top of page
Search

ကျနော်တို့နိုင်မှာလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • 5 days ago
  • 2 min read

ယခုအချိန်မှာ လူများခဏခဏမေးတာက ကျနော်တို့နိုင်မှာလားဆိုတာပါ။ အချို့ကလည်း တကယ်စိုးရိမ်လို့မေးတာရှိသလို၊ အချို့ကလည်း ဆိုက်ဝါးအနေနဲ့မေးကြတာပါ။


ဒါကို အတိုကောက်ဖြေရင်တော့ နိုင်မှာက လုံးဝသေချာပါတယ်။ ဘာကြောင့်လဲ။ အောက်ကအချက်တွေကို လေ့လာကြည့်ရအောင်။


ပထမဆုံးနိုင်ဖို့သေချာတဲ့အကြောင်းရင်းကတော့ မအလက ရန်သူအနေနဲ့ရှိနေလို့ပါ။ အဆိုပါအချက်ကိုက နိုင်ဖို့ကို အလွန်သေချာသွားတဲ့အချက်ပါ။ မအလက လောလောဆယ်လည်း ဆင်းဖို့အခြေအနေမရှိသေးလို့၊ သူနောက်ဆုံးထွက်ပြေး ဒါမှမဟုတ် သေသွားမှသာ ဒီပွဲက အဆုံးသတ်သွားမှာပါ။


ယခုအချိန်မှာ တိုက်ပွဲတွေဖြစ်နေဖို့၊ တော်လှန်ရေးသမားဆက်တိုက်နိုင်ဖို့က စိတ်ဓာတ်ပိုင်းဆိုင်ရာအရ တွန်းအားလိုအပ်ပါတယ်။ အင်္ဂလိပ်လိုတော့ motivation ပေါ့။ ဒီနေရာမှာ မအလမျက်နှာမြင်လိုက်တာနဲ့၊ မအလမိန့်ခွန်းပြောတာ နားထောင်လိုက်တာနဲ့၊ ဓားနဲ့ထထိုးချင် သတ်ချင်လောက်အောင် လူအများစုက မအလကို မုန်းတီးသွားကြပါတယ်။ ဒါက မအလက တိုက်ရိုက်ပေးတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တော်လှန်ရေးအတွက် နိုးကြွတက်ကြွစေတဲ့အချက်ပါ။ ဒါမျိုးတွေက ဒီတော်လှန်ရေးမှာ NUG က စစ်ထွက်မိန့်ခွန်းတွေပြော၊ သွေးခွဲစရာတွေပြောပြီး စည်းရုံးစရာမလိုဘဲ အလိုလိုဖြစ်လာတဲ့ ပေးထားချက်ပါ။ ဥပမာ၊ တိုင်းရင်းသားတွေက သူတို့တပ်တွေအတွက် လူသစ်စုဆောင်းချင်ရင် ဗမာမုန်းတီးရေးဘာညာပြောပြီး လူသစ်တပ်သား စုဆောင်းရတာပါ။ ယခုတော်လှန်ရေးမှာတော့ NUG တို့ NLD တို့က ဘာမှပြောစရာမလိုဘဲ၊ မအလရဲ့အသံ၊ လုပ်ပုံကိုင်ပုံတွေနဲ့တင် တော်လှန်ရေးအတွက် တပ်သားသစ်တွေက အလိုလိုဝင်လာစေတာပါ။


ဒါတင်ပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။ မအလက ဗုံးကျဲ၊ ရွာမီးရှို့၊ လူသတ်နေတာတွေက ပြည်သူတွေကို အကြောက်တရားမဖြစ်စေဘဲ၊ မအလနဲ့ မအလတပ်ကို ပိုမိုမုန်းတီးသွားစေပြီး၊ သေသည်အထိတိုက်သွားမယ်ဆိုတဲ့ စိတ်ဓာတ်ကိုသာ ဖြစ်သွားစေခဲ့ပါတယ်။ ဒါက တော်လှန်ရေးဟာ လွယ်လွယ်နဲ့မရပ်သွားတော့ဘူးဆိုတာကို ဖြစ်စေတဲ့ နောက်အဓိကအချက်ပါပဲ။


ဒါဆိုရင် အချို့လူတွေစိုးရိမ်တဲ့ ရွေးကောက်ပွဲကိစ္စကို ပြန်ကြည့်ရအောင်။ ဒီနေရာမှာ အချို့လူတွေက ရွေးကောက်ပွဲသာ မအလက ကျင်းပနိုင်ရင်၊ မအလနိုင်သွားမလိုလို ရူးကြောင်ကြောင်ပြောနေကြသူတွေ ရှိကြပါတယ်။ ရွေးကောက်ပွဲဆိုတာက နိုင်ငံရေးအရထွက်ပေါက်ဖြစ်နိုင်မှသာ အောင်မြင်တာပါ။ ယခုမအလက ရွေးကောက်ပွဲလုပ်နိုင်တယ်ဆိုရင်၊ မအလက စစ်ဗိုလ်တစ်ဦးကို အာဏာပြောင်းရုံနဲ့ ဘာမှဖြစ်မသွားပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ယခင်က သိန်းစိန်လက်ထက်လုပ်နိုင်တာက အတိုက်ခံတွေမှာ စစ်တပ်မရှိလို့ပါ။ ယခုအချိန်မှာ PDF တွေ ဖြစ်ပေါ်နေပါပြီ။ အားလုံးမှာ သေနတ်တွေနဲ့ပါ။ ဒါကြောင့် မအလဟာ သူလုပ်ချင်တာတွေကို လုပ်လို့မရနိုင်တော့ပါ။ ရွေးကောက်ပွဲတောင် PDF က တားရင် ယခင်ကလို လုပ်မရပါ။ PDF တွေက ဆက်ပြီးတိုက်ပွဲဝင်နေကြမှာပါ။ ရွေးကောက်ပွဲနိုင်တိုင်းသာ ပြဿနာပြေလည်တယ်၊ စစ်နိုင်တယ်ဆိုလို့ရှိရင်၊ ဆီးရီးယားသမ္မတ အာဆတ်ဟာလည်း ၂၀၂၁ မေ ၂၆ မှာ ဆီးရီးယားက ရွေးကောက်ပွဲကြီးကို ၉၅.၁ ရာခိုင်နှုန်းနဲ့ သောင်ပြိုကမ်းပြိုနိုင်ခဲ့ပါတယ်။ ၂၀၂၁ မှာ နိုင်ခဲ့ပြီးတော့ ၂၀၂၄ ဒီဇင်ဘာမှာတော့ မော်စကိုကို ပြေးသွားခဲ့ရတာ အားလုံးအသိပါ။ ဒါကြောင့် ရွေးကောက်ပွဲနိုင်တိုင်းလည်း စစ်နိုင်တာမဟုတ်ပါ။ အာဆတ်ကိုတော့ မအလလို ရုရှားက ထောက်ခံပေးခဲ့တာပါ။ ရုရှားလေယာဉ်တွေနဲ့ကို ပေါ်တင်ဗုံးကြဲပေးခဲ့တာပါ။ ဒီကြားထဲက အာဆတ်ရှုံးသွားခဲ့တာပါ။ ထို့အတူပါပဲ၊ အာဖဂန်မှာလည်း အမေရိကန်ကြီးကိုယ်တိုင်က ရွေးကောက်ပွဲလုပ်ပေးပြီး သမ္မတရွေးကောက်ပွဲကို ၂၀၁၉ မှာ လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်က ၂၀၂၀ ဖေဖော်ဝါရီမှာ ထွက်ပေါ်ခဲ့ပါတယ်။ အမေရိကန်က ထိုအစိုးရကို ခေတ်မီလက်နက်တွေ၊ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ မျိုးစုံထောက်ပံ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုအာဖဂန်အစိုးရဟာ နောက်ဆုံးမှာတော့ တာလီဘန်ဖယ်ရှားတာ ခံခဲ့ရပြီး ၂၀၂၁ သြဂုတ်လမှာ ထွက်ပြေးသွားခဲ့ရပါတယ်။ ဒီဥပမာတွေက ရွေးကောက်ပွဲနိုင်သွားရင်တောင် အားလုံးအဆင်ပြေသွားတာမဟုတ်ဘူး စစ်နိုင်သွားတာ မဟုတ်ဘူးဆိုတာကို လက်ရှိ ၂၀၂၀ နောက်ပိုင်း ဥပမာလေးတွေနဲ့ လူတွေထင်သာမြင်သာအောင် ချပြတာပါ။


ဒါဆို နောက်အချက်အနေနဲ့ ယခုလိုဗုံးတွေကြဲလို့၊ လက်နက်ကြီးတွေနဲ့ ပစ်နိုင်လို့ မအလက နိုင်သွားမလားဆိုပြီး စိုးရိမ်နေသူ၊ စိတ်ပူနေသူတွေလည်း ရှိကြပါတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တိုင်း၊ လေယာဉ်ပျံတွေနဲ့ ဗုံးကြဲတိုင်းသာ စစ်ပွဲတွေနိုင်ခဲ့တယ်ဆိုလို့ရှိရင်၊ ဗီယက်နမ်ကနေ အမေရိကန်ထွက်ပြေးစရာအကြောင်းမရှိသလို၊ အာဖဂန်ကနေလည်း အမေရိကန်ထွက်ပြေးစရာအကြောင်းမရှိပါ။ အာဖဂန်ကနေလည်း ဆိုဗီယက်တပ်ကြီး ထွက်ပြေးစရာအကြောင်းမရှိပါ။ ယခုလိုအင်အားကြီးနိုင်ငံက ဒုံးတွေ၊ လေယာဉ်ပျံတွေနဲ့ ဝိုင်းဗုံးကြဲလို့သာ နိုင်ခဲ့ရင်၊ ဆီးရီးယားသမ္မတ အာဆတ်က မော်စကိုထွက်ပြေးစရာအကြောင်း လုံးဝမရှိပါ။ သူတို့တွေ သက်ဆိုးရှည်တာလေးတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ပြည်သူကသာ အောင်ပွဲခံမှာပါ။ သူ့ရဲ့အဓိကဗုံးကြဲတဲ့အချက်က သာမန်ပြည်သူတွေ သေစေပြီး၊ ပြည်သူနှင့် NUG ကို တတိယအုပ်စု၊ တပ်ကမိုးညိုတို့နဲ့ အခြားခွေးလေခွေးလွင့်တွေ စစ်တပ်ဆိုက်ဝါးတွေကနေ တဆင့် သွေးခွဲဖို့ ကြိုးစားကြည့်တာပါ။ ဒါပေမဲ့ ယခုလိုဗုံးကြဲလို့ သေသွားတဲ့ကလေးတွေရဲ့ မောင်နှမတွေ၊ မိဘတွေက တော်လှန်ရေးသမားအသွင်တွေ ပြောင်းပြီး မအလကို အနိုင်တိုက်ဖို့ ဆုံးဖြတ်သွားသူတွေကသာ ပိုများကြပါတယ်။ ထို့အတူပါပဲ၊ နာကျင်မှုခံစားရတဲ့ နိုင်ငံခြားကလူတွေကလည်း ယခင်ကထက် ပိုစု၊ ပိုလှူဖို့သာ တွန်းအားဖြစ်သွားစေမှာပါ။ ဒါကြောင့်မို့လို့ ယခုလိုဗုံးကြဲတာတွေက ရေတိုမှာ နည်းဗျူဟာပြောင်းဖို့ ဖြစ်သွားစေမှာဖြစ်ပေမယ့်၊ မအလကို မဟာဗျူဟာအရ အပြီးသတ်တိုက်ထုတ်ဖို့အတွက် ဆုံးဖြတ်ချက်ချထားတာတွေကိုတော့ ပြောင်းလဲသွားစေမှာမဟုတ်တာ မုချသေချာပါတယ်။


အကျဉ်းချုပ်ရရင်၊ ဒီတော်လှန်ရေးက အောင်ကိုအောင်မှာပါ။ ဘာလို့လဲဆိုတော့ ပြည်သူက မအလနဲ့ သူ့ရဲ့အကြမ်းဖက်စစ်တပ်ကို အပြီးတိုင်ချေမှုန်းမယ်လို့ သံဓိဋ္ဌာန်ချထားလို့ပါ။ နောက်ဆုံးကတော့ ပြည်သူသာအဓိကပါ။ ပြည်သူညီရင် ဆိုဗီယက်တပ်ကြီးလည်း အာဖဂန်က ထွက်ပြေးခဲ့ရသလို၊ ဆီးရီးယားမှာလည်း ရုရှားတပ်ကြီး ထွက်ပြေးခဲ့ရပါပြီ။ ဗီယက်နမ်နဲ့ အာဖဂန်မှာလည်း အမေရိကန်စစ်တပ် ထွက်ပြေးသွားခဲ့ရပါတယ်။ ပြည်သူညီရင်၊ တရုတ်တပ်လည်း ဗီယက်နမ်မှာ စစ်ရှုံးထွက်ပြေးသွားခဲ့ရတယ်ဆို၊ ဘယ်တော့မှ မမေ့ကြပါနဲ့။ နောက်ဆုံးကတော့ ပြည်သူသာအဓိကပါ။ ပြည်သူညီရင် လေယာဉ်ပေါ်က ဗုံးတွေက နေပြည်တော်ကို မကာကွယ်နိုင်ပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


ahmay61
4 days ago

မြန်မာနိုင်ငံအတွက် …ပြည်သူတွေအတွက် ဖက်ဆစ်တပ်ကို ငါတို့နိုင်ကိုနိုင်ရမည်

Edited
Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page