက်နိုင်တာ အံ့ဩစရာ မကောင်းနေဘူးလား? စာရေးသူရေးတာ မှန်/မမှန်ဆိုတာကို သူတို့က တရုတ်နဲ့ ဝ ကိစ္စမှာ တရုတ်သံရုံးကိုမေးလေ့ရှိသလို ဒီကိစ္စမှာ အမေရိကန်သံရုံးကိုမေးတာ မကြားရသလို အမေရိကန်နိုင်ငံခြားရေးရုံး သတင်းစာရှင်းလင်းပွဲတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန ပင်တကွန်က သတင်းစာရှင်းလင်းပွဲမှာလဲ မေးတာ မတွေ့ရပါ။ ထိုစဉ်က စာရေးသူက ပုံနဲ့တကွတင်ခဲ့သူက ဝ မျိုးဆက်သစ်ခေါင်းဆောင် ဒုတိယအထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်းပုံပါ။ ထိုလူကို ယခုတရုတ်ကခေါ်တွေ့ပြီး ဝ ကို MNDAA နဲ့ TNLA ကို မကူညီဖို့ ခေါ်ပြောတာဟာ မထူးဆန်းနေဘူးလား။ ထိုသတင်းကို တစ်ပါတီစနစ်ကျင့်သုံးတဲ့ တရုတ်နဲ့ ဝ က သတင်းပေါက်ကြားတာကလဲ ထူးဆန်းနေပြန်ပါတယ်။ ယခုဖြစ်ပုံက အမေရိကန်က မအလကို တရုတ်ဟာ ‘ဝ’ ကတဆင့် ကိုးကန့်ကိုကူညီတာကို အထောက်အထားနဲ့ပြောပြလို့ တရုတ်ကလဲ သူမကူညီဘူးဆိုပြီး ယခုမှ ပေါ်ပေါ်တင်တင် မအလဘက်က လုပ်ပြနေပုံပါ။ အမေရိကန်သာ ဝင်မပါခဲ့ရင် တရုတ်က ဖိအားပေးပါ့မလား? တရုတ်-အမေရိကန်၊ အာဆီယံက မြန်မာကို ကျရှုံးနိုင်ငံဖြစ်မှာ တကယ့်ကိုစိုးရိမ်နေလို့လား? ဒါက သီးသန့်နောက်မှ ရေးပါ့မယ်။
ဒီနေရာမှာ အမေရိကန်ရဲ့ ယခင်ကပြောဆိုခဲ့တာတွေကို ပြည်သူတွေနားလည်အောင် ပြောပြလိုပါတယ်။ ယခင်က အမေရိကန်ဟာ NLD အစိုးရလက်ထက်မှာ ဝ နယ်ထဲက ဘိန်း၊ ဆေးပြားတွေကို တိုက်ဖျက်ဖို့၊ ဘိန်း၊ ငွေကြေးခဝါချသူတွေကို သူ့ထံလွှဲအပ်ဖို့ တောင်းဆိုလေ့ရှိပါတယ်။ ထို့အတူ ဇော်ဌေးက အမေရိကန်ဆန့်ကျင်ရေး ဆောင်းပါးရေးချိန်မှာ အတိုင်ပင်ခံအထိ တိုင်ခဲ့ပါတယ်။ ခြိမ်းခြောက်ခဲ့ပါတယ်။ ရိုကိစ္စ ခြိမ်းခြောြ်တာကတော့ ထည့်မရေးတော့ပါ။ အီးယူကလဲ ရိုကိစ္စမရှင်းရင် အထည်ချုပ်စက်ရုံ အခွင့်ထူးခံကို ပိတ်မယ်ဆိုပြီး NLD အစိုးရကို ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ယခု မအလကို အဆိုပါအီးယူက ဘာလုပ်ရဲပါသလဲ? အထည်ချုပ်လဲ ဆက်ချုပ်နေဆဲပါ။ ထို့အတူပါဘဲ NUG ကိုလဲ သူ့ကို ကမ္ဘာကအသိအမှတ်ပြုစေလိုရင် သူ့အစိုးရထဲမှာ ဘိန်း၊ ဆေးပြားရောင်းဝယ်သူ၊ ငွေမဲငွေဖြူလုပ်သူတွေ၊ လူအစုလိုက်အပြုံလိုက်သတ်ရာမှာ ပါဝင်တဲ့ လက်နက်ကိုင်တွေ၊ ပါဝင်ခဲ့တဲ့ အမျိုးသားရေးအစွန်းရောက်ပါတီတွေနဲ့ ကင်းရှင်းရမယ် သူ့အစိုးရမှာ ထိုသူတွေပါဝင်ရင် ကမ္ဘာက ဆက်ဆံရခက်မယ်ဆိုတာကို ပြောလေ့ရှိပါတယ်။ ဒါက NUG ကို တော်လှန်ရေးမှာ အဓိကကျတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရခက်အောင် အမေရိကန်နဲ့ အနောက်အုပ်စုက လုပ်ထားတာကို ပြည်သူတွေမြင်သာအောင် ထောက်ပြတာပါ။ အမေရိကန် ဘိုင်ဒင်အစိုးရရဲ့ ပြဿနာက NUG ကို ကမ္ဘာကအသိအမှတ်ပြုအောင် ဘာလိုတယ်ဘာညာ ဆရာလုပ်ပြီး ဘာလက်နက်မှ မထောက်ပံ့တာက ပြဿနာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ အင်္ဂလိပ်၊ အမေရိကန်နဲ့ အနောက်အုပ်စုဟာ NUG ကို တရားဝင်သံရုံးအနေနဲ့ အသိအမှတ်မပြုခဲ့ပေမယ့် AA က ရိုဟင်ဂျာကိုသတ်တယ် မီးရှို့တယ်ဆိုတဲ့ သတင်းတွေ မီဒီယာအပေါ်မှာ ထွက်လာချိန်မှာ သူတို့နိုင်ငံက NUG သံအမတ်တွေကိုခေါ်ပြီး ရိုဟင်ဂျာအတွက် NUG က ဘာလုပ်ပေးထားလဲ AA ကို မထိန်းဘူးလားဆိုပြီး ခေါ်ပြောခဲ့ပါသေးတယ်။ တရုတ်က စာထုတ်သလို ခေါ်ဆူတာပေါ့။ ဒါကြောင့် စာရေးသူတို့က ရခိုင်မှာ AA က အချုပ်အခြာအာဏာပိုင်ပြီး NUG အောက်မှာလဲ သူက ဝင်ပါတာမရှိဆိုတာကို အားလုံးသိအောင် ရှင်းပြနေရတာပါ။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကို ဝင် မငြင်းပါ။ ဒါက တော်လှန်ရေးမှာ NUG ကိုပြောဆိုနေသူတွေသိအောင် ရှင်းပြတာပါ။
နောက်ဝေဖန်သူတွေ တတိယအုပ်စုတွေပြောလေ့ရှိတာက NUG က တိုင်းရင်းသားတွေကို မစည်းရုံးနိုင်ဘူး ဒါကလဲ NUG ညံ့တာဆိုပြီး အပြစ်တင်တာပါ။ ဒီနေရာမှာ NUG တစ်ခုထဲမပြီးဘဲ တိုင်းရင်းသားတွေရဲ့ တွေးခေါ်ပုံပြောင်းလဲမှ ရမယ်ဆိုတာကို စာရေးသူ ထောက်ပြချင်ပါတယ်။ စာရေးသူအနေနဲ့ နိုင်ငံရေးသဘောတူညီချက်ရှိရမယ်ဆိုတာကို ထောက်ခံပါတယ်။ ယခု နိုင်ငံရေးသဘောတူညီမှု မရရှိတာက NUG ဦးဆောင်မှုနဲ့မဆိုင်ဘဲ အခြားမျိုးဆက်သစ် တိုင်းရင်းသားခေါင်းဆောင်များကလဲ အတွေးအခေါ်ပြောင်းဖို့လိုပါတယ်။ DASSK လက်ထက်မှာတောင် မစည်းရုံနိုင်ခဲ့လို့ လက်ရှိတိုင်းရင်းသားအဖွဲ့တွေရဲ့ တွေးခေါ်ပုံအရ အလုံးစုံ စုစည်းဖို့က မဖြစ်နိုင်ပါ။ မြင်သာအောင် ချပြရရင် ကရင်အချင်းချင်း မညီညွတ်တာ၊ ချင်းမှာ မညီညွတ်တာ၊ ရှမ်းမှာ မညီညွတ်တာတွေဟာ NUG နဲ့ မဆိုင်ပါ။ ဒီကိစ္စတွေမှာ NUG ကို အပြစ်တင်လို့မရပါ။ NUG က မစည်းရုံးနိုင်ရင် ဘာကြောင့် ကိုတေဇာဆန်း၊ မောင်ဆောင်းခ၊ စိုးဝင်းဆွေတို့က အဆိုပါ တိုင်းရင်းသားတွေကို မစည်းရုံးနိုင်တာဘာလဲ? NUG မပါလဲ သူတို့အချင်းချင်း စည်းလုံးခဲ့ရင် ဖယ်ဒရယ်ဆွဲရင် မရဘူးလား? ဒီနေရာမှာ ပြဿနာက အမြစ်တွယ်နေတဲ့ အဖွဲ့များစွာကွဲလိုတဲ့ မြန်မာ့စိတ်ရင်းကြောင့်ပါ။ ဒီအဖွဲ့ကွဲလိုတဲ့စိတ်ကို ပြင်မှ ရမှာပါ။
ယခု NUG လုပ်နေတာက သူ့ကိုပေးထားချက်ထဲက သူလုပ်နိုင်တာကို တရုတ်နဲ့ အမေရိကန်ကြားက တတ်နိုင်သလောက်လုပ်နေတာပါ။ NUG ကိုထောက်ပို့သူအများစု ၈၀% က နိုင်ငံခြားက NLD အမာခံတွေမိုလို့ သူက တတ်နိုင်သလောက် သူ့မဲဆန္ဒနယ်ကို မထိခိုက်စေဘဲ လုပ်ဆောင်နေပါတယ်။
အားရသလားဆိုတော့ ၁၀၀% မဖြစ်နိုင်ရင်တောင် ၇၀% လောက် လုပ်ဆောင်နိုင်နေပါတယ်။ NUG ကို ဦးဆောင်မှု မပေးနိုင်ဘူးလို့ အပြစ်တင်နေသူက မိမိအဖွဲ့တောင် သုံး လေးဖွဲ့ ထပ်ကွဲနေတာက များပါတယ်။ စာရေးသူတို့အားလုံး ဒီတော်လှန်ရေးမှာ အတွေးအခေါ်ပြောင်းဖို့လိုပါတယ်။ ပြည်သူတွေက ဘုန်းကြီးတွေကိုတောင် ဝေဖန်ပြီး အတွေးအခေါ်ပြောင်းလာသလို NLD မျိုးဆက်သစ်နဲ့ သူတို့ထောက်ခံသူတွေကလဲ လူမျိုးမစွဲဘဲ ထောက်ပံ့နေတာ ထောက်ခံနေတာ တွေ့ရပါတယ်။ ယခုပြောင်းလဲရမှာက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေရဲ့ တွေးခေါ်မှုပါ။ သူတို့အတွေးအခေါ်ပြောင်းပြီး NUG နဲ့ ပေါ်တင်မဟုတ်ဘဲ ပေါင်းလို့ရသလိုပေါင်းခဲ့ရင် စည်းလုံးစွာနဲ့ တရုတ်/အမေရိကန်/အာဆီယံဖိအားတွေကို ရင်ဆိုင်နိုင်မှာပါလို့ ပြောပါရစေ။
တရုတ်ဟာ တစ်ပါတီကွန်မြူနစ်ဖြစ်ပြီး အာဏာရှင်နိုင်ငံပါ။ သူက စာရေးသူတို့ ဒီမိုကရေစီကို အစကထဲက မထောက်ခံခဲ့လို့ သူ့ထံက မျှော်လင့်ချက်လဲ မထားရှိခဲ့ပါ။ အမေရိကန်ကတော့ ဘိုင်ဒင်ကအစ ဘလင်ကန်အဆုံး ဒီမိုကရေစီထောက်ခံကြောင်း လေနဲ့ထထအော်လို့ မျှော်လင့်ချက်အများကြီးထားခဲ့ပါတယ်။ အင်္ဂလိပ်ဟာလဲ ထိူ့အတူပါဘဲ။ ဒါပေမယ့် အားလုံးကလေပါဘဲ။ ပြည်သူနဲ့ ခေါင်းဆောင်အားလုံး ပြည်ပမျှော်တာလျှော့် နှစ်
ယောက်ပေါင်း နှစ်ဖွဲ့ဖြစ်လိုတဲ့စိတ်တွေလျှော့ပြီး NLD မျိုးဆက်သစ်ခေါင်းဆောင်တွေ အမြင်ပြောင်းခဲ့သလို တိုင်းရင်းသားမျိုးဆက်သစ်ခေါင်းဆောင်များလဲ အမြင်ပြောင်းပြီး စည်းလုံးစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရုတ်၊ အမေရိကန်ဖိအားကို NUG နဲ့အတူ တွန်းလှန်နိုင်ကြပါစေ။ မီဒီယာများလဲ တော်လှန်ရေးလုပ်ချိန်မှာ အမေရိကန်စံနဲ့ မဝေဖန်ဘဲ တော်လှန်ရေးလို တွေးခေါ်နိုင်ပါစေ။
Comments