ဒီစာက လော်ဘီစာမဟုတ်ဘဲ ပညာရှင်သဘောသာရေးမှာပါ။ ရှမ်းမြောက်၊ ကချင်၊ ရခိုင်၊ ကရင်နီ၊ ကရင်ဒေသတွေက စစ်ပွဲတွေကနေ ဘယ်နည်းဗျူဟာက အဆင်ပြေလဲ ဘာဆိုရင် အဘတပ်ကလက်နက်ချမလဲ လေ့လာကြည့်ရအောင်။
ဒီနေရာမှာ အချို့ NUG ဆန့်ကျင်သူ တတိယအင်အားစုပြောတာက စစ်တိုက်ရာမှာ မတူတဲ့အဖွဲ့တွေပေါင်းတိုက်လို့ရတာ အမိန့်ပေးမှုတစ်ခုထဲအောက်မှာမလိုဘူးဆိုတဲ့ အတွေးအခေါ်ကိုလဲ စစ်ရေးအမြင်နဲ့ လေ့လာကြည့်ရအောင်ပါ။
ကမ္ဘာ့အရေးအခင်းများ
အီရတ်ကို အမေရိကန်က ဝင်တိုက်ချိန်မှာ စိတ်တူသူတွေ (coalition of willing) နဲ့ စုတိုက်ခဲ့ကြပါတယ်။ အင်္ဂလိပ်နဲ့ အာရပ်နိုင်ငံအချို့ပါခဲ့ပါတယ်။ အားလုံးဟာ အမေရိကန်ရဲ့ အမိန့် central command အောက်မှာ တိုက်ခဲ့ရတာပါ။ အုပ်ချုပ်ချိန်မှာ အင်္ဂလိပ်က အီရတ်တောင်ပိုင်း ဘာဆရာမြို့ကို အုပ်ချုပ်ပြီး အမေရိကန်က မြောက်ပိုင်းပါ။ သူတို့တွေက နေတိုးအောက်မှာ စစ်ရေးလေ့ကျင့်ပြီးမှ တိုက်ခဲ့ရတာပါ။
စစ်ပွဲနိုင်ဖို့က လက်နက်၊ လူ၊ ရိက္ခာ၊ စိတ်ဓာတ်၊ အမိန့်ပေးစနစ်က အခြေခံအနေနဲ့လိုပြီး ခေါင်းဆောင်မှုနဲ့ ဗျူဟာတွေကလဲ စစ်ပွဲအကြီးအသေးပေါ်မူတည်ပြီး လိုပါတယ်။ ကျန်တာတွေ ထောက်ပို့၊ ဆက်သွယ်ရေးလဲ လိုပါတယ်။ ယခုက အမိန့်တစ်ခုထဲအောက် လိုမလိုကိုသာ ဆွေးနွေးလိုတာပါ၊
ရှမ်းမြောက်
ရှမ်းမြောက်မှာ အဓိကက MNDAA နဲ့ TNLA က တိုက်ပါတယ်။ TNLA နဲ့ က MDY PDF ပါပြီး မြောက်ပိုင်းမှာက AA, BPLA, PLA, KNDF တို့လဲပါပါတယ်။ တီကောင့်အဖွဲ့က သူတပ်တော်အသစ်ထောက်ချိန် သူပို့ထားတဲ့အဖွဲ့ထဲက အများစုက NUG အောက်ဆိုလို့ MNDAA က တီကောင့်တပ်နာမည်ကို ချန်ထားခဲ့တာပါ။
ဒီနေရာမှာ TNLA နဲ့ MDY PDF က မဟာဗျူဟာ သဘောတူပြီးမှ တွဲတိုက်ကြတာပါ။ အခြားအဖွဲ့တွေက MNDAA ရဲ့ အမိန့်အောက်ကနေသာ တိုက်တာပါ။ ဒါကြောင့် အမိန့်ပေးမှုဆိုရင် မြောက်ပိုင်းမှာ MNDAA, တအောင်းနဲ့ မန္တလေးအစပ်က TNLA ပါ။ ဒါကစစ်တိုက်ချိန်မှာ အမိန့်ပေးမှုတစ်ခုထဲအောက်နေခဲ့ရတာကို ဥပမာအနေနဲ့ပြောတာပါ။ BPLA နဲ့ PLA ဆိုရင် သူတို့ကို MNDAA ရဲ့ တပ်မဟာတစ်ခုအနေနဲ့ စုထားတာပါ။ သူ့တို့မှာ လက်နက်ရှိ၊ ရိက္ခာလမ်းကြောင်းလဲရှိ၊ ဆက်သွယ်ရေးစနစ်လဲ ပြည့်စုံခဲ့ပါတယ်။
ဒါထက်အရေးကြီးတာက စစ်နိုင်အပြီး မြောက်ပိုင်းမှာ MNDAA အုပ်ချုပ်ရေး၊ တအောင်းဒေသမှာ TNLA ရဲ့ အုပ်ချုပ်ရေးကိုသာ ထောင်ခဲ့ပါတယ်။ BPLA အုပ်ချုပ်ရေး၊ PLA ရဲ့ပါတီ ဗမာပြည်ကွန်မြူနစ်ပါတီအုပ်ချုပ်ရေးဆိုပြီး ခွင့်မပြုခဲ့ပါ။
ရခိုင်
ရခိုင်မှာလဲ စစ်ရေးကအောင်မြင်နေပြီး သူကပြိုင်ဖက် ရခိုင်တပ်တွေကို အစကထဲက ခွင့်မပြုခဲ့ပါ။ သူနဲ့တွဲတိုက်တာက ယောနဲ့ အခြားမြေပြန့်က တပ်အချို့ဖြစ်ပြီး သူတို့ဟာလဲ AA ရဲ့အမိန့်အောက်မှာ တိုက်ရတာသာဖြစ်ပါတယ်။ စစ်နိုင်အပြီးမှာလဲ AA ကသာ သူ့အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်မှာပါ။
ကချင်
ကချင်ကတော့ရှင်းပါတယ်။ သူ့ဒေသမှာ PDF ဖွဲ့ရင် သူ့အမိန့်နာခံရမယ်လို့ အစကထဲက အမိန့်ထုတ်ထားခဲ့ပါတယ်။ ဒါကြောင့် သူ့အင်အားက ကရင်နီမှာလို ချက်ခြင်းမကြီးထွားသွားခဲ့ပါ။ ကရင်နီမှာလိုလဲ တအားမတိုက်နိုင်ခဲ့ပါ။ ဒါပေမယ့် သူကယခုအချိန်မှာ စစ်ပွဲတွေစတိုက်လာနေပြီး နယ်မြေပိုင်ဆိုင်မှုတွေ တိုးလာနေပါပြီ။ သူ့ဒေသမှာတော့ အဖွဲ့များစွာကွဲတဲ့ပြဿနာ မရှိပါ။ ရှမ်းနီ SNA က နဂိုထဲက ဖွတ်ဆွဲမိုလို့ သူဘာမှ လုပ်မရပါ။ သူကလဲ သူစစ်နိုင်တဲ့ဒေသမှာ သူ့အုပ်ချုပ်ရေးနဲ့ သွားနေပါတယ်။ ယခုအချိန်မှာ SNA လက်နက်ကိုင်နဲ့ မအလအောက်ရှိ အခြားလူမျိုးလက်နက်ကိုင်တွေက မြောက်ပိုင်းမှာ KIA နဲ့ PDF ကို ဒုက္ခပေးနေတာ အားလုံးသတိထားမိမှာပါ။
ချင်း
ချင်းမှာ အဖွဲ့အချို့က လူမျိုးနဲ့ ဒေသအပေါ်မူတည်ပြီး ချင်းလက်နက်ကိုင်အဖွဲ့(CNF) အမိန့်ကို ဒေသတိုင်းက မနာခံပါ။ ဒါကြောင့် မအလကို အဖွဲ့တိုင်းခံချပေမယ့် သူတို့က မြို့အများကြီး မသိမ်းနိုင်သေးပါ။ အဖွဲ့များစွာကြောင့် စစ်ရေးနဲ့အမိန့် ပေါင်းစပ်ညှိနှိုင်းရတာခက်သလို ထောက်ပို့ logistics နဲ့ ဆက်သွယ်ရေး communication ကလဲ ရှုတ်ထွေးစေပါတယ်။ အုပ်ချုပ်ရေးမှာလဲ သူ့အုပ်ချုပ်ရေးအောက်မပါဘဲ ဂျစ်ကန်နေသူများရှိပါတယ်။
ကရင်နီ/ကယား
သူ့ကို တတိယအင်အားစုများက နမူနာအဖြစ် ဥပမာပေးထောက်ပြကြတာပါ။ အာဏာသိမ်းအပြီး ကရင်နီမှာရှိတဲ့ KNPP အဖွဲ့က အင်အားနည်းခဲ့ပါတယ်။ အသစ်လက်နက်ကိုင်များကလဲ KNDF ဆိုပြီးဖွဲ့ခဲ့သလို အခြားသူများကလဲ မြို့အပေါ်မူတည်ပြီး ဖယ်ခုံ PDF/ လွိုင်ကော် PDF ဆိုပြီး ဖွဲ့ကြပါတယ်။ သူတို့အားလုံးဟာ NUG (သို့) KNDF/KA ရဲ့ အမိန့်အောက်က တိုက်ရပါတယ်။ ဘက်ပြောင်းခဲ့တဲ့ BGF တောင် သူက NUG အမိန့်အောက် ဝင်ခဲ့ပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရာမှာတော့ KNPP ကို ခေါင်းတင်ပြီး ကြားဖြတ်အုပ်ချုပ်ရေး ဖွဲ့ခဲ့ပါတယ်။ ဒီနေရာမှာ နဂိုရှိတဲ့ လက်နက်ကိုင်အဖွဲ့ကသေးပေမယ့် အသစ်တွေက သူ့အမိန့်အောက်ကနေ လှုပ်ရှားရတာပါ။ ယခုနောက်ပိုင်း ပိုပြီးစုပေါင်းလုပ်ဆောင်မှုရှိလာလို့ မြို့တွေသိမ်းလာနိုင်တာပါ။ သူက လက်နက်အကန့်အသတ်ရှိနေလို့ လွိုင်ကော်ကို မသိမ်းနိုင်သေးတာပါ။ ဒါကြောင့် လက်နက်ဟာ အနိုင်အရှုံးကို ဆုံးဖြတ်တယ်ဆိုတာ ကရင်နီမှာ ပြနေပါတယ်။ အမိန့်ကတော့ တစ်ဖွဲထဲနောက် လိုက်နာပြီး တိုက်ရသလို အုပ်ချုပ်ရေးကလဲ တစ်ဖွဲ့ထဲပါ။ စစ်တပ်စရဖရဲ့ ထောက်လှမ်းရေးစာတမ်းအရ သူ့ကိုထောက်ပံ့သူအများစုဟာ ပြည်ပရောက် အမေစုထောက်ခံသူများလို့ သုံးသပ်ထားပါတယ်။
ကရင်
ကရင်က KNU က တပ်ကြီးပါတယ်။ ဒီမိုကရေစီလဲ တကယ်ရှိပါတယ်။ ဒီမိုကရေစီများလို့ တပ်မဟာတစ်ခုနဲ့တစ်ခုက ဆက်စပ်မှုမရှိသလောက်ဖြစ်သွားပါတယ်။ တပ်မဟာ(၅) တိုက်ရင်တောင် တပ်မဟာ (၇) ကဘာမှမလုပ်တာမျိုးအထိ ပေါင်းစပ်မှုနည်းပါတယ်။ ဒါကြောင့် သူ့အောက်ထည့်ထားတဲ့ PDF ကလဲ တပ်မဟာတစ်ခုရဲ့ အမိန့်အောက်မှာရှိပေမယ့် KNU တပ်အနေနဲ့ ဗဟိုက စစ်ဆင်ရေးကွပ်ကဲမှု၊ ပေါင်းစပ်မှုက MNDAA၊ TNLA၊ AA၊ KIA တို့နဲ့ယှဉ်ရင် အားနည်းနေတာတွေ့ရမှာပါ။ လက်နက်အကန့်အသတ်ရှိတာလဲပါပေမယ့် စစ်ရေးမှာ ကရင်နီလောက် မလုပ်နိုင်တာ တွေ့ရမှာပါ။ သူက central command and control နဲ့ coordination က အားနည်းနေလို့ပါ။
ဒါဆို ဘာသင်ခန်းစာယူရမလဲ?
အားလုံးဟန်ချက်ညီညီတိုက်နေတာက ပထမအဆင့်ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့တွေက MNDAA, TNLA နဲ့ AA လို အောင်မြင်ချင်ရင် သူတို့လို အမိန့်တစ်ခုထဲအောက်က တိုက်ရပါမယ်။ ပြီးလို့ စစ်နိုင်ရင် အုပ်ချုပ်တာက တစ်ဖွဲ့ထဲဖြစ်ရပါမယ်။ မအလတပ်တွေဟာ အချောင်သမားများလို့ သူတို့ရှုံးမှာသေချာရင် အသေခံမတိုက်ပါ။ သူတို့က နိုင်ခြေရှိသေးတယ်လို့တွက်ရင်တော့ ခံချနေမှာကို စာဖတ်သူများ သတိထားမိမှာပါ။ ဒါကြောင့် စစ်ကိုင်း၊ မကွေး၊ မန္တလေးမှာ စစ်နိုင်ချင်ရင် NUG အောက် အမိန့်နာခံပြီးပါဝင်ပါ။ လက်နက်တပ်ဆင်နိုင်အောင် လူအား၊ ငွေအားနဲ့ နည်းလမ်းရှာပါ။ လက်နက်ထောက်ပံ့နိုင်တဲ့နိုင်ငံနဲ့ တည့်အောင်ပေါင်းပါ။ နိုင်ငံရေးဟာ NGO မဟုတ်လို့ လက်နက်မပေးဘဲ လေနဲ့ထောက်ခံတဲ့နိုင်ငံတွေနဲ့ အချိန်အများကြီး အကုန်မခံပါနဲ့။ ဒါတွေကို လုပ်နိုင်ရင်အဆင်ပြေ အောင်မြင်မှာပါလို့ ပြောပါရစေ။
Comments