top of page
Search
Writer's pictureMyat Tun Oo

ရှုံးသူရာထူးတက်တာ တရားလား?


မအလတပ်တော်ကြီးဟာ ယခုအချိန်မှာ MNDAA၊ TNLA၊ နဲ့ AA တို့ကို ရှုံးနေတာ အားလုံးသိမှာပါ။ စစ်ပွဲတွေဟာ နိုင်ငံရေးကစတာပါ။ နိုင်ငံရေးပြီးရင်တော့ စစ်ရေးပေါ့။ စစ်ရေးမှာက ခေါင်းဆောင်မှုကစလို့၊ စိတ်ဓာတ်၊ လက်နက်၊ စစ်ဗျူဟာတွေအပေါ်မူတည်ပြီး အနိုင်အရှုံးက ဆုံးဖြတ်သွားတာပါ။ မအလတပ်ဟာ MNDAA, TNLA နဲ့ AA တို့ကို မရှုံးခင်မှာ စစ်ကိုင်းက PDF ကို စရှုံးတာက နမိတ်က ပြနေခဲ့ပါတယ်။ ဒီနေရာမှာ မအလတပ်ရဲ့ ရာထူးတိုးပုံကို ပြန်လေ့လာကြည့်ရအောင်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကျော်စွာလင်းနဲ့ ယခုစစ်ရှုံးပြီး အဖမ်းခံရသူ ဗိုလ်မှူးချုပ်တွေ အာဏာသိမ်းချိန်က ဗိုလ်မှူးကြီးအဆင့်ရှိသူတွေဟာ အာဏာသိမ်းရာမှာ ကြီးကြပ်နိုင်ခဲ့လို့ တော်တယ်လို့ သူတို့ကိုယ်သူတို့ ထင်နေကြပါတယ်။ သူတို့လုပ်ခဲ့တဲ့  လက်နက််မဲ့ အစိုးရဝန်ကြီးတွေ၊ တိုင်းပြည်နယ် ဝန်ကြီးချုပ်တွေကို လက်နက်နဲ့ ဝင်ဖမ်းတဲ့အလုပ်ဟာ ဘာမှခက်တဲ့အလုပ်မဟုတ်တာ အားလုံးသိမှာပါ။ ဒီအတွက် ဦးဆောင်ရတာ၊ ထောက်ပို့လုပ်ရတာက ဘာမှခက်တာမဟုတ်ပါ။ နောက် ညွန့်ဝင်းဆွေပါ။ သူကရန်ကုန်တိုင်းမှူးလုပ်ခဲ့စဉ်က ဆန္ဒပြသူများကို ပစ်သတ်တာ နှိမ်နင်းတာ၊ ကိုဂျင်မီတို့ကို ဖမ်းနိုင်တာ၊ ကြိုးပေးရာမှာ ကြီးကြပ်တာ တော်တယ်ဆိုပြီး နာမည်ကျော်ခဲ့သူပါ။ ရန်ကုန်ကို ငြိမ်အောင်ထိန်းနိုင်တယ်ပေါ့။ ဒါပေမယ့် သူ့အလုပ်ဟာ ဆန္ဒပြသူ၊ လက်နက်မရှိသူများကို လက်နက်နဲ့ ဗိုလ်ကျနှိမ်နင်းခဲ့တာပါ။ ယခုသူနှိမ်နင်းခဲ့သူတွေက ကရင်မှာ လက်နက်ကိုင်ပြီး PDF အနေနဲ့ သူ့ကိုပြန်တိုက်ချိန်မှာ ထို PDF တွေကို တိုက်ဖို့မပြောနဲ့ အာရှလမ်းမတောင် မဖွင့်နိုင်တာ တွေ့ရမှာပါ။ လက်ခတ်တောင်လဲ ယခုအထိပြန်မရသေးတာ အားလုံးမျက်မြင်ပါ။

ထို့အတူပါဘဲ မန္တလေးမှာ ဆန္ဒပြသူတွေကို ပစ်သတ်ခဲ့သူ၊ NLD ပါတီဝင်တွေကို သွေးသောက်ဖွဲ့ကာ သတ်ခိုင်းဖို့ အမိန့်ပေးစီမံခဲ့သူကို မန္တလေးငြိမ်အောင်ထိန်းနိုင်လို့ဆိုပြီး ကိုကိုဦးကို တိုင်းမှူးကနေ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးအဆင့်ကို ရာထူးတိုးပေးခဲ့ပါတယ်။ ယခုသူက ကချင်မှာ ဘာမှမနိုင်ဘဲ ရှုံးနေတာဟာ အားလုံးမြင်တဲ့အတိုင်းပါ။

အချို့ကိစ္စတွေဟာ နမိတ်ပြနေတတ်ပါတယ်။ ရှမ်းမြောက်မှာ စစ်ရှုံးလို့ ရာထူးချပြီး ပြည်ထဲရေး ဒုဝန်ကြီးပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်စိုးကို မအလက သူဦးကိုနီသတ်တာ အမိန့်ပေးတာကို မပေါ်အောင်စစ်ပေး ဖုံးပေးလို့ ကျေးဇူးဆပ်ပြီး စစ်ဖက်မှာပြန်ခန့်ရာက နမိတ်က စစ်ရှုံးပေမယ့် အဖားကောင်းရင် ရာထူးတက်နိုင် တယ်ဆိုတဲ့ အထာကို တပ်ထဲမှာ ပေးခဲ့ပါတယ်။

ထို့အတူပါဘဲ ရှမ်းမြောက်မှာ စစ်ရှုံးတာကို တိုင်းမှူးအထက်က ကြီးကြပ်ခဲ့တဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး (၂) ဒုဗိုလ်ချုပ်ကြီး အောင်အောင်၊ ယခုရှမ်းပြည်ဝန်ကြီးချုပ်သစ်ဟာလဲ ရိုဟင်ဂျာအရေးမှာ လက်နက်မဲ့သူကိုတိုက်ရာမှာ ရွာကိုမီးရှို့ရာမှာ ထူးချွန်ခဲ့သူဖြစ်ပြီး ဒီလိုအရည်အချင်းနဲ့ တပ်မ(၃၃) တပ်မမှူးကနေ ရာထူးအဆင့်ဆင့် တိုးလာခဲ့သူပါ။  သူက အာဏာသိမ်းချိန်မှာ ဧရာဝတီတိုင်းကို ငြိမ်အောင်ထိန်းနိုင်လို့ သူ့ကိုအတုယူရမယ်လို့ ယခင်က မအလက အခြားတိုင်းမှူးတွေကို ပြောလေ့ရှိပါတယ်။ ဒီနေရာမှာ သူထူးချွန်တာက ဆန္ဒပြသူတွေကို ပစ်တာ၊ NLD ရုံးဝင်စီးတာ၊ လက်နက်မဲ့ အရပ်သားတွေကို ခြိမ်းခြောက်တာပါ။ ဒါပေမယ့် ၂၀၂၂ မှာ သူရာထူးတက်ပြီး တကယ့်ရန်သူနဲ့ နဖူးတွေ့ ဒူးတွေ့ တိုက်ရချိန် ရှမ်းမြောက်မှာ အလံဖြူထောင် ခွက်ခွက်လန်အောင် ရှုံးခဲ့တာ အားလုံးသတိထားမိမှာပါ။ သူက တိုင်းမှူးအထက်အဓိကတာဝန်ရှိတဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူးပါ။

ဒါတွေအားလုံးထက် တပ်ထဲက ရာထူးကြီးငယ် အားလုံးကို အံ့အားသင့်သွားစေတာက လားရှိုးက ရှမ်းနြောက်တိုင်းမှူးနိုင်နိုင်ဦးကို ဗိုလ်ချုပ်ကနေ ဒုဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးပြီး စစ်ဆင်ရေးအထူးအဖွဲ့မှူး ပေးလိုက်တာပါ။ အစက ဒီသတင်းကို စစ်ရုံးထဲမှာ ဘယ်သူကမှာ မယုံကြပါ။ စာရေးသူလဲ ဂျင်းသတင်းလို့သာ ထင်ခဲ့ပါတယ်။ ဒါကြောင့်လဲ မတင်ခဲ့ပါ။ ဒါကိုလဲ တပ်တွင်းကမဟုတ်ဘဲ ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူများတောင် သတင်းဌာနတွေကနေ ပြန်ကြားရတာပါ။ ပုံမှန်စဉ်းစားရင် သူ့အောက်က ဒကစမှူး၊ တပ်မမှူးတွေကို စစ်ရှုံးလို့ သေဒဏ်ပေး၊ ထောင်ချခံရချိန်မှာ ထိုသူများအထက်က အဓိက တာဝန်ရှိသူ တိုင်းမှူးကို အနည်းဆုံးရာထူးချမယ်၊ ဖြုတ်မယ်၊ ခုံရုံးဖွဲ့ စစ်မယ်လို့ ထင်ကြမှာပါ။ ဒါပေမယ့် မအလက အဆိုပါစစ်ရှုံးသူ တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးကို ရာထူးတိုးပေးလိုက်ပါတယ်။ အဘကို ခန့်မှန်းလို့မရဘူး မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာ တကယ်မှန်နေတယ်ဆိုတာ ဒီလို ကြောင်တောင်တောင် ရာထူးတိုးပေးမှုက ပြနေပါတယ်။ သူ့အထက်က စစ်ရှုံးတဲ့ အဓိကတာဝန်ရှိသူ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးအောင်အောင်ကိုလဲ ရာထူးမချ၊ စစ်ခုံရုံးမတင်ဘဲ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ်သာ ပြောင်းလဲခဲ့ပါတယ်။

ဒီလို စစ်ရှုံးသူကို ရာထူးတိုးပေးတဲ့ စစ်တပ်ထဲမှာ တိုက်ရည်ခိုက်ရည် ခေါင်းဆောင်းမှု စွမ်းရည်တွေ တိုးတက်လာမယ်လို့ သင်ထင်ပါသလား? ရာထူးတိုးပေးတာဟာ မိမိနဲ့သိသူ၊ ပေးကမ်းနိုင်သူ ဘာညာတွေအပေါ်မှာ မူတည်ခဲ့တာ မှန်ပေမယ့် ယခုလို ပေါ်တင်ကြီး စစ်ရှူံးသူကို ရာထူးတိုးပေးတာကတော့ အင်မတန် ရုပ်ပျက်တာ သတိထားမိမှာပါ။ တခါတလေ စဉ်းစားမိတာက ဖရဲသီးက မိမိထက်များ ရာထူးကြီးနေလားဆိုတာပါ။ များများသာ ဆက်လုပ်ပါ။ မရှုံးရင် ကြိုက်သလိုပြောပါလို့ အာမခံပါရစေ။

556 views0 comments

Comments


bottom of page