top of page
Search
  • Writer's pictureMyat Tun Oo

စဉ်းစားရမည့် ဗျူဟာ


မအလတပ်ဟာ စစ်အုပ်ချုပ်ရေးကြေညာအပြီး စစ်ကြောင်းပိုထိုးလာတာ အားလုံးသတိထားမိမှာပါ။ ဒီနေရာမှာ အများစုက NUG ကိုသာ ဘာလုပ်ပါ ညာလုပ်ပါ ဝေဖန်ပေမယ့် စာရေးသူအနေနဲ့က အားလုံးမှာ မိမိရဲ့ ဗျူဟာတွေကို ပြန်သုံးသပ်ရမယ်လို့ ထင်ပါတယ်။ ယခုရေးလိုတာက အဖွဲ့အားလုံးအတွက်ပါ။


မအလဗျူဟာသစ်


နိုင်ငံရေးပြဿနာကို စစ်ရေးအနေနဲ့သာ ဖြေရှင်းမယ်လို့ မဟာဗျူဟာအရ ဆုံးဖြတ်ထားပါတယ်။ မရရင်တော့ DASSK ကို ထုတ်သုံးပါမယ်။ ရွေးကောက်ပွဲကလဲ လုပ်လို့ရရင် ဩဂုတ်မှာ ကြိုးစားလုပ်မှာပါ။ သူလုံခြုံရေးအရ အာမ မနိုင်ခဲံရင်တော့ နောက်ဆုတ်မှာပါ။ ယခုအချိန်မှာ မအလကိုယ်တိုင်တောင်ရွေးကောက်ပွဲလုပ်ဖြစ်မယ် သေချာမသိသေးပါဘူး။ သူ့လုံခြုံရေးအတွက် လူအားက တပ်မိသားစုတွေကို လက်နက်တပ် ကင်းစောင့်ခိုင်းတာ၊ ပြည်သူ့စစ်(ဥပမာ ရှမ်းနီနဲ့ ပအို့ကို) လက်နက်တပ်ပေးတာ၊ မဘသနဲ့ ဖွတ်အခြေခံပျူကို လက်နက်တပ်ပေးတာ၊ စစ်မှုထမ်းဟောင်းနဲ့ နန်းတွေကို လက်နက်တပ်ပေးပြီးမြို့ကြီးတွေကို ထိန်းထားဖို့ပါ။ ယခုသူ့ဗျူဟာရဲ့အခြေခံ ဘာလုပ်မလဲဆိုတာ လေ့လာရအောင်။


PDF/NUG ကိုတိုက်ဖို့ မအလမှာ တပ်အင်အားလိုပါတယ်။ ဒါကိုလုပ်နိုင်ဖို့ ရခိုင်၊ ရှမ်းမြောက်ကို ယခုအချိန်မှာ တတ်နိုင်သလောက် အပစ်ရပ်ပြီး အချိုသတ်ထားပါမယ်။ ယခုအချိန်မှာ ရခိုင်နဲ့ ရှမ်းမြောက်ကို ပို့ထားတဲ့တပ်တွေကို ထုတ်ပြီးသုံးနေပါတယ်။ တိုက်ရာမှာ မကွေး၊ စစ်ကိုင်းကို သူ့တပ်နဲ့ နီးရာကနေအပြင်ကိုမီးရှို့ပြီး စိုးမိုးဖို့ ကြိုးစားမှာပါ။ ထို့အတူ ကယား၊ ချင်းကိုလဲ စိုးမိုးဖို့ ကြိုးစားပါမယ်။ ဒီဗျူဟာအတွက် သူ့မဟာဗျူဟာက ရခိုင်နဲ့ ရှမ်းမြောက်ကို တရုတ်နဲ့ ဂျပန်ကတဆင့် ချော့ထားဖို့ပါ။


သူ့မဟာဗျူဟာကိုလေ့လာရင် ရှမ်းမြောက်နဲ့ ရခိုင်ဟာ ပြည်မမှာ သူစစ်ဆင်နိုင်ဖို့အတွက် အရေးပါပါတယ်။ ဒီနေရာမှာ အများစုဝေဖန်ရေးသမားတွေက NUG က AA နဲ့ UWSA ကို စည်းရုံးဖို့ဘက်ကအဓိကပြောတာတွေ့ရပါတယ်။ စာရေးသူအနေနဲ့ကတော့ AA၊ UWSA၊ RCSS၊ MNDA၊ TNLA တို့အနေနဲ့က မိမိတို့ မအလအစိုးရကို ဖြုတ်ချလိုရင် ယခုအချိန် တိုက်ရမှာဖြစ်ပြီး မဖြုတ်ချဘဲ မိမိလိုလားတဲ့နိုင်ငံသစ်ကို မအလကို မဖြုတ်ဘဲနဲ့ မရဘူးဆိုတာပါ။ ဒါကြောင့် မဟာဗျူဟာအရ အဆိုပါအဖွဲ့များကစဉ်းစားရပါမယ်။ ဒီနေရာမှာ KNU တပ်မဟာ ၅၊ ကိုးကန့်၊ AA တို့က NUG ရဲ့ PDF တပ်ကိုမဟုတ်ဘဲBPLA၊ MRDA ၊ PRA နဲ့ အခြားအဖွဲ့ခွဲတွေကို ထောက်ပံ့ပြီး တော်လှန်ရေးကို ခွဲထုတ်ဖို့ကြိုးစားတာ တွေ့ရပါတယ်။ ဒါဟာ ရေရှည်မှာ အဆင်မပြေနိုင်လို့ အဆိုပါအဖွဲ့များကသာ ဆုံးဖြတ်ရမှာပါ။


နောက်အချက်က မအလဟာ ချင်း၊ ကချင်၊ ကရင်၊ ကယားကပစ်မှတ်တွေကို လေကြောင်းက ပိုတိုက်လာမှာပါ။ သူကထင်ရင် ဘယ်နေရာမဆို ဝင်တိုက် ဝင်ပစ်မှာပါ။


ယခုက NUG အောက်က PDF နဲ့ ပြည်သူတွေအတွက် စဉ်းစားစရာ နည်းဗျူဟာကိစ္စပါ။ စာရေးသူတို့တော်လှန်ရေးမှာ သတင်းတွေက တအားပေါက်ပါတယ်။ နဂါးနဲ့ကိစ္စမှာ ပုလဲပအဖက ထွက်ရှင်းချိန်မှာမလိုလားအပ်ဘဲ ဘယ်သူပကဖ/ပအဖဘာညာ စရဖက အလွယ်တကူ သိသွားစေပါတယ်။ ထို့အတူ ရွာထဲမှာ ဘယ်သူက PDF လို့ အလွယ်တကူသိစေလို့ အဆိုပါစာရင်းဟာ အဆိုပါရွာနားက ဖွတ်ဘုန်းကြီး၊နန်း၊ ဖွတ်၊ စစ်မှုထမ်းဟောင်း​တွေကဆင့် မအလတပ်က ရရှိပြီး စစ်ဆင်ရေးမှာ သုံးပါတယ်။ ဒါကြောင့်သတင်းလုံခြုံရေးကို ယခင်ကထက်ပိုပြီး လုပ်ရပါမယ်။

နောက် မိမိတပ်ဖွဲ့ရိက္ခာလုံခြုံရေးပါ။ PDF တွေက ရိက္ခာကို ရွာက ပြည်သူတွေထံက ရယူရပါတယ်။ မအလဟာ ရွာတွေကိုမီးရှို့၊ အသစ်ရိက္ခာကို မဖြတ်နိုင်အောင် ပိတ်ဆို့မှာပါ။ ဒါကြောင့် မိမိတိုက်ခိုက်မယ့်နေရာမှာ မြေအောက်ကျင်းတွေနဲ့ မိမိတပ်အဖွဲ့အတွက် ရိက္ခာကို ၆ လစာ ဘယ်လိုသိမ်းထားမလဲစဉ်းစားရပါမယ်။ လူအနည်းစုသာ သိစေပြီး မြေကြီးထဲ/တောထဲမှာ ကျင်းတူးသိမ်းတာမျိုးပါ။ အဆိုပါမြေကျင်းနားမှာ မိုင်းထောင်ထား၊ ထောင်ချောက်တွေ ထားထားရမှာပါ။ ဒါမှမဟုတ်ရင် ရေရှည်မှာတော်လှန်ရေးကို တိုက်ဖို့က ခက်ပါမယ်။ ဒါကြောင့်မြေပြင်က တပ်တွေအနေနဲ့ မအလတပ် မီးရှို့တာကိုဘယ်လိုအရှည်ရင်ဆိုင်မလဲ ပြင်ဆင်ထားရပါမယ်။ ဗီယက်နမ်စစ်က ခုခံတဲ့ မြေကျင်း၊ ဥမင်လှိုင်ခေါင်းနည်းပညာတွေကို လေ့လာပါ။


နောက်ဆုံးက လက်နက်ကိစ္စပါ။ NUG က လက်နက်ထောက်ပံ့ပေးနေပါတယ်။ ထောက်ပံ့ရာမှာ မိမိထံသစ္စာခံတဲ့တပ်ကို ပြတ်ပြတ်သားသား စီစစ်ပြီးထောက်ပံ့ရမှာပါ။ အချို့တပ်က ဥပမာ MRDA ကတပ်ရင်းနှစ်ခု NUG အောက်နဲ့ အခြား MRDA တပ်ရင်းက MRDA အောက်မှာဆိုရင် NUG အတွက် လုပ်ရတာ ခက်ပါမယ်။


အခြား NUG/PDF အတွက် အဓိက ဖြေရှင်းရမှာက မိမိတိုင်း စစ်ဌာနချုပ် ပကဖတွေနဲ့ ဆက်သွယ်ရေးစနစ်ပါ။ အမေရိကန်ဟာ လက်နက်မထောက်ပံ့ပေမယ့် NUG/PDF ကို ဂြိုလ်တုဆက်သွယ်ရေးစနစ်ထောက်ပံ့ရပါမယ်။ ဒီနေရာကနေသာ မအလထိန်းချုပ်တဲ့ ဆက်သွယ်ရေးစနစ်ကို ကျော်လွှားနိုင်မှာပါ။အဖွဲ့အချင်းချင်း ဆက်သွယ်နိုင်မှ စစ်ရေးအရ ချိတ်ဆက်နိုင်မှာပါ။ သတင်းစီးဆင်းနိုင်မှာပါ။


နောက်ကိစ္စက PDF တွေရဲ့ နည်းဗျူဟာကိစ္စပါ။ ဒေသအတွင်း အဖွဲ့များစုစည်းမှုဟာ လုပ်သင့်တဲ့ကိစ္စမဟုတ်ဘဲ လုပ်ရမယ့်ကိစ္စပါ။ NUG ရဲ့အမိန့်အောက်ဝင်ရမှာကလဲ တွေဝေရမယ့်အချိန်မဟုတ်တော့ပါ။နောက်မိမိတပ်တွေကို ရွှေ့လွယ်အောင် ရန်သူကတိုက်ရင် ကာကင်းဘယ်လိုထားမယ် ဘယ်လိုရှောင်မယ် တက်လမ်း၊ ရှောင်လမ်းတွေကို အကုန်စဉ်းစားထားရပါမယ်။ ရန်သူစစ်ကြောင်းထိုးချိန်မှာထိပ်တိုက်မတွေ့ဘဲ ခြုံခိုတိုက်ရှောင်တာက လောလောဆယ်လက်နက်နဲ့ အဆင်အပြေဆုံး နည်းဗျူဟာပါ။


အကျဉ်းချုပ်ရရင် တိုင်းရင်းသားလက်နက်ကိုင်များ၊ အခြားအဖွဲ့များအနေနဲ့ မိမိတို့ရဲ့ လက်ရှိဗျူဟာကို ဘယ်လိုပြင်မလဲ စဉ်းစားရပါမယ်။ စာရေးသူတို့ လက်နက်ကိုင်တော်လှန်ရေးကိုပြောရာမှာ လူ့အခွင့်အရေးနဲ့အညီ တိုက်ခဲ့တဲ့ တိုင်းရင်းသားတွေရဲ့တော်လှန်ရေးက မအလကို အမြစ်မပြတ်နိုင်သေးတာတွေ့ရပါမယ်။ ဒါကြောင့် စာရေးသူတို့ လက်ရှိတော်လှန်ရေးအဖွဲ့တွေအနေနဲ့ NUG အပါအဝင်လက်တွေ့ကျကျ ဘယ်လိုတိုက်မလဲဆိုတဲ့ ဗျူဟာကတော့ စဉ်းစားရမှာပါ။ လက်ရှိမှာ မအလတပ်စစ်ကြောင်းထိုးချိန် သူ့တပ်ထဲမှာလဲ သေသူများပါတယ်။ အချို့စစ်ကြောင်းက ကွန်မန်ဒိုပါ။ ဒါတောင်အသေများပါတယ်။ ဥပမာ လူတစ်ရာပါတဲ့ ၉၉ စစ်ကြောင်းက ၆၀ သာ ကျန်တာပါ။ ဒီသတင်းမျိုးကသိပ်မတက်ပေမယ့် တပ်ထဲမှာ ဖိအားရှိပါတယ်။ ဒါကြောင့် စာရေးသူတို့ ယခုအချိန် ဗျူဟာကိုအချိန်အခါအလိုက် ပြင်ဆင်ပြီး ဆက်တိုက်နိုင်ရင် ယခုထက်ပိုပြီး အောင်မြင်မှာပါ။ အချိန်က စာရေးသူတို့ဘက်မှာလဲ ရှိပါတယ်။ ပြည်ပက ထောက်ပံ့သူ မြန်မာနိုင်ငံသားများကလဲ NUG ကို ဦးစားပေးစေတဲ့ ထောက်ပံ့မှုမျိုးတွေကိုသာ စဉ်းစားကြပါ။ မြန်မာလူမျိုးက အဖွဲ့ကွဲတတ်ပေမယ့် အဖွဲ့မကွဲအောင်ထိန်းရမှာက ပြည်သူပါ။ ပြည်သူတွေကသာ တော်လှန်ရေးကို ဆုံးဖြတ်သွားမှာပါ။

4,992 views0 comments

Recent Posts

See All

လူမျိုးရေးမပါစေနဲ့

စစ်အကြောင်းပြောရာမှာ  လူမျိုးရေး မပါစေပါနဲ့ ဗမာမှာ မအလလို စစ်ခွေးရှိသလို ခွေးဖြစ်လိုတဲ့ပျူရွာတွေ၊ အာဏာကိုအချောင်လိုချင်တဲ့ တတိယအုပ်စုတွေရှိပါတယ် ရှမ်းနီတပ်ဆိုတာ မအလဘောမ ပအို့မှာလဲ ပျူတွေရှိသလို ရှမ်းမ

bottom of page