Myat Tun Oo
မြန်မာပြည် ဘာကြောင့် ကံကောင်းနေလဲ?
ဒီမိုတိုင်းပြည်တွေမှာ ခေါင်းဆောင်ကို ရွေးကောက်တင်မြှောက်ရပါတယ်။ မြန်မာပြည်မှာက DASSK အစိုးရကို ၇၇.၁% ကျော်က မဲပေးရွေးချယ်လိုက်တာပေါ့။ သူမကိုလဲ ပြည်သူအများက ချစ်ခင်ကြပါတယ်။ အချို့က သူမသေဆိုသေပါ။ အမေရိကားမှာ ထရမ့်က ၄၈% လောက်သာ ထောက်ခံမဲရပေမယ့်သူ့မဲစနစ်အရ သမ္မတဖြစ်လာတာပါ။ ယူကေမှာ ဂျွန်ဆင်က ၄၃.၆% နဲ့ အစိုးရ ဖြစ်လာပါတယ်။ ဘရာဇီးမှာက လက်ရှိသမ္မတက ၅၅.၄% နဲ့ ၂၀၁၈ မှာ နိုင်ခဲ့ပါတယ်။
ဒီနေရာမှာ မြန်မာပြည်မှာက DASSK ကို လူအများစုက ချစ်ကြလို့ ထောက်ခံလို့ သူမပြောတာကို လိုက်လုပ်ကြပါတယ်။ အိမ်မှာနေဆိုနေသလို နှာခေါင်းစည်းတတ်ဆိုလဲ တပ်ကြပါတယ်။ ပိတ်ထားလို့ဒုက္ခရောက်ပေမယ့် သူတို့ချစ်တဲ့ခေါင်းဆောင်ကပြောလို့ သီးခံဖြတ်သန်းကြပါတယ်။ သူမကလဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောတာတွေကို သေချာဖတ်သလို သူမရဲ့ ကျန်းမာရေးဌာနကလူတွေပြောတဲ့အတိုင်း လက်ဆေးတာကအစ မျက်နှာဖုံးအဆုံး ပြည်သူကို သိပ္ပံနည်းကျ သတင်းမှန်နဲ့ လမ်းညွှန်ပြောကြားပါတယ်။ ဒါက ပြည်သူချစ်တဲ့ ပညာရှိခေါင်းဆောင်ကိုရတဲ့ အကျိုးကျေးဇူးပါ။
သူမနဲ့ ဆန့်ကျင်ဘက် ဘရာဇီးသမ္မတ Jair Bolsonaro ကတော့ လူခွါရမှာကို နားမလည် မယုံကြည်သလို သူက ဒီရောဂါကို အယုံအကြည်မရှိကြောင်း သူ့ကိုရောဂါကူးရင်လဲ သာမန်တုပ်ကွေးလောက်သာဖြစ်မှာပါဆိုပြီး ထပြောပါတယ်။ သူ့ကျန်းမာရေးဝန်ကြီးက ခပ်ခွါခွါနေဖို့ပြောချိန်မှာ သူက ဒါဟာစီးပွါးရေးထိခိုက်တယ်ပြောလို့ သူ့ပြည်သူတွေက ဘယ်သူပြောတာ နားထောင်ရမှန်းမသိ ဖြစ်သွားခဲ့ပါတယ်။
ထို့အတူ ထရမ့်ကလဲ ပိုးသတ်ဆေးကို ခန္ဓာကိုယ်ထဲ ထိုးသွင်းရင် ပိုးသေသွားမယ်ထပြောလို့ပိုးသတ်ဆေးကြောင့် သေသူတွေ များသွားခဲ့ပါသေးတယ်။
ဒီအချိန်မှာ မြန်မာပြည်မှာ အာဏာရှင်သာအုပ်ချုပ်နေသေးရင် သူမလိုပြည်သူနဲ့တွေ့နိုင်မှာ စည်းရုံးနိုင်မှာ စကားပြောနိုင်မှာ မဟုတ်ပါ။ ပြည်သူက အာဏာရှင်ကိုမကြိုက်လို့ သူတို့ပြောတာကို လိုက်မလုပ်ဖို့များသလို အာဏာရှင်တွေဟာလဲ သူမလို ပညာဉာဏ်ကြွယ်ဝဖို့ မဖြစ်နိုင်ပါ။
မြန်မာပြည်မှာ ယခုလို ကပ်ရောဂါဖြစ်ချိန်မှာ ပြည်သူချစ်တဲ့ ပညာဉာဏ် ကြွယ်ဝတဲ့ခေါင်းဆောင်ကအုပ်ချုပ်နေတာဟာ မြန်မာပြည်အတွက် ကံကောင်းသွားတာပါ။ မဟုတ်ရင် နာဂစ်ဟာ ရာဇဝင်ထဲရောက်သွားနိုင်ပါတယ်။