top of page
Search

NUG ၏ ထိရောက်မှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 21, 2021
  • 1 min read

စာရေးသူတို့ ယခင် ၁၉၉၀ နောက်ပိုင်း စင်ပြိုင်အစိုးရလက်ထက်မှာ ပြည်တွင်းမှာ အစိုးရကို အမိန့်နာခံတဲ့ လက်နက်ကိုင်အဖွဲ့မရှိခဲ့ပါ။ ဒါ့ကြောင့် စီးပွါးရေးပိတ်ဖို့ကအစ နိုင်ငံခြားအစိုးရတွေကို အားကိုးခဲ့ရပါတယ်။ ယခု ၂၀၂၁ ပါ။ ၂၀၂၀ ပြည်သူတင်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အခြေခံပြီး NUG အစိုးရကို ဖွဲ့နိုင်ခဲ့ပါတယ်။ လွှတ်တော်ကိုလဲ နည်းပညာအသုံးချပြီး ခေါ်နိုင်ခဲ့ပါတယ်။ ကိုဗစ်ရောဂါကြောင့် နိုင်ငံခြားကလွှတ်တော်တွေတောင် လိုင်းပေါ်မှာလုပ်နေခဲ့ရလို့မြန်မာပြည်ရဲ့လွှတ်တော်တရားဝင်မှုဟာ လိုင်းပေါ်ကပေမယ့်လဲ အားကောင်းခဲ့ပါတယ်။


ဒါပေမယ့် NUG ရဲ့ နောက်ပိုင်းလုပ်ဆောင်ချက်တွေဟာ မအလရဲ့ ဖက်ဆစ်အစိုးရကို ထိုးနှက်နိုင်လာတာ တွေ့ရပါတယ်။ ဘာတွေလဲ? စာရေးသူဟာ NUG ရဲ့ စီမံဘဏ္ဍာဝန်ကြီးကို မကြားဖူးခဲ့ပါ။ဒါပေမယ့် သူ့ရဲ့ရိုက်ချက်တွေဟာ တရုတ်နိုင်ငံကိုတောင် ရင်းနှီးမြုပ်နှံမှုမလုပ်နိုင်အောင် တားထားနိုင်တာ တွေ့ရပါတယ်။ သူ့ရဲ့ပထမကြေညာချက်က မအလနဲ့ စာချုပ်ပြီး ရင်းနှီးမြုပ်နှံရင်တရားမဝင်လို့ ကြေငြာလိုက်တာပါ။ ဒါ့ကြောင့် NUG အစိုးရ အသိအမှတ်မပြုတဲ့ ရင်းနှီးမြုပ်နှံမှုဟာ ပြည်သူရဲ့ ဒဏ်ခတ်တာခံရမယ်ဆိုတာ သူတို့သဘောပေါက်သွားတာပါ။ ပုံမှန်ဆိုရင် NUG ကလေဆိုပြီး တရုတ်နဲ့ အာဆီယံအစိုးရအချို့က ထင်နိုင်ပေမယ့် ဒေသခံ PDF တွေအားကြောင့် သူတို့လုံးဝ NUG ကို မျက်ကွယ်ပြုလို့ မရပါ။

ဒုတိယက NUG က ထီထရောင်းတာပါ။ ဒါကိုပိတ်ဖို့ကြိုးစားရာက မအလရဲ့ လက်ကျန်လိုင်းပေါ်ကဘဏ်စနစ်ပါ ပြိုလဲမလိုဖြစ်လာတာပါ။ economic suicide မအလက မိမိကိုယ်ကို စီးပွါးရေးအရ သတ်သေသလိုဖြစ်တာပေါ့။ ဒါကို NUG က မအလထီရောင်းသူဟာ တရားမဝင်လို့ကြေညာလိုက်တော့ မအလကို ထပ်အလဲထိုးလိုက်တာပါ။ နောက် NUG က မအလဖက်ဆစ်တပ်နဲ့အစိုးရကို မတရားအသင်း အကြမ်းဖက်အဖွဲ့ ကြေညာထားလို့ မအလအောက် အလုပ်လုပ်နေသူများဟာလဲ အကြမ်းဖက်သမားဖြစ်သွားခဲ့ပါတယ်။

ယခုနောက်ဆုံး NUG ရေဒီယိုကို နားထောင်မှာစိုးလို့ ရေဒီယိုတွေ လိုက်သိမ်းတာက မအလဟာနိုင်နေတဲ့အစိုးရနဲ့မတူဘဲ ပြုတ်ခါနီးအစိုးရနဲ့ ပိုတူနေတာကို ပြနေပါတယ်။ မိမိကိုယ်ကို မအလကယုံကြည်မှုမရှိတာကို ပြနေပါတယ်။

နောက် မအလဟာ NUG က ဘာထလုပ်လုပ် ညတွင်းချင်းအစည်းအဝေးခေါ် ထညွှန်ကြားနဲ့အလွန်ကြောက်နေတာကို တွေ့ရပါတယ်။ ဥပမာ NUG ဒုသမ္မတက D Day အတွက်ပြင်ဆိုတာနဲ့သူကလဲ တပ်လှန့်တာ အပြင်ထွက်ခွင့်ပိတ်တာကို သက်တမ်းတိုးတာတွေ လုပ်လာပါတယ်။ အချို့ကိစ္စတွေမှာ ဆရာဇော်ဝေစိုးရဲ့ Facebook ပေါ်က စာလောက်နဲ့တောင် ပြင်ဆင်တာတွေ့ရပါတယ်။ နောက်ပိုင်းဆရာဇော်ဝေစိုး လိုင်းပေါ်မှာ စာရေးမှာတောင် တပ်ထဲမှာကြောက်လာကြပါတယ်။

NUG က ICC ရဲ့ စီရင်ခွင့်ကို အသိအမှတ်ပြုလက်မှတ်ထိုးတယ်ဆိုတာက စာရေးသူတို့တောင်ဘာမှသေချာသိတာမဟုတ်ပါ။ ဒါပေမယ့် မအလက နိုင်ငံခြားရေးဝန်ကြီးဌာနကို ICC အသိအမှတ်ပြုနိုင်ငံတွေကို စာရင်းပြုစုခိုင်းပြီး သူ့လူတွေ မသွားရစာရင်း လုပ်လာနေပါပြီ။ ဒါကဥရောပက မအလအဖွဲ့ကို ဗီဇာပိတ်တာမဟုတ်ဘဲ NUG ရဲ့ စာတစ်စောင်နဲ့ မအလအဖွဲ့ဝင်တွေသွားလို့ရတဲ့နိုင်ငံ နည်းသွားတာပါ။

ယခုဖြစ်နေတာတွေကို ပြန်လေ့လာကြည့်ရင် NUG အစိုးရဟာ ဘယ်ခေတ်ကနဲ့မှမတူအောင် မအလဖက်ဆစ်တပ်ကို ဒုက္ခပေးနိုင်တာ တွေ့ရပါတယ်။ အာဆီယံကိုယ်စားလှယ်လာလာ မလာလာပြည်သူတွေက မိမိတို့လုပ်စရာရှိတာကို ဆက်လုပ်ရမှာပါ။ တိုက်ပွဲတိုင်းဟာ အနိုင်လိုချင်ရင်ပေးဆပ်ရမှာပါ။ ပြည်သူသာ အဓိကပါလို့ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page