ကားလိုင်စင်နှင့် ရာဇဝတ်မှု
မြန်မာပြည်မှာ မိလိုက်ရင် ဘိန်းကအစ သစ်အဆုံး ပိုင်ရှင်မဲ့က များနေပါတယ်။ ကားတွေကလဲ အတုတွေများနေတာတွေ့ရပါတယ်။ ဒါဘယ်ကစခဲ့ပါသလဲ။
မြန်မာပြည်မှာ ဘစိန်အစိုးရတက်ခါစအထိ ကားစျေးကြီးပြီး တကယ့်ကားတွေက အစုတ်အများစုပါ။ဒီနေရာမှာ ကားသွင်းတာကို တင်းကျပ်ထားရာကနေ ဖြေလျှော့တော့မယ်ဆိုရင် အစိုးရအနေနဲ့ အကျိုးအပြစ်တွေကို စဉ်းစားရလေ့ရှိပါတယ်။ impact assessment ပေါ့။ ပထမက ဘယ်လိုကားတွေကိုပေးသွင်းမှာလဲ? မိမိနိုင်ငံက မြို့တွေမှာ ကားအရေအတွက် ဘယ်လောက်ကို လက်ခံမလဲ။ ဘာကားအမျိုးအစားကိုပေးသွင်းမလဲ။ အသစ်လား၊ အဟောင်းလား၊ ဓာတ်ငွေ့လား၊ ဒီဇယ်လား၊ လျှပ်စစ်ကားလား? သူ့ကြောင့်သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်မလဲ။ ကားဘယ်လောက်သွင်းရင် မီးခိုး CO2 ဘယ်လောက်ထွက်မလဲ ဘာရောဂါတွေဖြစ်နိုင်လဲ မလေ့လာခဲ့ပါ။ နောက် ပြည်သူတွေစျေးသက်သာဖို့ပြည်တွင်းမှာ ကားစက်ရုံဘယ်လိုလုပ်မလဲ မစဉ်းစားခဲ့ပါ။ ဒါဆိုအဘက တပ်ကလာလို့ လုံခြုံရေးကောင်းအောင် လိုင်စင်မဲ့ကားကိုလဲ မတားခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် ဒီကားပေါ်လစီမှာတိုင်းပြည်အတွက် စီးပွါးရေးအရ ထိခိုက်နိုင်မှု (economic impact assessment)၊ လုံခြုံရေးအရ ထိခိုက်နိုင်မှု (security impact assessment)၊ သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှု (environmental impact assessment)၊ ယဉ်ကြောပိတ်ဆို့မှု (traffic impact assessment)၊ အခြေခံအဆောက်အအုံ အဆင်သင့်ဖြစ်မှု (infrastructure readiness assessment) တွေ ဘာမှမရှိဘဲ ကားသွင်းခွင့်ကို ချပေးလိုက်ချိန်မှာနိုင်ငံတကာက မီးခိုးထွက်တဲ့ ကားစုပ်တွေဟာဝင်လာပြီးတော့ ကားလမ်းတွေကျပ်၊ ကားနဲ့ပတ်သက်တဲ့မှုခင်းပေါပြီး ပရမ်ပတာဖြစ်လာပါတယ်။
သဘာဝပတ်ဝန်းကျင်ကတော့ နောင်နှစ်များစွာကြာရင် လူတွေအဆုတ်ရောဂါဘယ်လောက်ဖြစ်လာမလဲဆိုတာကနေ စလာပါလိမ့်မယ်။ ဒါကတိုင်းပြည်မှာ ကားဝယ်လို့ နိုင်ငံခြားငွေထွက်သွားပြီး နှစ်နာတာမပါသေးပါဘူး။
ဒါဟာဘာမှမဟုတ်တဲ့ ကားတင်သွင်းခွင့်မူဝါဒပါ။ အဘတို့ ကာလုံအပတ်စဉ်ခေါ်ပြီး ခေါင်းအားလုံးပေါင်းဆွေးနွေးခဲ့တာတောင် မလုပ်တတ်ခဲ့တာကိုပြတာပါ။ ဒါဆို ကားမူဝါဒကဘာလဲ။ နိုင်ငံတိုင်းမှာမိမိတိုင်းပြည်နဲ့ ကိုက်တဲ့မူဝါဒရှိပါတယ်။ ဥပမာ မလေးရှားနဲ့ ထိုင်းမှာ သူတို့တိုင်းပြည်ထဲ လာထုတ်ရင်စျေးသက်သာပြီး လွယ်အောင်လုပ်ထားတာမျိုးပါ။ စင်ကာပူမှာကတော့ ကားဝယ်ရင် အခွန်ပေါင်းများစွာကောက်ပါတော့တယ်။ သူကမဝယ်စေချင်လို့ပါ။ လူတိုင်းရဲ့ ဝင်ငွေဟာ အခွန်ဆောင်ပြီးသားပါ။ ဒါပေမယ့် ကားဝယ်ရင် အခွန်ထပ်ဆောင်ရပါတယ်။ စင်ကာပူမှာက ကားတစ်စီးကို 1 Registration fees မှတ်ပုံတင်ခ၊ ၂. Goods & Services Tax (GST),(ကားအခွန်) ၃၊ Certificate of Entitlement (COE)( သက်တမ်းပိုင်ဆိုင်ခွန်၊ ၄၊ Additional Registration Fee (ARF) ထပ်ဆောင်းမှတ်ပုံတင်ခွန်၊ ၅. မီးခိုးခွန်Carbon Emissions-Based Vehicle Scheme (CEVS); ၆၊ လမ်းခွန် (Road Tax) and ၇၊ အထူးခွန် (Special Tax) ဆိုပြီး အခွန် ၇ မျိုးကောက်ပါတယ်။ အမေရိကန်မှာကတော့ ကားဝယ်ရင် အသစ်ဝယ်ဝယ်အဟောင်းဝယ်ဝယ် မိမိနေတဲ့ ပြည်နယ်အပေါ်မူတည်ပြီး အခွန်ဆောင်ရပါတယ်။ အခွန်က ၃% ကနေ၈% အထိ ပြည်နယ်ပေါ်မူတည်ပြီးကွာပါတယ်။ ပြီးရင် ကားဟာ လက်ဝယ်ပိုင်ရှင်နာမည်နဲ့သာမှတ်ပုံတင်ထားရပါတယ်။ ဒါကပြဿနာဖြစ်ရင် ဖမ်းလို့ရအောင်ပါ။ယခုအစိုးရက ယခင်လုပ်ထားတဲ့ အရှုပ်ထုတ်တွေကြားထဲက ကားမှတ်ပုံတင်တဲ့ကိစ္စကို စကိုင်နေရပါတယ်။ ဒါက လုံခြုံရေးအရ အရေးကြီးလို့ စလုပ်နေရပါတယ်။ အခြားမူဝါဒတွေလဲ ပြောင်းလဲချမှတ်ပြီး လေထုညစ်ညမ်းမှုနည်းအောင် နောက်သွင်းတဲ့ကားတွေကို ကိုင်တွယ်နေရပါတယ်။ နောက် မြန်မာပြည်ရဲ့ အခွန်မဆောင် နာမည်မပြောင်းတဲ့ ဓလေ့ကြောင့် ယခုလို စည်းကမ်းနဲ့ စကိုင်တာနဲ့ ပြည်သူနဲ့ပါထိပ်တိုက်တွေ့နိုင်တဲ့ မိုင်းဗုံးကို ထောင်သွားခဲ့ပါတယ်။
ဒီနေရာမှာ စာရေးသူတို့က ရှေ့လူလုပ်တာကိုထောက်ပြရင် ကျပ်မပြည့်သူဖွတ်များက ယခင်လူကိုမပြောနဲ့ မိမိဖာသာလုပ်လို့ပြောလေ့ရှိပါတယ်။ ဒီမိုတိုင်းပြည်တွေမှာ လေးနှစ်တကြိမ်ပြောင်းတာတောင်ယခင်အစိုးရကို အပြစ်ပြောလေ့ရှိပါတယ်။ ယခုလို နှစ် ၅၀ ကျော် တိုင်းပြည်ကိုဖျက်ခဲ့သူတွေကိုထောက်ပြရတာ မျှတတယ်လို့ထင်ပါတယ်။ အချို့ကိစ္စတွေက အဘ ၄ နစ်အတွင်း မွှေးခဲ့တဲ့ မီးတွေကမပြီးသေးပါ။ လူမျိုးရေး၊ ဘာသာရေးမီးက တောက်လောင်နေသလို အခြားမီးများကလဲ ဒုက္ခပေးနေဆဲပါ။ ယခုရေးပြတာက ကားကိစ္စဘဲ ရှိပါသေးတယ်။
Comments