top of page
Search

အရှိန်ရလာသော တော်လှန်ရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 7, 2022
  • 1 min read

တော်လှန်ရေးကို အပေါ်ယံကြည့်ရင် ရွာတွေမီးရှို့ခံရတာ၊ သာမန်အရပ်သားတွေသေတာကြည့်ရင် စိတ်မကောင်းစရာပါ။ အချို့က စစ်ပွဲကြောင့် ကြားလူတွေသေရတယ် စစ်ပွဲရပ် မအလကို အရှုံးပေးပါဆိုပြီးဘောမတွေက အော်ကြမှာပါ။ အချို့သတင်းထောက်တွေ ဘီဘီစီမြန်မာပိုင်းကလဲ ပြည်သူတွေနာမယ်ပေါ့။ငြိမ်းချမ်းရေးပွဲစားကလဲ ပြည်သူတွေ နာမယ်ပေါ့။ယခု ရုရှားက ယူကရိန်းကို ဝင်တိုက်ချိန်မှာ အဆိုပါလူတွေအတွက် ပြောစရာ ဂွင်ကျဉ်းသွားခဲ့ပါတယ်။ ရုရှားတပ်ဟာ စစ်မြေပြင်မှာ စစ်ရှုံးနေပြီး မအလတပ်လိုအရပ်သားသတ်တာ ဖြတ်လေးဖြတ်လုပ်တာ မုဒိမ်းကျင့်တာ စတဲ့နည်းတွေကို သုံးလာနေပါပြီ။ ရုရှားက ဒီလိုလုပ်တာကို ဘီဘီစီ အင်္ဂလိပ်ပိုင်းက ယူကရိန်းပြည်သူတွေနာမယ်ဆိုပြီး ယူကရိန်းအစိုးရကို ခံချတာ မရပ်ခိုင်းပါ။

စာရေးသူအနေနဲ့ ယခုရက်ပိုင်းမှာ တော်လှန်ရေးအတွက် အားတက်စရာတွေ တွေ့လာနေရပါတယ်။ ပထမက စစ်ကိုင်းက PDF တွေရဲ့လက်နက်တွေပါ။ သူတို့တွေဟာ ခေတ်မှီလက်နက်တွေကို ယခင်ကထက် ပိုကိုင်လာနိုင်တာ သတိထားမိပြီး မအလရဲ့ ရဲစခန်းတွေ စစ်စခန်းတွေကို စစ်ဆင်ရေးတွေ လုပ်လာနိုင်နေတာပါ။ လက်နက်ကြီးတွေ မသုံးနိုင်သေးပေမယ့် မအလတပ်ကို ဝင်တိုက်ရဲတဲ့အထိ လက်နက်က ကောင်းလာနေတာတွေ့ရပါတယ်။

ဒုတိယက PRF အဖွဲ့ဝင်ကိစ္စပါ။ ပြည်ပရောက် မြန်မာတွေရဲ့ တော်လှန်ရေးအသိ မြင့်လာခဲ့ပြီးPRF တော်လှန်ရေးမိသားစုဝင် အရေအတွက် များလာတာပါ။ ဒါကလစဉ်တော်လှန်ရေးအတွက် စစ်ရန်ပုံငွေပါ။ တချိန်ထဲမှာ ပန်ဆယ်လိုက မြန်မာလူမျိုးများကို လှုံ့ဆော်လို့လေယာဉ်ပစ်လက်နက်အတွက် ငွေရပြီး ဝယ်နိုင်ခဲ့ရင် မအလတပ်အနေနဲ့ တိုက်ရတာ ပိုခက်လာမှာပါ။ NUG ကလဲ တော်လှန်ရေးရန်ပုံငွေကို ငွေတိုက်စာချုပ်နဲ့ တော်လှန်ရေးမိသားစုကနေ စရလာနေလို့ စစ်ပြင်ရတာ အဆင်ပိုပြေလာနေပါပြီ။

အဓိကက မြို့ပေါ်ပြောက်ကျားများရဲ့ အခမ်းကဏ္ဍပါ။ ဗဟိုဘဏ်ဒုဥက္ကဌကို ဘယ်သူသတ်လဲ စာရေးသူမသိပေမယ့် နေပြည်တော်မှာ တုန်လှုပ်ချောက်ချားမှုတွေစဖြစ်နေပါပြီ။ သူတို့ဟာ ငါတို့ရဲ့ ဒုဝန်ကြီး ဇော်မဲလုံးအဆင့်အထိ သတ်နိုင်နေပြီဆိုတဲ့ သတင်းစကားကအင်မတန်ကြောက်စရာပါ။

နောက်ကိစ္စက တပ်တွင်းစည်းလုံးမှု ပြိုကွဲတဲ့ကိစ္စပါ။ ယခုဆိုရင် ဩဇီမသွားအောင် တပ်ထဲမှာ ဒါဘားလို့ခေါ်တဲ့ တပ်တွင်းအစည်းအဝေးကို အကောင်ကြီးကြီးကဆင်းပြီး လုပ်နေရပါပြီ။ ဟိုနေ့က ဒုတပ်ရင်းမှူး CDM လုပ်တာက ဘာပြနေသလဲဆိုတော့ သူ့ကို ထောက်ခံခဲ့သူကတောင် အရေးကြုံလာရင် အဘက ပစ်ကူမပေး၊ စစ်ကူမပေးလို့ အဘကို ဒေါသထွက်ပြီးCDM လုပ်သွားတာပါ။ ဒါမျိုးတွေက နောက်ပိုင်းမှာ တိုက်ပွဲတွေပိုပြင်းထန်လာရင် ပြဿနာပိုတက်လာမှာပါ။

နောက်ဆုံးအရေးကြီးတဲ့အချက်က နိုင်ငံကြီးတွေ မျက်နှာဖုံးကွာကျလာပြီး စာရေးသူတို့ကလဲ မအလဘက်ပါတဲ့နိုင်ငံရဲ့ အကျိုးစီးပွါးကို တိုက်ခိုက်ဖို့ ပစ်မှတ်ထင်ရှားလာတာပါ။ အမေရိကန်မှာ NUG ဝန်ကြီးတွေစည်းရုံးရေး စဆင်းနိုင်လာပြီး တရုတ်နဲ့ ရုရှားရဲ့ ရပ်တည်ချက်ကြောင့် အမေရိကန်ဟာလဲ ခြံစည်းရိုးခွပြီးဆက်ထိုင်ဖို့ ခက်လာနေပါပြီ။

အချို့ကိစ္စတွေက မအလက မိမိဂိုးမိမိသွင်းတာပါ။ ဥပမာ ဒေါ်လာကိစ္စဆိုရင် ဘယ်သူတက်တက် စောက်ဂရုမစိုက်တဲ့ ဂျပန်၊ ကိုရီးယား၊ စင်ကာပူတို့ ထိသွားခဲ့ပါတယ်။

ဒီထက်အရေးကြီးတာက ပြည်တွင်းက ပြည်သူတွေပါ။ AA ဟာ သူ့တပ်ကို လူ ၂၀ကျော်လက်နက်တစ်ရာနဲ့ ၂၀၀၉ က စဖွဲ့ပြီး ၂၀၁၉ မှာမ မအလတပ်ကို အကြီးအကျယ်တိုက်နိုင်ခဲ့တာပါ။ စာရေးသူတို့ PDF တွေက တစ်နှစ်အတွင်း မအလတပ်ကို ထောင်ချီသေအောင် တိုက်နိုင် သတ်နိုင်ခဲ့ပါပြီ။ နောက် TNLA က မေမြို့ကို ဝင်ပစ်ရင် စစ်ဆင်ရေးသဖွယ်ပစ်ခဲ့ရပေမယ့်စာရေးသူတို့က ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မေမြို့၊ နောင်ချို၊ ကရင်၊ ကချင်၊ ချင်း၊ ကယား၊တနင်္သာရီ ကြိုက်တဲ့နေရာမှာ အချိန်မရွေး ပစ်နိုင်နေပါပြီ။ ဘယ်တော်လှန်ရေးမှာမှ ဗဟိုဘဏ်ဒုဥက္ကဌအထိသေအောင် မသတ်နိုင်ခဲ့ပါ။ ယခုဆိုရင် PDF က မအလတပ်ရဲ့ လက်နက်ထုတ်ရာမှာသုံးတဲ့ ကုန်ကြမ်းကားကို ဖမ်းနိုင်တဲ့အထိ ဘယ်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့မှမလုပ်နိုင်တာကို တစ်နှစ်အတွင်းလုပ်ပြနိုင်ခဲ့ပါပြီ။ ဒါက တော်လှန်ရေးကို အားမရဘူးဆိုသူများအတွက် ထောက်ပြတာပါ။

တော်လှန်ရေးဟာ ရန်ကုန်ကနေ မန္တလေးသွားတာဆိုရင် အားမရသူက လေယာဉ်ပျံအမြန်နှုန်းနဲ့သွားလိုပေမယ့် သူက ရထားလောက် ကားလောက်နဲ့ သွားနေတဲ့သဘောပါ။ ခရီးကတော့ ယခင်ကတော်လှန်ရေးတွေထက် အများကြီး ထိရောက်ပါတယ်။


အကျဉ်းချုပ်ရရင် ဒီတော်လှန်ရေးအောင်မြင်ဖို့သေချာတာက ပထမဆုံးက မအလကစောက်တလွဲတွေလုပ်တာများနေတာနဲ့ နောက်အချက်က ပြည်တွင်းကပြည်သူတွေက မအလကရွာတွေမီးရှို့၊ လူတွေသတ်၊ မုဒိမ်းကျင့်လုပ်လိုက်တိုင်း PDF ဖြစ်သွားလို့ပါ။ တိုင်းရင်းသားတော်လှန်ရေးတွေမှာ စုရအခက်ဆုံးက တပ်သားဖြစ်ပြီး စာရေးသူတို့ တော်လှန်ရေးမှာ စုရအလွယ်ဆုံးက PDF တပ်သားတွေပါ။ ဒါကြောင့် ဒီတော်လှန်ရေးက ပြည်သူပါလို့ နိုင်ပါ့မယ်လို့ အာမခံပြောပါရစေ။ ပြည်သူသာ အဓိကပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page