top of page
Search
  • Writer's pictureMyat Tun Oo

Lockdown ၏ကောင်းကျိုး ဆိုးကျိုးများ


ယခု COVID 19 မှာ ခေတ်စားနေတာက Lockdown ဆိုတာလေးပါ။ ဒီဆောင်းပါးမှာ Lockdown လုပ် မလုပ်ဆိုတာကို ငြင်းခုံမှာမဟုတ်ဘဲ လုပ်ရင်ရမယ့် အကျိုးအပြစ်ကို ရေးပြတာပါ။ ဆုံးဖြတ်ရမှာကပြည်သူက တင်မြှောက်ထားတဲ့ အစိုးရကသာ ဆုံးဖြတ်ရမှာပါ။

ဒီနေရာမှာ တပ်ထဲမှာ Lockdown လုပ်တာက တပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုတွေကို ခွင့်ပြုချက်မရဘဲအပြင်မထွက်ရလို့ အမိန့်ထုတ်လိုက်ရုံပါ။ တပ်ထဲမှာ ရိက္ခာအသင့်ရှိသလို သူတို့ရဲ့ လစာကလဲ အစိုးရထံက မပူပင်ဘဲ ရနေပါတယ်။ သူတို့က ကုန်ထုတ်လုပ်ငန်း လုပ်နေတာမဟုတ်လို့ တိုင်းပြည်စီးပွါးရေးလဲ မထိခိုက်ပါ။

ဒါဆိုရင် Lockdown က ဘာလဲ။ လူတွေကို လူစုလူဝေးမလုပ်ခိုင်းတာ မလိုအပ်ဘဲ အပြင်မထွက်ခိုင်းတာ အလုပ်မသွားခိုင်းတာကို ခေါ်တာပါ။ ပုဒ်မ ၁၄၄ ကို ညပိုင်းမဟုတ်ဘဲ တစ်နေကုန်ထုတ်ထားတာမျိုးပါ။ သူ့မှာ ထူးခြားတာက လူတွေကို စျေးတော့ ပေးဝယ်ထွက်တာပါ။ နောက် ၁၄၄ လို ပစ်တာတွေတော့ မရှိပါဘူး။ မြို့ထဲကလူတွေ အပြင်ကိုပေးမထွက်တာ၊ အပြင်ကလူတွေ အထဲကို ပေးမဝင်တာတွေလဲ လုပ်ပါတယ်။

ပထမဆုံး Lockdown စလုပ်တာက တရုတ်ပြည်မှာပါ။ သမ္မတရှီက ဝူဟန်ကို ပိတ်ဆိုတာနဲ့ ရဲနဲ့ တရုတ်ပြည်သူ့တပ်မတော် PLA က ထပိတ်လိုက်ပါတယ်။ သူက ကွန်မြူနစ်မိုလို့ ဘုရားမရှိလို့ ဘုရားကျောင်းတွေ ဝတ်ပြုရာနေရာတွေပါ ပိတ်လိုက်ပါတယ်။ လူတွေကို အလုပ်မဆင်းခိုင်းပါ။ပိတ်မိနေသူတွေကိုစားစရာလိုက်ဝေပါတယ်။ သူ့မှာက အစိုးရမှာ ပိုက်ဆံရှိပြီး အတိုက်အခံမရှိပါ။ အာခြောင်ရင် စွဲစိလိုက်ပါတယ်။ ဆေးရုံအသစ်တွေကို ၁၀ ရက်အတွင်း ဆောက်ခဲ့ပါတယ်။ စီးပွါးရေးအရ ထိခိုက်ခဲ့ပေမယ့် တရုတ်ဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး စီးပွါးရေးမိုလို့ အပြုံးမပျက်ခဲ့ပါ။ နှစ်လလောက် ပိတ်အပြီးမှာ ယခုအဆင်ပြေနေပါပြီ။

သူ့ရဲ့ဆန့်ကျင်ဘက်ကတော့ တောင်ကိုရီးယားပါ။ သူကတော့ တရုတ်လို Lockdown မလုပ်သလိုအာဏာရှင်နည်းမသုံးခဲ့ပါဘူး။ သူ့အောင်မြင်မှုရဲ့ သော့ချက်ကတော့ ရောဂါပိုးဖြစ်နိုင်သူတွေကိုအထင်လောက်နဲ့ သောင်းချီစစ်တာ သီးခြားခွဲထားတာတွေနဲ့ သူတို့နဲ့ ထိတွေ့နိုင်သူတွေကိုပါ စစ်ပြီးခွဲထားခဲ့တာပါ။ တောင်ကိုရီးယားက အင်တာနက်နဲ့ မိုဘိုင်းဖုန်းအသုံးပြုသူများပြီး နည်းပညာကိုအသုံးချသွားခဲ့ပါတယ်။ သူစစ်ခဲ့တဲ့နှုန်းက လူတစ်သန်းမှာ ၅၂၀၀ ဖြစ်ပြီး အမေရိကန်ရဲ့ လက်ရှိစစ်နိုင်တဲ့နှုန်းက လူတစ်သန်းမှာ ၇၄ ယောက်ပါ။ စစ်ဖို့အတွက် ပိုက်ဆံများစွာ အကုန်ခံခဲ့ပါတယ်။ ပိုးစစ်ခကတစ်ခါစစ်ရင် ဒေါ်လာ ၁၃၄ ပါ။ တောင်ကိုရီးယားက တိုးတက်ပြီးတိုင်းပြည်မိုလို့ လူတွေက အကုန်ခံနိုင်ပါတယ်။ သူ့ကျန်းမာရေးစနစ်က single payer မိုလို့ လွယ်သွားတယ်လို့ပြောပါတယ်။ ကြည့်ရတာက အမေရိကန်လို အာမခံကုမ္ပဏီများစွာမရှိဘဲ တစ်ဖွဲ့ထဲက ကိုင်ထားပုံပါ။

ယခုအီတလီ၊ စပိန်နဲ့ အင်္ဂလန်မှာကတော့ Lockdown စလုပ်နေကြပါပြီ။ Lockdown လုပ်ရင် ဘာတွေလုပ်ရသလဲ။ လူတွေကို မလိုအပ်ဘဲ လမ်းပေါ်မထွက်ဖို့ မီးဖိုချောင်အတွက် စျေးဝယ်ဖို့သာ လမ်းပေါ်ထွက်ဖို့ မိမိအိမ်မှာသာနေပြီး မိမိအမျိုးအိမ်တောင်မသွားဖို့ ပြောရပါတယ်။ ဒါ့အပြင် အဓိကအလုပ်တွေကလွဲရင် အလုပ်မလုပ်ဘဲ အိမ်မှာနေဖို့ လူတွေကို ပြောရပါတယ်။ ဒါမျိုးလုပ်ရင် ရောဂါကူးစက်နှုန်း ကျဆင်းလာပြီး ရောဂါကို ထိန်းချုပ်လာနိုင်ပါတယ်။ ဒါကတော့ လက်တွေ့ပါ။ ဒါကြောင့်ရောဂါကို ထိန်းချုပ်ဖို့တော့ အင်မတန်ကောင်းပါတယ်။ အိန္ဒိယမှာ မိုဒီက lockdown လုပ်လိုက်ချိန်မှာဆင်းရဲသားတွေ ဒုက္ခရောက်သွားလို့ ဒီအပတ်မှာ တောင်းပန်သွားတာလဲ ရှိပါတယ်။ အိန္ဒိယကတော့ ဥရောပမဟုတ်ဘဲ ဆင်းရဲသူများလို့ Lockdown မှာ ဆင်းရဲသားတွေ ခံသွားရပါတယ်။

ဒါဆိုရင် မြန်မာပြည်မှာ လုပ်သင့်လား? သူ့ရဲ့ စီးပွါးရေးဆိုင်ရာ သက်ရောက်မှု economic impact ကိုလေ့လာရအောင်။ ဘယ်သူက အဓိကကျတဲ့ အလုပ်သမားတွေ (key worker) တွေလဲ။ ဆရာဝန်၊သူနာပြု၊ ရဲနဲ့ တပ်မတော်သားကတော့ သတ်မှတ်ရတာ လွယ်ပါတယ်။ ဒါဆိုရင် မီးသတ်ကရော၊ ထွေအုပ်ကရော၊ ဆေးရုံက သန့်ရှင်းရေးသမား၊ ဓာတ်မှန်ရိုက်သူတွေဟာလဲ အဓိကကျနေပြန်ပါတယ်။ဒါက အလုပ်တွေရဲ့ တန်ဖိုးကိုပြတာပါ။ ဥပမာ စည်ပင်က အမှိုက်သိမ်းသမားရှိမှ ဒီရောဂါကာကွယ်နိုင်မှာပါ။ သူဟာလဲ ဆရာဝန်နီးပါး တပ်မတော်က ဗိုလ်ချုပ်မေ င်မောင်နီးပါး အရေးပါပါတယ်။ စျေးမှာဆိုရင် ဆန်၊ ဆီ၊ ဆား၊ အသားရောင်းသူတွေက အဓိကကျပါတယ်။ အထည်သမား၊ ရွှေဆိုင်ကတော့ပိတ်လို့ရမှာပါ။ ဘတ်စကားမောင်းသူကလဲ အဓိက ကျပြန်ပါတယ်။ ဒါတွေကို အစိုးရက သတ်မှတ်ပေးရပါမယ်။ ဒီထက်အရေးကြီးတာက ဥရောပမှာလို အလုပ်သမားတွေကို အရေးမကြီးတဲ့အလုပ်ကိုသွားမဆင်းနဲ့လို့ပြောရင် သူတို့ကို ကျွေးထားဖို့ လိုလာပြန်ပါမယ်။ ဟိုမှာလို လစာမပေးနိုင်လို့ မြန်မာပြည်မှာ အစိုးရက ဆန်၊ ဆီ၊ ဆားတွေကို လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်က စက်မှုဇုံတွေမှာဒုက္ခသည်ကို လိုက်ဝေသလို ဝေရပါမယ်။ မဟုတ်ရင် လက်လုပ်လက်စားများက ဝူဟန်ကြောင့်မသေဘဲငတ်ပြီးသေသွားနိုင်ပါတယ်။ အိန္ဒိယမှာလို လက်လုပ်လက်စားတွေ ဒုက္ခရောက်သွားနိုင်ပါတယ်။ စက်ရုံတွေပိတ်ရင် ဝင်ငွေကျတာ အလုပ်လက်မဲ့တွေ economic impact၊ သူတို့က အလုပ်မရှိလို့ ခိုးရင်social impact၊ မတည်ငြိမ်ရင် political impact တွေရှိနိုင်ပါတယ်။ နောက် ဒီလိုအမိန့်ထုတ်ရင် အမိန့်ကိုဩဇာတည်ဖို့က ရဲနဲ့ တပ်လိုလာနိုင်ပါတယ်။ တပ်က ကာလုံမခေါ်ဘဲ ဝင်ကူမလား မေးစရာရှိလာနိုင်ပါတယ်။

အကျဉ်းချုပ်ရရင် Lockdown မှာ ကောင်းတာနဲ့ ဆိုးတာ တွဲနေပါတယ်။ အထက်မှာရေးပြတာက ဥပမာအနေနဲ့သာပါ။ ဆုံးဖြတ်ရမှာကလဲ လက်ရှိခြေဥအရ ပြည်ထောင်စုအဆင့်ကပါ။ သေချာစွဲထားတဲ့ ခြေဥရှိတဲ့ အမေရိကန်မှာတောင် နယူးယောက်ကို Lockdown လုပ် မလုပ် ထရမ့်နဲ့ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး (မြန်မာပြည်က တိုင်းဒေသကြီး ဝကခအဆင့်) တို့ ငြင်းခုံနေဆဲပါ။

ကြားဖြတ် အလယ်အလတ် မြန်မာ့နည်းကတော့ အိမ်မှာလူအများစုက နေနိုင်သလောက်နေ တစ်နေ့လုပ်တစ်နေ့စားကို အလုပ်ရှိရင် လုပ်ခွင့်ပေးပြီး သူတို့ရဲ့ လုပ်ငန်းခွင်မှာ အဖျားတိုင်းတာ၊ စောင့်ကြည့်တာ၊ ချောင်းဆိုးရင် ပိုးစစ်တဲ့ အလယ်အလတ်နည်းလမ်းပါ။ ဥပမာ သူတို့ကို လှိုင်သာယာစက်မှုဇုံ၊ ဒဂုံစက်မှုဇုံ ဒေသအလိုက်ပေးသွားပြီး အခြားမြို့နယ်ကို ပေးမထွက်တာမျိုးTownship level quarantine Lockdown ပေါ့။ သူတို့လဲ အလုပ်ဆင်းရလို့အဆင်ပြေ အခြားပြည်သူလူထုလဲ အဆင်ပြေ။ နောက်သူတို့ကိုလဲ စောင့်ကြည့်နိုင်တာမျိုးပေါ့။ မြန်မာပြည်မှာက နွေရာသီဖြစ်နေတာ၊ ကျောင်းပိတ်ရာသီဖြစ်တာ၊ သင်္ကြန်ရုံးပိတ်ရက်နားနီးလို့ Lockdown နီးပါး ဆင်တူဖြစ်နေတဲ့ အားသာချက်တွေလဲ ရှိနေပါတယ်။

စာရေးသူက အကျိုးအကြောင်း အဆိုးအကောင်းကိုသာ ရေးပြတာပါ။ စဉ်းစားဆုံးဖြတ်ရမှာက အစိုးရတာဝန်ပါ။ အရေးကြီးတာကတော့ ပြည်သူတွေပါဘဲ။ ဘာလုပ်လုပ် ပြည်သူပါမှ အဆင်ပြေမှာပါ။ပြည်သူတွေကလဲ ပူးပေါင်းပါဝင်မယ်လို့ ယုံကြည်ပါတယ်။ ဒီအစိုးရမှာ အားကိုးစရာဆိုလို့ ပြည်သူသာရှိပါတယ်။

Photo Source : CNN, HRW, Reuters, Al-Jazeera, France TV

241 views0 comments

Comentários


bottom of page