top of page
Search
  • Writer's pictureMyat Tun Oo

အဆဲခံ ဝန်ကြီးချုပ်များနှင့် ထွေအုပ်ဝန်ကြီး


မြန်မာပြည်ရဲ့ ခြေဥက ဖယ်ဒရယ်မဟုတ်တာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီမိုအစိုးရတက်လာအပြီးမှာ ဝကခတွေကို လုပ်ပိုင်ခွင့်ပိုပေးပြီး စီမံနိုင်အောင်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အမိန့်စီးဆင်းမှုဟာ ခြေဥကို အခြေခံထားလို့ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေဟာ တိုးတက်မလာခဲ့ပါဘူး။

ဒါဆိုရင် ယခင်ကရော။ ယခင်အစိုးရလက်ထက်က ဝကခများက ဘာမှမကို မလုပ်တာပါ။ သူတို့ရဲ့ဆောင်ပုဒ်က မလှုပ်၊ မရှုတ်၊ မပြုတ်ပါ။ ငြိမ်ငြိမ်နေရင် ဘာမှမဖြစ်၊ ဘာမှပြဿနာမတက်ဖူးပေါ့။ ဒီသီအိုရီကလဲ မှန်သင့်သလောက်မှန်ပါတယ်။ သူတို့က ဘာမှတကယ်လုပ်လို့မှမရတာလေ။

ဒါကိုအောက်ခြေက အဖြစ်အပျက်တွေနဲ့ လေ့လာရအောင်။ ပထမဆုံးက ကရင်ပြည်မှာ ဝီဝီသောင်းကျန်းခဲ့တာ အားလုံးသိမှာပါ။ ကရင်ပြည်နယ်အစိုးရက တားတယ်။ သူကလုပ်တယ်။ ဒါကိုကရင်ပြည်နယ်ဝကခက သာဝန်ကိုအရေးယူဖို့ အမိန့်တောင်းတယ်။ သာဝန်က DASSK ကို အမိန့်တောင်းဖို့စောင့်တယ်။ ဒီအချိန်မှာ ဝီဝီက ကရင်ပြည်နယ်ကထွက်သွားခဲ့ပါပြီ။ သာဝန်က ဒီမိုဘက်တော်သားစစ်စစ်ပါ။ ဒါပေမယ့် သူလုပ်နေကြက အမိန့်တောင်းနေကြမိုလို့ တောင်းတာပါ။ ဒါကိုRFA သတင်းထောက်နဲ့ မိတ်ဆွေအနေနဲ့ တွေ့ချိန်မှာ DASSK က ဝကခတွေက သူ့အမိန့်စောင့်စရာမလိုဘဲ သူတို့ကိုပေးထားတဲ့ တာဝန်အရ လုပ်သင့်တာကို လုပ်ရမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် ဝကခတွေဘက်ကလဲ ဒီလောက်ကြီးတဲ့လူကိုဖမ်းဖို့က သူ့ကို ထောက်ခံ backup လုပ်ပေးသူလိုမှာပါ။မတော်တဆ သူသွားဖမ်းလို့ဆူရင် သူမအပြစ်တင်ခံရမှာပါ။ ထို့အတူပါဘဲ အခြားစီမံကိန်းတွေဆိုလဲဖယ်ဒရယ်အစစ်မဟုတ်လို့ ဘတ်ဂျက်မရရင် အကြာကြီး စောင့်ရပါတယ်။ ကရင်ပြည်နယ် ဝကခသာတကယ်အာဏာရှိရင် KNU နဲ့ စကားပြောရာမှာ မိနစ်အနည်းငယ်အတွင်း ငြိမ်းချမ်းရေးရမှာပါ။ သူမကို KNU တပ်မှူးတွေက လေးစားယုံကြည်ပါတယ်။

နောက် ရခိုင်နဲ့ ချင်းပြည်နယ်ပလက်ဝမှာ တိုက်ပွဲတွေဖြစ်တယ်။ လူတွေမတော်တဆသေတယ်။collateral damage ပေါ့။ ဒီနေရာမှာ စာရေးသူအနေနဲ့ ဘယ်သူပစ်လို့သေတယ်ဆိုတာကို မပြောပါ။ ဒါဟာ အငြင်းပွါးဖယ်ကိစ္စမိုလို့ ထားခဲ့ပါမယ်။ သေချာတာက ဘာကြောင့်ဖြစ်ဖြစ် အရပ်သားတွေသေတာပါ။ နောက်ပလက်ဝက ရိက္ခာပြတ်နေတာပါ။ ဒါဆို လွှတ်တော်ကိုယ်စားလှယ်တွေ ဘာလုပ်နေလဲဆိုပြီး စဆဲမယ်ဆိုတာ သိပါတယ်။ ဦးဝှေ့တင်းက နယ်လုံဝန်ကြီးနဲ့တွေ့ပြီး တင်ပြရာမှာ နယ်လုံကအထက်ကိုတင်ပြပေးမယ်လို့ပြောပါတယ်။ ဒါနဲ့ ချင်းပြည်နယ်ဝကခကြီးကလဲ အထက်ကို ဆက်တင်ပြပါတယ်။ ဒါဟာ ပြည်ထောင်စုရုံးဝန်ကြီး ဦးမင်းသူထံမှာရောက်နေတာ တစ်လနီးပါးရှိပါပြီ။ သူ့ထံကနေ DASSK ထံ ဆက်မတက်သွားပါ။ အဆဲခံရတော့ ချင်းပြည်နယ်ဝကခပါ။ ထိုပုံစံမျိုး ရခိုင်နဲ့ ကချင်တိုက်ပွဲတွေမှာလဲ ဖြစ်ခဲ့ပါတယ်။ တခါတလေမှာ ရခိုင်ဝကခက လူကယ်ပြန်ဝန်ကြီးနဲ့ပေါင်းပြီး သူ့တို့ဖာသာဝင်ကယ်တော့လဲ သူပုန်ကပစ်ပါသေးတယ်။

စာရေးသူများစဉ်းစားကြည့်ပါ။ ဝကခလုပ်နိုင်တာကလဲ ဒီအဆင့်မှာပြီးပါတယ်။ ပလက်ဝ ဥပမာဆိုရင်သူပုန်က ရေလမ်း၊ ကုန်းလမ်းကို ပိတ်ထားတယ်။ လွှတ်တော်ကိုယ်စားလှယ်ကလဲ သူပြောစရာရှိတာပြောပြီးပါပြီ။ ဒါကြောင့် သူတို့ဘာမှ လုပ်မရေတာ့ပါ။ တပ်ကလုံခြုံရေးပေးနိုင်ရင်ပေး မပေးနိုင်ရင်လေကြောင်းကနေ ပို့ရပါမယ်။ ဒီနေရာမှာ ရဟတ်ယဉ်သုံးလို့ အဆင်မပြေပါ။ ဒါပေမယ့် လေယဉ်ပေါ်ကနေ ရိက္ခာပို့တာ airdrop တော့ လုပ်လို့ရပါတယ်။ ဒါပေမယ့် ဒါက ပြည်နယ်ဝကခအဆင့်က လုပ်မရပါ။ ဗဟိုက တပ်ကိုညွှန်ကြားရပါမယ်။

ဒီနေရာမှာ ဗဟိုအနေနဲ့ တပ်ကိုပစ်တာရပ်ပါ ဘာညာပြောဖို့မဟုတ်ဘဲ ရိက္ခာထောက်ပံ့ဖို့ပါ။ ဒီလိုလုပ်နိုင်ဖို့က DASSK ထံကို ဒီသတင်းရောက်ဖို့လိုပါတယ်။ ဥပမာ တိုက်ပွဲမှာ အရပ်သားသေတယ်ဆို သေတယ်ပေါ့။ ဘယ်သူပစ်လို့သေတာက နောက်ပိုင်းကိစ္စပါ။ ဒါကအရေးကြီးလားဆိုတော့ ကိုဗစ်ကြောင့်သေသူ ငါးယောက်မပြည့်ချိန်မှာ ဟိုက ၁၀ ယောက်အထက်သေလို့ပါ။ နောက်စာရေးသူတို့အနေနဲ့ရခိုင်မှာ ဘာမှမလုပ်နိုင်သေးရင်တောင် ချင်းပလက်ဝမှာ ထောက်ပံ့ပြီး စာနာကြောင်း compassion ကိုပြဖို့လိုလို့ပါ။ သူတို့က တိုင်းရင်းသားတွေပါ။

ဒီနေရာမှာ ဝန်ကြီးဦးမင်းသူအနနဲ့ ဘာလို့အထက်ကိုမတင်လဲ? တပ်က သူ့အောက်ဖဲလှန်မှာကြောက်လို့လား? မတော်တဆ မတင်ဘဲထားတာလား မေးစရာတွေရှိလာပါတယ်။ တပ်ကေတာ့ သာဝန်ကိုအောက်ဖဲလှန်စရာမရှိလို့ ပေါ်တင်ထုတ်ခိုင်းခဲ့ပါတယ်။ ဒါကြောင့် ဆရာမင်းသူလန့်တာလဲ ဖြစ်နိုင်ပါတယ်။ ဒါမျိုးကိစ္စ အထက််ကို မတင်ပြရဲတဲ့ ဝန်ကြီးဦးမင်းသူနဲ့ ဇော်ဌေးဟာ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့် ဦးကိုနီကိစ္စမှာ စကားမှားတာကိုတော့ ချက်ခြင်းတင်ပြရဲပြီး ဒေါက်တာမျိုးညွန့် ပြောခွင့်ရကပြုတ်ခဲ့ပါတယ်။

အချို့ဝကခတွေက NLD က CEC တွေမိုလို့ သူတို့ပြန်ပြီးသတင်းပို့နိုင်တဲ့လမ်းကြောင်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ချင်း၊ ကချင်နဲ့ အခြား CEC မဟုတ်တဲ့ ဝကခတွေအတွက်ကတော့ ခက်ပါမယ်။

ဒီပြဿနာကို ဘယ်လိုရှင်းရမလဲ။ DASSK အနေနဲ့ တိုင်းပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ one to one တစ်ဦးချင်း တစ်ပတ်တစ်ခါ video conference လုပ်ပြီး ဝန်ကြီးဦးမင်းသူနဲ့ မိုးကျတွေကို အနားမထားဘဲ လိုင်းပေါ်ကနေ တွေ့ဆုံစကားပြောသင့်ပါတယ်။ သူတို့ကို အနားထားချင်လဲထားပါ။ တွေ့ဖို့က အဓိကပါ။ ဒါမှ သူတို့ဟာ မြေပြင်အခြေအနေကို တင်ပြနိုင်မှာပါ။ လက်ရှိလဲ သူတို့က စာနဲ့အစီရင်ခံတယ်ဆိုပေမယ့်သူတို့မှာ လျှို့ဝှက်ပြောစရာ confidential တွေ ရှိနိုင်ပါတယ်။ စာမရောက်တာလဲ ရှိနိုင်ပါတယ်။ ဒီနေရာမှာ DASSK က Facebook ကနေ မသိနိုင်ဘူးလားလို့ မေးစရာရှိပါတယ်။ စာရေးသူလို ဘာမဟုတ်တဲ့အကောင့်တောင်မှ မန့်တွေက ရာကျော်လာရင် မဖတ်နိုင်ပါ။ DASSK လို သောင်းချီတဲ့မန့်ကို ဖတ်မိဖို့ ခက်ပါတယ်။ အနားကတစ်ယောက်က သူဖတ်စေချင်တာကို ပြရင်သာဖတ်မိမှာပါ။

ဒီလို one to one video conference လိုင်းပေါ်ကနေ ဝကခနဲ့ အတိုင်ပင်ခံ တစ်ယောက်ချင်းအပတ်စဉ်တွေ့ရင် ဝန်ကြီးချုပ်တွေဟာ သူတို့တင်ပြချင်တာ တင်ပြထားပြီး ပြန်မကျတာတွေကို ပြောနိုင် တင်ပြနိုင်မှာပါ။ တစ်ယာက်ကို နာရီဝက်လောက် အချိန်ပေးရင် ရမယ်ထင်ပါတယ်။ ၁၄ ယောက်ဆိုတော့ ၇ နာရီထက် မပိုနိုင်ပါ။ အချို့ကိစ္စတွေမှာက သာမန်ပြည်သူရဲ့ တိုင်စာမပြောနဲ့ အောက်ကဝကခက အထက်ကိုတင်ပြတဲ့စာတောင် ၆ လကျော်ကြာ DASSK ထံမရောက်တဲ့ သာဓကတွေ ရှိနေလို့ပါ။ လင်မယားအချင်းချင်းတောင် ကြားလေသွေးရင် ဝေးတတ်ပါတယ်။

မဟုတ်ရင်တော့ မိုးကျဝန်ကြီးလုပ်သမျှ ဝန်ကြီးချုပ်တွေက ဆက်အဆဲခံနေရမှာပါ။ ဒီကနေ NLD ရဲ့ ပုံရိပ်ကို ထိခိုက်နိုင်ပါတယ်။

Photo Credit: RFA and original uploader, MOI

4,807 views0 comments
bottom of page