top of page
Search
  • Writer's pictureMyat Tun Oo

ပြည်သူဆုံးဖြတ်ရမည့် အစိုးရနှင့် စစ်တပ်


ဒီမိုကရေစီမှာ အစိုးရတွေက စုပေါင်းခေါင်းဆောင်မှု ရှိရပါတယ်။ အစိုးရအဆင့်အစည်းအဝေးမှာ မူဝါဒကို ဆွေးနွေးပြီး လူအများသဘောတူခဲ့ရင် သဘောမတူသူက အများဆုံးဖြတ်ချက်ကို လိုက်နိုင်ရပါတယ်။ ဒါက အင်္ဂလိပ်လို ဝန်ကြီးချုပ်အစိုးရအဖွဲ့ အခြေခံစနစ်ပါ။ အမေရိကန်မှာက သမ္မတပြောတာကို အစိုးရအဖွဲ့က အကောင်အထည်ဖော်ရပါတယ်။ မကြိုက်ရင် ဝန်ကြီးက ထွက်ရပါတယ်။ ကာဝန်က ကျန်းမာရေးကို ဘာလုပ်ပါ ညာလုပ်ပါပြောလို့မရပါ။ အစိုးရအဖွံ့ အစည်းအဝေးမှာတော့ ပြောလို့ရပါတယ်။

NUG ဟာ အစိုးရတစ်ရပ်အနေနဲ့ ညွန့်ပေါင်းပြီး စုပေါင်းဦးဆောင်မှုပေးနေတာကို တွေ့ရပါတယ်။ NUG ကို ပြည်သူကရွေးထားတဲ့ CRPH က ထိန်းပါတယ်။ ပြည်သူက CRPH ကို ရွေးကောက်ပွဲကနေ ရွေးလိုက်တာပါ။

ဒီနေရာမှာ PDF တွေက အသက်သွေးချွေးပေးပြီး ဖက်ဆစ်မအလတပ်ကို တိုက်နေလို့ လေးစားစွာ ဦးညွတ် အလေးပြုပါတယ်လို့ ပြောပါရစေ။

ဒါပေမယ့် လက်နက်ဟာ အာဏာကိုဖြစ်စေပါတယ်။ ငါလက်နက်ကိုင် အသက်ပေးရလို့ လွှတ်တော်မှာ ၂၅% ထိုင်သင့်တယ်ဆိုတဲ့ စိတ်တွေဖြစ်လာတတ်ပါတယ်။ စစ်တပ်မှာ အမိန့်နာခံမှုဟာ အရေးကြီးပါတယ်။ သာမန် တပ်ခွဲမှူးတွေက တပ်ရင်းမှူးစကားကို နားထောင်ရမှာဖြစ်ပြီး တပ်ရင်းမှူးက ဗျူဟာမှူး၊ ဗျူဟာမှူးက တပ်မမှူး၊ စစ်ဒေသမှူးဆိုပြီး အဆင့်ဆင့် အမိန့်နာခံရမှာပါ။ စစ်ဒေသမှူးက အရပ်သားဝန်ကြီးထံက အမိန့်နာခံရမှာပါ။ ဒါက ဒီမိုကရေစီရဲ့သဘောပါ။ ဒီလို ဒီမိုအလေ့အကျင့်တွေကို ယခုလိုတော်လှန်ရေးကာလ အစကထဲက လေ့ကျင့်ပျိုးထောင်ရမှာပါ။ မဟုတ်ရင် တပ်ရင်းမှူးက မိမိလိုတာမရလို့ လက်နက်ကိုင်ပြီး အရပ်သားအစိုးရကိုဝေဖန် အာဏာသိမ်းရင် အာဖရိကက တိုင်းပြည်တွေလို ဗိုလ်မှူးလောက်က အာဏာသိမ်းတာတွေ မကြာခဏ ဖြစ်နေမှာပါ။ ဒီလိုလက်နက်ကိုင် လူပါးဝတာကိုမကြိုက်လို့ ယခုလိုတော်လှန်ရေးဖြစ်လာတာကို မမေ့ပါနဲ့။

ဒါဆိုရင် ငါတို့က ငြိမ်ခံရမှာလား? ဒီမိုကရေစီမှာ အရပ်သားဝန်ကြီးတွေက မဟုတ်တာလုပ်ရင် အထောက်အထားနဲ့ ပြောဆိုဝေဖန်လို့ရပါတယ်။ လုံးဝမဝေဖန်ရရင် မအလလို အာဏာရှင်တပ်ဖြစ်မှာပါ။ ဒါပေမယ့် မိမိမဝေဖန်ခင် စစ်ရေး၊ နိုင်ငံရေးအရ ဘာပြောရင် ဘယ်ရောက်မလဲဆိုတာတော့ လေ့လာသင့်တယ်လို့ ထင်ပါတယ်။ ပထမဆုံးက စစ်ဖြစ်နေတာက ကရင်ဒေသတစ်ခုထဲမဟုတ်ပါ။ စစ်ကိုင်း၊ ကချင်၊ မန္တလေး၊ မကွေးတွေမှာလဲ PDF တွေရှိတယ်ဆိုတာ မမေ့ပါနဲ့။

NUG ကို အဝေဖန်အများဆုံးက လက်နက်၊ ကျည်မလောက်တာပါ။ ဒီနေရာမှာ NUG ဟာ ပြည်သူထောက်ပံ့ငွေထဲကသာ ဝေမျှနိုင်မှာပါ။ အမေရိကန်နဲ့ တရုတ်က လစဉ် ဒေါ်လာသန်းချီထောက်ပံ့နေတာမဟုတ်ပါ။ သင်က သင့်တပ်ရင်းအတွက် ကျည်ဆန်မရလို့ လိုင်းပေါ်မှာ ထအော်ရင် စစ်ကိုင်းက တကယ်တိုက်ပြီး လစဉ် သိန်း ၃၀ တောင်မရတဲ့ တပ်ရင်းက NUG ကို ဘာပြောရမှာပါလဲ? အခြားတပ်ရင်းများကိုလဲ စာနာပါ။ ဒီထပ်အင်မတန် စစ်ရေးအရ အသက်တမျှအရေးကြီးတာက ကျည်မရှိဘူးလို့ စစ်ဖြစ်နေတုန်ဍ ထအော်ရင် မအလက အားတက်ပြီး ဖိတိုက်မှာပါ။ ဒါက ရန်သူကိုလိုင်းပေါ်ကသတင်းပေးပြီး မိမိသေတွင်း မိမိတူးတာနဲ့တူပါလိမ့်မယ်။

NUG က မတ်လ ၂၀၂၄ အတွက် PRF က ရငွေဟာ ဒေါ်လာ ၈ သိန်းနီးပါးသာ ရှိတာပါ။ ဒါကို တပ်ရင်း ၃၀၀ လောက်ခွဲပေးရတယ်ဆိုတာ မမေ့ပါနဲ့။ သင့်တပ်ရင်းတစ်ခုထဲ စစ်တိုက်နေတာမဟုတ်ပါ။

ဒါဆိုရင် NUG က ထောက်ပို့ ညံ့တာလား? အမေရိကန်နဲ့ နေတိုးကဦးဆောင်ပြီး ငွေ၊ လက်နက် ထောက်ပံ့နေတဲ့ ယူကရိန်းမှာ လက်နက်၊ အမြောက်လိုအပ်လို့ ရုန်းကန်နေရတယ်ဆိုတာ မမေ့ပါနဲ့။ ဒါတွေဟာ သတင်းတွေထဲမှာ ပါနေသလို ယူကရိန်းသမ္မတကလဲ အမေရိကန်လွှတ်တော်၊ ဥရောပလွှတ်တော်တွေမှာ ပြောနေတာ ကြားဖူးမှာပါ။ ဒါပေမယ့် ယူကရိန်းက ဘယ်တပ်ရင်းမှူးကမှ လိုင်းပေါ်မှာ တက်အော်မနေပါဘူး။ သူတို့ကအဆင့်ဆင့် သူတို့ရဲ့ စစ်ဒေသမှူးကိုသာ တင်ပြရပါတယ်။ သူတို့ကအော်ရင် ရုရှားကို ထိုဒေသကိုဖိတိုက်မှာပါ။

ဒီနေရာမှာ ပြည်သူနဲ့ မီဒီယာ၊ အခြား NUG ဝန်ကြီးတွေ သတိထားရမှာရှိပါတယ်။ အားလုံး နဂါးက သူလက်နက်မရဘူးဆိုပြီး လိုင်းပေါ်ကနေ မီဒီယာကတဆင့် အော်နေခဲ့တာ အားလုံးမှတ်မိမယ်ထင်ပါတယ်။ စာရေးသူရဲ့ မိတ်ဆွေများကတောင် NUG ကို ပြောပေးအုံး ဘာညာဆိုပြီး ဖိအားပေးခဲ့ကြပါတယ်။ NUG ရဲ့ အခြားဝန်ကြီးဌာနက ဝန်ကြီးအချို့ကတောင် မိမိဝန်ကြီးဌာနကို စည်းဘောင်ကိုကျော်ပြီး MOD ကို နဂါးလိုသစ္စာဖောက်ကို လက်နက်တပ်ပေးဖို့ ဝိုင်းဖိအားပေးခဲ့ကြပါတယ်။ အချို့ ပြည်သူများကလဲ နဂါးကို ဝိုင်းထောက်ပံ့ခဲ့ကြပါတယ်။ ယခုနဂါးဟာ NUG ကို အဓိက တိုက်ခိုက်သူဖြစ်နေခဲ့ပါပြီ။ နဂါးလိမ်လည်စွတ်စွဲတာက ဘောမမီဒီယာတွေပြောတာနဲ့ နောက်ပိုင်းပိုတူလာပါပြီ။ NUG ထောက်ပံ့ခဲ့တဲ့လက်နက်နဲ့  NUG နဲ့ ပြည်သူကို ရန်မူလာနေတာပါ။ ဒါဟာ ဖိအားတွေကြောင့် မအလလို နောက်လူတစ်ယောက်ကို လက်နက်သွားတပ်ဆင်လိုက်ရာကနေ ဖြစ်လာတဲ့ ဆိုးကျိုးပါ။ NUG ထဲက ဝန်ကြီးအချို့ကအစ၊ မီဒီယာ၊ ပြည်သူတွေ၊ စာရေးသူတို့တွေ အားလုံးအတွက် သင်ခန်းစာယူစရာပါ။

ဒါဆိုရင် တောင်ပိုင်းစစ်ဒေသမှာ ဘယ်သူ့မှာ တာဝန်ရှိသလဲ? ရိုးရိုးလေး စဉ်းစားပါ။ NUG က စစ်ဒေသတွေခွဲထားပါတယ်။ ကာဝန်စစ်တိုက်တတ်သူမဟုတ်ပါ။ သူဟာ သူ့လက်အောက်က စစ်ဒေသမှူးပြောတာကို ဖြည့်ဆည်းပေးရပါတယ်။ တပ်ရင်းမှူးဟာ မိမိရဲ့ စစ်ဒေသမှူးနဲ့ မတိုက်ခင်၊ တိုက်စဉ်၊ တိုက်ပွဲအပြီးမှာ လိုအပ်တာတွေ တင်ပြတာ သုံးသပ်တာတွေ လုပ်ရမှာပါ။ ထိုဒေသမှာ စစ်ပွဲနိုင်ရင် ကရင်အလံထောင်ပြီး ဝိုင်းအတိုက်ခံရလို့ လက်နက်မရှိချိန်မှာ NUG က မထောက်ပံ့လို့ဆိုတာက အစပိုင်းကထဲက ဘယ်သူက ဘာတိုက်မယ် ဘာတာဝန်ယူတယ်ဆိုတာ မရှင်းတာလား? အပေါ်က ရှင်းပေမယ့် အောက်က ရှုပ်တာလားဆိုတာ စာရေးသူမသိပါ။ MNDAA ဧရိယာမှာ BPLA နဲ့ PLA က ကူတိုက်လို့ သူတို့အတွက် လက်နက်ကျည်ကို MNDAA က တာဝန်ယူပါတယ်။ သူနိုင်ချိန်မှာလဲ MNDAA က သူ့အလံထောင်ပြီး သူအုပ်ချုပ်ခဲ့ပါတယ်။

သေချာတာက လိုင်းပေါ်မှာ ငါတို့မှာ လက်နက်မရှိ၊ jammer မရှိလို့ ထအော်ရင် ရန်သူက သင်တို့တပ်ရဲ့အနေအထားကိုသိပြီး စစ်ဆင်ရေးလုပ်ရတာ ပိုလွယ်မှာပါ။ ယခုအချိန်မှာ မိမိတင်တဲ့ပို့စ်က သတင်းပေးဖြစ်သွားတတ်တာကို အထူးသတိပြုပါ။


ဒါဆိုရင် ဘာလုပ်ရမလဲ?

NUG

NUG က စုပေါင်းခေါင်းဆောင်မှုနဲ့ သွားနေတာကောင်းပါတယ်။ ဝန်ကြီးအဖွဲ့မှာ ဆွေးနွေးပါ။ ပြီးရင် အများသဘောတူညီတာကို cabinet agreement , collective leadership နဲ့ ဆက်လုပ်ပါ။ ဝန်ကြီးတွေ လိုင်းပေါ်မှာ မိမိနဲ့မဆိုင်တဲ့ ဝန်ကြီးဌာနအကြောင်း မဝေဖန်မိပါစေနဲ့။ မိမိဝန်ကြီးအဖွဲ့အစည်းအဝေးမှာ တင်ပြဆွေးနွေးပါ။ အများသဘောတူချက်ရရင် လိုက်နာပါ။ စစ်ရေးအရေးကြီးတာကို လုံခြုံရေးကောင်စီမှာဖွဲ့ပြီး ဆွေးနွေးပါ။ ဝန်ကြီးတိုင်းအသိပေးစရာမလိုပါ။

NUG ထဲမှာ ဘယ်ဒေသက မိမိဩဇာခံနိုင်လဲ လေ့လာပါ။ ထောက်ပံ့ပါ။ ဥပမာ စစ်ကိုင်းမှာ နဂါးအောက်ကထွက်လာတဲ့အဖွဲ့ကို မိမိက လက်နက်၊ စားစရာထောက်ပံ့နိုင်မှ မိမိဩဇာခံမှာပါ။ မဟုတ်ရင် နဂါးအောက်ပြန်ရောက်သွားမှာပါ။ အင်မတန် အရေးကြီးပါတယ်။

တောင်ပိုင်းစစ်ဒေသမှာ တပ်ရင်းမှုးအင်တာဗျူးတွေအရ အမိန့်ပေးမှုနဲ့ တာဝန်ခံမှုက မသဲမကွဲဖြစ်နေပါတယ်။ KNU နဲ့ သေချာဆွေးနွေးပါ။ နိုင်ငံရေးအခြေခံတွေက ကောင်းပါတယ်။ သူတိုက်မယ့်နေရာဆို ဘယ်သူက ဘာတာဝန်ယူမလဲ တာဝန်ချပေးပါ။


အချို့လူတွေက လက်နက်ကိုင်PDF တွေကို နိုင်ငံရေးသင်ရမယ်ဆိုပြီး စစ်ကိုင်းနဲ့ မကွေးမှာ ကွန်မြူနစ်ဝါဒဖြန့်နေတယ်ဆိုတာကိုလဲ သတိထားပါ။ NUG အောက် မဟုတ်တဲ့အဖွဲ့တွေက လုပ်နေပါတယ်။ အန္တရာယ်များပါတယ်။  ဒါက တရုတ်ကွန်မြူနစ်ပါတီမှာ လက်နက်ကိုင်တွေကို နိုင်ငံရေးဦးဆောင်သူရှိပါတယ်။ တိန့်ရှောင်ဖိန်လဲ ထိုအလုပ်လုပ်ခဲ့ပါတယ်။ MNDAA နဲ့ UWSA မှာရှိပါတယ်။ သူတို့က တစ်ပါတီကို အခြေခံပါတယ်။ NUG က ညွန့်ပေါင်းမိုလို့ PDF တွေဟာ ဒီမိုတပ်ရဲ့ စံကိုလိုက်နာတတ်အောင်သာ လေ့ကျင့်ပေးပါ။


ပြည်သူ

အားလုံးနဂါးကိစ္စမှာ သင်ခန်းစာယူသင့်ပါပြီ။ အားလုံးငွေဘယ်လောက်များ အဆိုပါ တပ်ချုပ်ရူးထံပါသွားပါပြီလဲ? ထိုငွေများက သင့်ချွေးနည်းစားပါ။ စာရေးသူနဲ့သိသူ နိုင်ငံခြားက ထောက်ပို့လုပ်သူ ဆရာဝန်မလေးတောင် နဂါးကို အစပိုင်းက လှူမိသွားပါသေးတယ်။ ယခုတော့ သူမမှားတာ သိသွားပါပြီ။ ယခုနဂါးတပ်က PDF ကိုတောင် မအလအာဏာသိမ်းသလို ဟိုဖမ်းဒီဖမ်းလုပ်နေပါပြီ။ ပျူရွာကို မတိုက်ပါ။ ဒါကြောင့် ပြည်သူက PRF ကတဆင့် NUG ကို အသေအချာ ထောက်ပံ့ပေးပါလို့ တောင်းပန်ပါရစေ။ ယခုလို ဝင်ငွေနည်းချိန်မှာ သူခိုးဓားရိုးမကမ်းမိဖို့ အရေးကြီးပါတယ်။


ပြည်သူက PRF ကတဆင့် စစ်ကိုင်း၊ မကွေးကို အားပြုထောက်ပံ့ပေးပါ။ အဆိုပါဒေသဟာ KIA နဲ့ AA အောင်ပွဲများမှ လက်နက်လာမှာပါ။ ထိုအတွက် NUG မှာ ငွေလိုမှာပါ။ စစ်ပွဲများလေ ငွေလိုလေပါ။ ကျည်ဆန်ထွက်တိုင်း ငွေထွက်ပါတယ်။ ဒါကြောင့် များများလှူပေးပါ။


ပြည်သူအနေနဲ့ NUG အောက်ကမနေတဲ့ လက်နက်ကိုင်များကို ငွေထောက်ပံ့ပြီး တော်လှန်ရေးရှည်အောင်လုပ်မလား NUG အောက်က အမိန့်နာခံတဲ့ PDF ကိုသာ ထောက်ပံ့ပြီး တော်လှန်ရေးအမြန်ပြီးအောင် တွန်းအားပေးမလား ဗျူဟာကျကျ စဉ်းစားပြီးလှူပေးပါ။


မီဒီယာ

မီဒီယာတွေကို လေးစားပါတယ်။ NUG ကို ဝေဖန်ထောက်ပြသလို နဂါးတို့၊ ဟိုတောင်ပိုင်းက လူသတ်လင်မယားကိုလဲ ထောက်ပြနိုင်ပါစေ။ မျှမျှတတပေါ့။အင်တာဗျူးရင်လဲ NUG ဝေဖန်သူနဲ့ ထောက်ခံသူကို မျှမျှတတ မီဒီယာကျင့်ဝတ်နဲ့အညီ ဗျူးနိုင်ပါစေ။  မီဒီယာဟာ DASSK လက်ထက် သက်သက်ခိုင်ကို စင်ပေါ်တင်ပေးခဲ့တာ ယခုသူမက ပညာတတ်ဆိုပြီး တိုင်းပြည်ကောင်းအောင် ဘာလုပ်နိုင်ခဲ့ပါသလဲ? ကိုဗစ်မှာ DASSK က စစ်တပ်မခေါ်လို့ သေမလိုဖြစ်ခဲ့တဲ့ မီဒီယာများ မအလစစ်တပ်အုပ်ချုပ်ချိန် လူအသေအပျောက်က DASSK အစိုးရထက် ထောင်ပေါင်းများစွာ ပိုသေတာကို မမေ့ပါနဲ့။ DASSK ကိုဝေဖန်ခဲ့သူတွေ ယခုတိုင်းပြည်ကို ပိုကောင်းအောင် ဘယ်သူက ပိုလုပ်နိုင်နေပါပြီလဲ။ အမေရိကန်က ဆုရဖို့ဟာ အင်မတန်လွယ်ပြီး ပြည်သု့ထံက ဆုရဖို့က အင်မတန်ခက်ပါတယ်။ အမေစုကိုအော်ခဲ့သူအချို့တောင် အမေစုထောက်ခံသူများထံကငွေနဲ့ လက်နက်ဝယ်ပြီး တော်လှန်ရေးလုပ်နေကြတာပါ။


အကျဉ်းချုပ်ရရင် ပြည်သူကသာ မိမိတို့ဘယ်လိုစစ်တပ်လိုချင်သလဲ တော်လှန်ရေး ဘယ်လိုမြန်ချင်သလဲအပေါ်မှာမူတည်ပြီး ထောက်ပံ့ကြပါ။ ပြည်သူသာအဓိကပါလို့ ပြောပါရစေ။

ပြည်သူက ဆီးရီးယားလိုဖြစ်ချင်လား လစ်ဗျားလိုဖြစ်ချင်လား ဒါမှမဟုတ် အောင်မြင်တဲ့ တော်လှန်ရေးအနေနဲ့ အဆုံးသတ်ချင်လား ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ NUG က အကုန်ကောင်း အကုန်မှန်တာမဟုတ်ပါ။ ဒါပေမယ့် NUG လိုအဖွဲ့မရှိခဲ့တဲ့ အခြားတော်လှန်ရေးတွေက ကျဆုံးခဲ့တာက သေချာနေပါတယ်။  တပ်ရင်းမှူးက မိမိပြဿနာကို ဗျူဟာမှူးထံသတင်းပို့ပြီး အဆင့်ဆင့်လုပ်ပါ။ ဒါမှမဟုတ် လိုင်းပေါ်တက်အော်ရင် ဇော်မဲလုံးလို မအလလို စောက်ချိုးသာ ဖြစ်နေပါ့မယ်။ ပြည်သူသာ အဓိကပါ။

663 views0 comments

Recent Posts

See All

လုံခြုံရေးသတိ

ယခု PDF များအားလုံး မိမိရဲ့ ပြောခွင့်ရသူကလွဲလို့ Facebook သုံးတာလျှော့ပါ။ လူစုလူဝေးကိုလျှော့ပါ။ ဖုန်းပြောတာလျှော့ပါ။ မိမိတပ်တည်နေရာကို မိမိမိန်းမတောင် မပြောမိပါစေနဲ့။ အစည်းအဝေးကိုခေါ်ပြီးရင် လူရောက်လာ

အဓိက သာမညခွဲခြားစေလို

အဆိုတော်ဖြစ်ဖြစ်၊ အနုပညာရှင်ဖြစ်ဖြစ် ပြောကြဆိုကြတဲ့အခါ အဓိကဘောမဖြစ်တဲ့ ယုန်လေး၊ စိုးမြတ်သူဇာ၊ မေသင်ဇာဦး၊ ခန့်စည်သူ၊ ဒိန်းဒေါင်တို့ကိုသာ အဓိကထားစေချင်ပါတယ်။ အချို့ထောင်ကျပြီး ပြန်ထွက်လာသူ နိုင်ငံခြားထွ

bottom of page