ဘင်္ဂလားဒေ့ရှ် စစ်တပ်ကပေးသော ဒီမိုကရေစီအတွေး
- Myat Tun Oo
- 6 hours ago
- 2 min read

ကမ္ဘာပေါ်မှာ ဆန္ဒပြပွဲတွေဖြစ်ချိန်မှာ အချို့က ဘာဆန္ဒပြပွဲဖြစ်ဖြစ် ဆန္ဒပြသူက အမှန်လို့ထင်ကြပါတယ်။ ဒီအချိန်မှာ ကိုယ့်ရဲ့သဘောထားကဘာလဲဆိုတာကို ပြန်စမ်းစစ်ဖို့လိုလာပါတယ်။
အားလုံးသိကြတဲ့အတိုင်း အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရွေးကောက်ခံအစိုးရကိုကျောင်းသားတွေကဆန္ဒပြကြပါတယ်။ အဲ့ဒီအစိုးရက ဒီမိုကရေစီနည်းအရ ၂၀၂၄ ရွေးကောက်ပွဲမှာတရားဝင်နိုင်ပြီးတက်လာတာပါ။ ဆန္ဒပြကျောင်းသားဆိုသူတွေ အလုပ်သမားအဖွဲ့ဆိုသူတွေက ပိတ်ဆို့ဆန္ဒပြပြီး စစ်တပ်က တိုက်ရိုက်အာဏာသိမ်းသလိုမလုပ်ပေမယ့် သွယ်ဝိုက်ထောက်ခံသလိုလုပ်ပြီး ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပါတယ်။ ဒီနေရာမှာ စာရေးသူတို့ဒီမိုတွေကလဲ ပက်ပက်စက်စက် ဆန္ဒပြသူတွေကို ထောက်ခံသူများစွာရှိခဲ့ပါတယ်။ စာရေးသူခံယူချက်က ဘာပါလဲ။
ယခုလိုမျိုး ရွေးကောက်ခံအစိုးရကို အမေရိကန်နိုင်ငံနှင့် ဒီမိုကရေစီ ဖခင်ကြီးဖြစ်တဲ့ အင်္ဂလန်နိုင်ငံ၊ ပြင်သစ်နိုင်ငံတွေမှာ ကျောင်းသားတွေ၊ အလုပ်သမားတွေက ဆန္ဒပြပြီး ရွေးကောက်ခံအစိုးရကို ကျောင်းသားတွေအလုပ်သမားခေါင်းဆောင်တွေ လယ်သမားတွေက စစ်တပ်နဲ့ပေါင်းပြီးဖြုတ်ကြည့်တယ်လို့ ဆိုကြပါစို။ သူတို့က အဆိုပါ စစ်တပ်ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ အလုပ်သမားဆန္ဒပြခေါင်းဆောင်တွေကို ဒီအတိုင်းထိုင်ကြည့်နေမယ်လို့ ထင်ပါသလား။ အမေရိကန်နိုင်ငံမှာ ဇန်နဝါရီ၆ရက်ဆိုပြီး နာမည်ကြီးခဲ့တဲ့ ဒေါ်နယ်ထွန်း ထောက်ခံသူတွေ လွှတ်တော်ထဲဝင်စီးတာကို နိုင်ငံတော်ပုန်ကန်မှုဆိုပြီးအရေးယူခဲ့ပါတယ်။ ဒါတောင်ထိုအချိန်က ဒေါ်နယ်ထွန်းက ရွေးကောက်ပွဲရှုံးအစိုးရဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရလာတဲ့ အစိုးရဆိုသူကို အာဏာလွှဲမလို မလွှဲမလို မမဆောင်းလုပ်နေခဲ့လို့ပါ။ ထို့အတူပါပဲ ဒေါ်နယ်ထွန်းတက်လာချိန်မှာ အီလွန်မစ်ကိုမကြိုက်သူတွေက သူ့ရဲ့ Tesla ကားတွေကိုမင်းမဲ့စရိုက်စံစံ တိုက်ခိုက်ချိန်မှာ ထိုသူများကို ဒီမိုကရေစီအတွက်လုပ်တယ်ဆိုပြီးလွှတ်မထားခဲ့ပါ။ အားလုံးကိုဖမ်းပြီး ပြည်ထောင်စု ရာဇဝတ်မှုနဲ့ဆွဲချက်တွေတင်နေပါတယ်။
ဒါက ဒီမိုကရေစီရဲ့သဘောတရားတွေပါ။ ဒီနေရာမှာ အစိုးရက ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ခံထားဖို့တော့လိုပါတယ်။ ငါတို့အနောက်ကမှ ဒီမိုကရေစီနည်းနဲ့ရွေးကောက်ထားတာ အာရှကဆိုရင်မဟုတ်ဘူးဆိုလို့တော့မရပါ။ ဥပမာအိန္ဒိယဟာဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့အစိုးရပါ။ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲဟာလည်း ထို့အတူဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ မလေးရှား ရွေးကောက်ပွဲတွေကလည်း ထို့အတူပါပဲ။
ဒီနေရာမှာ အီဂျစ်အစိုးရက ဒီမိုကရေစီနည်းအရရွေးကောက်တင်မြှောက်ထားတယ်ဆိုရင်တော့ ဆေးလှုပ်သောက်ဖို့ပြောရမှာပါ။ အီဂျစ်မှာ ဆန္ဒပြပြီး ပြည်သူ့အစိုးရထက်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုအစိုးရကို စစ်တပ်ထောက်ခံသူတွေကဆန္ဒပြပြီး ပြည်သူ့ဘက်ကရပ်တည်တယ်ဆိုပြီး စစ်ထောက်လှမ်းရေးအကြီးအကဲကအာဏာသိမ်းခဲ့ပါတယ်။ သူလုပ်တဲ့ရွေးကောက်ပွဲက အတုအယောင်ပါ။ ဒါပေမယ့် ဆီဆီက အာဏာမြဲနေပြီး သူက အမေရိကန်ထောက်ခံလို့ သတင်းတွေထဲ မတက်လာခဲ့တာပါ။ သူကလဲ ဆီးရီးယားက ပြုတ်သွားတဲ့ အာဆတ်နဲ့ အတူတူပါဘဲ။
ဒီနေရာမှာဘင်္ဂလာဒေ့ရှ်ကိုပြန်ဆက်ရအောင်။ ဘင်္ဂလားဒေ့ရှ်မှာ စစ်တပ်ဟာယခင်ရွေးကောက်ခံသမ္မတကိုသတ်ပြီး ၁၉၇၅ ကစလို့ အကြိမ်ကြိမ် အာဏာသိမ်းခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကြာကြာအုပ်ချုပ်တာက ဆယ်စုနှစ်တခုလောက်သာကြာခဲ့ပါတယ်။ တိုင်းပြည်တစ်ပြည်မှာ အစိုးရကမူဝါဒတွေချမှတ်တဲ့ အပေါ်မှာ ကြိုက်သူ မကြိုက်သူရှိကြပါတယ်။ အမေရိကန်၊ အင်္ဂလိပ်နဲ့ ပြင်သစ်ကို လေ့လာကြည့်ပါ။ အစိုးရကမူဝါဒချမှတ်တဲ့အချိန်မှာ ထိခိုက်သူတွေကလည်း ဆန္ဒပြကြပါတယ်။ အထူးသဖြင့် အလုပ်သမားတွေ၊ ကျောင်းသားတွေက သူတို့ကို ထိခိုက်ရင် ဆန္ဒပြကြပါတယ်။ သူတို့ဆန္ဒပြတိုင်း အစိုးရက သူ့မူဝါဒကို တစ်ရာ ရာခိုင်နှုန်းပြန်ပြင်လေ့မရှိပါ။ သူတို့ဟာ သူတို့ဘာမူဝါဒဆိုတာကို ရွေးကောက်ပွဲမဝင်ခင် ပြည်သူကိုတင်ပြပြီး ထိုအတိုင်းအကောင်အထည်ဖော်ကြပါတယ်။ ထင်ရှားတဲ့ဥပမာက ဒေါ်နယ်ထွန်းရဲ့ လက်ရှိမူဝါဒတွေပါ။ ကြိုက်သူ၅၂ရာခိုင်နှုန်းမကြိုက်သူ၄၈ရာခိုင်နှုန်းရှိမှာပါ။ ဒါပေမဲ့ သူက ဒီမူဝါဒကိုလုပ်မယ်လို့ကြွေးကြော်မဲဆွယ်ပြီး ဒီမူဝါဒနဲ့ မဲနိုင်ချိန်မှာ မကြိုက်သူများစွာရှိသော်လည်း အဆိုပါမူဝါဒအတိုင်းလုပ်ပြတာပါ။ သူဟာ သူ့စစ်ဦးစီးချုပ်ကိုလည်းဖြုတ်ခဲ့ပါတယ်။ နောက် ရေတပ်အရာရှိမိန်းမကိုလည်းဖြုတ်ခဲ့ပါတယ်။ နောက် Greenland စစ်ဌာနချုပ်က ဒုသမ္မတပြန်သွားချိန်မှာ သူပြောတာတွေက ငါတို့မူဝါဒနဲ့မကိုက်ညီပါဘူးဆိုပြီး ရေးသူ ဌာနချုပ်မှူး မိန်းမကိုလဲ ရာထူးက ဖြုတ်ပစ်ခဲ့ပါတယ်။ နောက်ဒေါ်နယ်ထွန်းဓာတ်ပုံ ပြောင်းမချိတ်လို့ဆိုပြီးတော့လဲ စစ်အရာရှိကြီးကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။ ဓာတ်ပုံကိစ္စက စာရေးသူတို့ မအလတပ်ကို သတိရသွားစေပါတယ်။ ဒါတွေကဘာတွေပြသလဲဆိုတော့ ဒီမိုကရေစီနိုင်ငံတွေမှာ လက်နက်ကိုင်စစ်တပ်ဟာ ရွေးကောက်ခံအရပ်သားအမိန့်ပေးမှုကိုသာ လုံးဝနာခံရတယ်ဆိုတဲ့စနစ်ကို ပြသထားပါ။ သဘောမတူတာရှိရင် တရားရုံးသွားပြီး အချို့အမှုမှာ သမ္မတကနိုင် အချို့အမှုမှာ သမ္မတကရှုံးပြီး ဒီမိုကရေစီနည်းအရ ဆက်သွားရပါတယ်။
ဒါဆိုရင် အရပ်သားအစိုးရက မကောင်းရင်ရောဘာလုပ်မလဲဆိုတဲ့မေးခွန်းရှိပါတယ်။ သူတို့ကို လေးနှစ်တခါရွေးကောက်ပွဲလုပ်ပြီးမကြိုက်ရင်မဲပေးပြီးဖြုတ်ပလိုက်လို့ရပါတယ်။ အချို့ပါလီမန်စနစ်အရ သစ္စာဖေါက်တဲ့အမတ်တွေလည်းရှိကြမှာပါ။ ထိုသူများကလည်း ပြည်သူက ပြန်ဒဏ်ခတ်တာကိုခံကြရတာပါပဲ။ ဥပမာအနေနဲ့ အင်္ဂလန်မှာ ခေါင်းဖြူနဲ့ ဘာရစ်ဂျွန်ဆင်ကို သူ့ပြည်သူတွေက မဲပေးရွေးချယ်ခဲ့ပေမယ့် သူ့ကြောင့်အမတ်ဖြစ်လာသူတွေက သူ့မူဝါဒကိုမကြိုက်လို့ ဖြုတ်ချခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ရွေးကောက်ပွဲမှာ ဂျွန်ဆင်မရှိတော့တဲ့သူပါတီက ခွက်ခွက်လန်အောင်ရှုံးခဲ့ပြီး သူ့ကိုဖြုတ်ချတဲ့အမတ်တွေလည်း အမတ်အဖြစ်ကနေပြုတ်သွားကြပါတယ်။ ဒါကဒီမိုကရေစီရဲ့သဘောတရားတွေပါ။
ပြင်သစ်မှာလဲ လက်ရှိသမ္မတ မာကွန်းတက်လာချိန် အငြိမ်းစားယူခွင့်အသက်တိုးတာ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးလျှော့တာတွေလုပ်လို့ ဆန္ဒပြကြသလို သူ့စစ်တပ်ကို ပြုပြင်ဖို့လုပ်ချိန်မှာ သူ့စစ်ဦးစီးအရာရှိချုပ်က ကန့်ကွက်လို့ သူ့ကို ရာထူးကနေ ထုတ်ခဲ့ပါတယ်။ ပြင်သစ်မြို့ကို ရက်ပေါင်းများစွာ ပိတ်ဆို့ဆန္ဒပြပေမယ့် မာကွန်းက မလျှော့ပေးခဲ့သလို သူ့စစ်တပ်ကလဲ ပြည်သူနဲ့ပေါင်းတယ်ဆိုပြီး ရွေးကောက်ခံအစိုးရကို မဖြုတ်ချခဲ့ပါ။
ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြတာကို စစ်တပ်ကထောက်ခံသလိုလုပ်ပြီး အာဏာသိမ်းကတည်းက စာရေးသူအနေနဲ့ကတော့ ရွေးကောက်ခံအစိုးရကိုဖြုတ်ချခဲ့ရင် ဟာစီနာကိုချစ်ချစ် မချစ်ချစ် အဆိုပါ ဖြုတါချသူကို ဒီမိုကရေစီစံနှုန်းအရ မကြိုက်ပါ။ အထူးသဖြင့် သမိုင်းမကောင်းခဲ့တဲ့စစ်တပ်ကို မကြိုက်ပါ။ စစ်တပ်ကအာဏာရှိတဲ့ ဦးဆောင်တဲ့ ဘယ်တိုင်းပြည်ကများ ဖွံ့ဖြိုးတိုးတက်သွားတာတွေ့ဖူးပါသလဲ။ ထိုင်းမှာ စစ်တပ်ကအာဏာအလွန်အကျွံရှိနေလို့ တိုင်းပြည်ဟာတိုးတက်သင့်သလောက် မတိုးတက်တာအားလုံးသိမှာပါ။ ပါကစ္စတန် မှာဆိုလည်း စစ်တပ်က အရပ်သားအစိုးရကို ဝင်ရှုပ်နေလို့ ယခုအချိန်အထိ တိုင်းပြည်ဟာ မတိုးတက်နိုင်သေးပါ။ ဒါကြောင့် ဘယ်စစ်တပ်ဖြစ်ဖြစ် ရွေးကောက်ခံအစိုးရကိုဖြုတ်ချရင် ဘာမှအထင်ကြီးစရာမရှိပါ။
ရွေးကောက်ခံအစိုးရကို ဖြုတ်ချရင် ယူကရိန်းမှာဖြစ်ဖြစ် ဘယ်မှာဖြစ်ဖြစ် မထောက်ခံပါ။ ဒါက ဒေါ်နယ်ထွန်းကသမ္မတမို့လို့ ဒီအစိုးရကအမေရိကန်ထောက်ခံတဲ့အစိုးရမို့လို့ အနောက်အုပ်စုလိုလားတဲ့အစိုးရမို့လို့ ဒါတွေနဲ့မသက်ဆိုင်ပါ။ အားလုံးသိကြတဲ့အတိုင်း တရုတ်၊ ဆူဒန်၊ မြောက်ကိုရီးယား၊ လာအို၊ ဗီယက်နမ်တို့ကတော့ဒီမိုကရေစီမရှိတာအားလုံးသိမှာပါ။ ဒါတွေကိုဥပမာအနေနဲ့ထည့်မပြောပါ။
ယခုထင်ထားတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ယာယီအစိုးရ ရခိုင်ပြည်အတွက်ပြင်ဆင်ထားတာကို ယာယီအစိုးရက ရွေးကောက်ခံအစိုးရမဟုတ်လို့ ဒါတွေမလုပ်ပါနဲ့ဆိုပြီး ကန့်ကွက်ဖို့ကြိုးစားနေတာအားလုံးတွေ့နေရပါပြီ။ ဘင်္ဂလားဒေ့ရှစ်သမိုင်းကိုပြန်ကြည့်ရင် သူ့ကို ပါကစ္စတန်တပ်တွေကလွတ်လပ်ရေးမပေးချင်လို့တိုက်ခိုက်နေချိန်မှာ အိန္ဒိယဝန်ကြီးချုပ် အင်ဒရာဂန္ဒီက အမေရိကန်သမ္မတနဲ့အတိုက်အခံလုပ်ပြီး အမေရိကန်စစ်တပ်ဝင်မလာခင် အိန္ဒိယတပ်က ၁၉၇၁ မှာ ဝင်ကူတိုက်ပေးပြီးအနိုင်ရလိုက်လို့ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရခဲ့တာပါ။ အိန္ဒိယဝန်ကြီးချုပ်အင်ဒရာဂန်နီက ထိုစဉ်က ပြင်သစ်နဲ့အနောက်နိုင်ငံတွေကို သူ့ဘက်ကနေ ဘင်္ဂလားဒေ့လွတ်လပ်ရေးအတွက်ကူညီဖို့ တိုက်တွန်းခဲ့ပေမယ့် သူတို့ကရူးချင်ယောင်ဆောင်နေခဲ့ကြပါတယ်။ ပြောလိုတာက ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရတာဟာ အိန္ဒိယကဝင်ကူလို့ရခဲ့တာပါ။
အကျဉ်းချုပ်ရရင် အားလုံးက ပြည်သူကရွေးကောက်ထားတဲ့ ပြည်သူ့အစိုးရကသာ အရပ်သားဝန်ထမ်းတွေ လက်နက်ကိုင်စစ်တပ်တွေကို အမိန့်ပေးညွှန်ကြားရပါမယ်။ ဘယ်အလုပ်သမားအဖွဲ့အစည်း ကျောင်းသားအဖွဲ့အစည်း သတင်းစာသမားတွေ၊ NGO တွေကြောင့် ရွေးကောက်ခံအစိုးရကို စစ်တပ်ကဖြုတ်ချပြီး အာဏာသိမ်းတဲ့အစဉ်အလာကို ဘာကြောင့်မှ အားမပေးမိပါစေနဲ့။ ဒီအာဏာသိမ်းစနစ်ကို အမေရိကန်၊အင်္ဂလန်၊ အနောက်ဥရောပမှာ လက်မခံသလို စာရေးသူကလည်းလက်မခံပါ။ စနစ်နှစ်မျိုး စံ နှစ်မျိုးကျင့်သုံးလို့မရပါ။ ဒါပေမဲ့ ဒါဟာ အာဏာသိမ်းတဲ့စစ်တပ်ကိုတော့ ဆန့်ကျင်ရာမှာမပါဝင်ပါ။ ဘယ်အဖွဲ့အစည်းမဆို ပြည်သူရွေးကောက်ထားတဲ့အစိုးရထံကအာဏာသိမ်းရင် သူပုန်ပါ။ အမေရိကန်၊ ရုရှား၊ တရုတ် ဘယ်သူက ထောက်ခံထောက်ခံပါ။ လက်ဝဲယိမ်းယိမ်း၊ လက်ယာယိမ်းယိမ်းပါ။ အာဏာမသိမ်းသော်လည်း အာဏာသိမ်းရန်အားပေးအားမြောက်လုပ်တဲ့လက်နက်ကိုင်အဖွဲ့အစည်းဟာ သူပုန်ပါ။ ဒီလို လူအုပ်နဲ့လက်နက်နဲ့အာဏာသိမ်းတာကို အနောက်ဥရောပနဲ့အမေရိကမှာလက်မခံသလို စာရေးသူတို့နိုင်ငံမှာလည်းလက်ခံမည်မဟုတ်ပါ။ အားလုံးသေတဲ့အထိ မှတ်ထားရမှာက စစ်တပ်တွေအာဏာသိမ်းလို့ ကောင်းစားသွားတဲ့တိုင်းပြည် ကမ္ဘာမှာမပေါ်သေးပါ။ စစ်တပ်ကျေးဇူး မူးလို့တောင်ရှူစရာမရှိပါ။ ဒါကြောင့် တော်လှန်ရေးမှာကထဲက ဘယ်လက်နက်ကိုင်မဆို ရွေးကောက်ခံအရပ်သားအစိုးရ အမိန့်ကိုနာခံတတ်အောင်သားမွေးမြူကြပါ။ထောက်ပံ့ကြပါ။ မိမိတို့ဘယ်လိုအစိုးရလိုချင်လဲဆိုတာထက် ဘယ်လို အနာဂတ်တပ်ကို လိုချင်လဲဆိုတာကတော့ ပြည်သူကသာဆုံးဖြတ်သွားရမှာပါ။ ပြည်သူသာအဓိကပါ။
Photo credit : Mizzima
Commentaires