top of page
Search

မအလပေးချင်သော ဖယ်ဒရယ်ပုံစံ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 7, 2022
  • 2 min read

ဖက်ဆစ်တပ်နဲ့ မအလဟာ တိုင်းရင်းသားအရေးကို စိတ်မဝင်စားတာ အားလုံးသဘောတူမှာပါ။ ၂၀၀၈ခြေဥနဲ့ ရွေးကောက်ပွဲလုပ်ရာမှာ ရခိုင်၊ ရှမ်း၊ ကရင်၊ မွန်နယ်တွေမှာ ဖွတ်ကစပွန်စာပေးထားတဲ့ ပါတီတွေကို ဝင်ပြိုင်စေပြီး ဒီမိုရောင်ရောင် ကြိုးစားခဲ့ပါတယ်။ အေးမောင်ခေါင်းဆောင်တဲ့ RNDP၊ ရှမ်းပြည်မှာဆိုရင် ဒီမိုပါတီ SNLD မဝင်ပြိုင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် SNDP ကို ထောင်ပေးခဲ့ပါတယ်။ ရခိုင်မှာတော့ နောက်ပိုင်းမှာ နှစ်ပါတီပေါင်းပြီး ANP ဆိုပြီး ပေါ်သွားခဲ့ပါတယ်။ အခြားဒေသတွေမှာလဲ ဖွတ်ကစပွန်ဆာပေးပြီး ထောင်ထားတဲ့ပါတီတွေရှိပါတယ်။ သူတို့က တတိယအင်အားစုလိုတယ်ဆိုတဲ့လိုင်းကပါ။

၂၀၁၆ NLD အစိုးရ တက်လာအပြီးမှာ မအလတပ်ဟာ တစ်ဖက်မှာ တိုင်းရင်းသားတွေရဲ့ ဖယ်ဒရယ်တောင်းဆိုချက်ကို မပေးနိုင်ကြောင်း NLD အစိုးရကို တင်းတင်းမာမာပြောပြီး တစ်ဖက်မှာလဲ စရဖကတဆင့် သူတို့လူတွေကို တိုင်းရင်းသားအရေး ကျယ်ကျယ်လောင်လောင်တောင်းခိုင်းပြီး အစိုးရကိုအကျပ်ရိုက်အောင်လုပ်ပါတယ်။ အချို့ကိစ္စတွေက ဒီမိုကရေစီသဘောအရ ဖြစ်လေ့ရှိတဲ့ အငြင်းအခုံတွေကို စရဖနဲ့ သူ့အောက်က တစ်ပူးနဲ့ အကုန်သိက ကျော်မျိုးမင်းလို ဘောမတွေကိုသုံးပြီး သွေးကြွအောင် မြှောက်ပေးပြီး အစိုးရကို ပိုဒုက္ခရောက်အောင်လုပ်တာပါ။ အချို့မီဒီယာကလဲ သူ့အလုပ်သူလုပ်တာဆိုပြီး အဆင်းကို ဝိုင်းတွန်းပေါ့။ ဥပမာ ချောင်းဆုံတံတားဆို ပုံမှန်ကိစ္စပေမယ့် ကြီးအောင်လုပ်တာပါ။ တိုင်းရင်းသားတွေထံမှာ ခံစားချက်တွေက မအလစစ်တပ်က လူသတ်၊ မီးရှို့ထားလို့ အခံက ရှိပြီးသားပါ။ ဒါကို သူတို့က ဒီမိုအစိုးရနဲ့ တိုက်ပေးတာပါ။

ဒါဆိုရင် ဖယ်ဒရယ်အရေးတောင်းဆိုသူ၊ တိုင်းရင်းသားအရေး တောင်းဆိုသူတိုင်းကို မအလလူစစ်တပ်လူလို့ ပြောရင်တော့ မတရားနိုင်ပါ။ ဥပမာ ဦးခွန်ထွန်းဦးတို့လို ဦးအေးသာအောင်တို့လိုလူတွေက အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုတာသာ ကွာပါတယ်။

ဒီနေရာမှာ ANP ကိုကြည့်ပါ။ အချို့က မအလ လက်ပါးစေတွေပါ။ အေးမောင်နဲ့ အေးနုစိန်ဟာ ဘယ်သူတွေဆိုတာ ယခုအချိန်မှာ ထင်ရှားလာပါပြီ။ ဒီလိုအချိန်မှာဘဲ အခြား ANP ထဲက လူတွေကတော့ သူတို့ပြည်နယ်ကို တကယ့်ကို ဖယ်ဒရယ်လိုချင်လို့ လုပ်နေတာပါ။ နောက် ANP ထဲမှာ AA ကို ထောက်ခံသူလဲ ရှိမှာပါ။ မွန်ပါတီကို ပြန်ကြည့်ပါ။ မွန်ပါတီရဲ့အထက်ပိုင်းမှာ ဖွတ်နဲ့နီးစပ်သူတွေက နေရာရပြီးအောက်မှာက မွန်အမျိုးသားရေးဝါဒကို အခြေခံပြီး လူငယ်တွေကို စည်းရုံးထားတာပါ။ တကယ်တမ်းမအလတက်ချိန်မှာရတာ ချောင်းဆုံတံတား နာမည်ရတာနဲ့ ထိုမအလနဲ့နီးစပ်သူတွေ အာဏာရတာသာရှိပါတယ်။ မွန်တွေဖယ်ဒရယ်စစ်စစ် မရသွားပါ။ ဒါပေမယ့် ယခင်အစိုးရလက်ထက်ကလို အမျိုးသားရေးပွတ်တိုက်သံတွေ မကြားရတာ အားလုံးသတိထားမိမှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့လူတွေက မအလက အသံတိတ်ခိုင်းလိုက်လို့ပါ။ ကယားပြည်နယ်(ကရင်နီ) မှာလဲ မအလက ဒီဖော်မြူလာနဲ့ သွားထားတာပါ။ ဒါပေမယ့် ကရင်နီပြည်နယ်မှာက မအလထိပ်ကလူတွေက ဩဇာမညောင်းလို့ မအုပ်နိုင်ဘဲ အားလုံးကတော်လှန်လိုက်လို့ မအလသူ့ဆေးကို သူပြန်သောက်နေရတာပါ။ ချင်းကတော့ မအလက နဂိုထဲက မဖောက်နိုင်ခဲ့ပါ။ ၂၀၁၆ နောက်ပိုင်းမှာလဲ ချင်းနဲ့ NLD က ဆက်ဆံရေးကောင်းခဲ့လို့ မအလအတွက် ဂွင်မရှိခဲ့ပါ။

ယခုမအလက တိုင်းရင်းသားတွေကို ဆွေးနွေးပွဲခေါ်လို့ အစပိုင်းမှာ ရင်ခုန်သူတွေရှိနိုင်ပါတယ်။ ဒီပွဲမတိုင်ခင် အေးမောင်က အင်တာဗျူးတွေမှာ တိုင်းရင်းသားပြဿနာကို ကာချုပ်ကြီးကရှင်းပါ ဘာညာနဲ့လေသံပစ်ခဲ့လို့ပါ။ ဒါပေမယ့် မအလကစကားများတတ်ပြီး စကားထဲက ဇာတိပြသွားခဲ့ပါတယ်။ သူပေးချင်တာက ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ပေးခန့်မှာနဲ့ ငွေပေးသုံးမှာလောက်သာပါ။ ၂၀၀၈ ခြေဥကို အခြေခံထားလို့ ဖယ်ဒရယ်နဲ့ အဝေးကြီးပါ။ AA နဲ့ UWSA တောင်းထားတာနဲ့ မအလပေးမှာက မိုးနဲ့မြေလောက် ကွာပါတယ်။ မအလရည်မှန်းချက်က ပြည်နယ်၊ တိုင်းလွှတ်တော်မှာ သူ့တပ်က ၂၅% ဝင်ထိုင်ပြီး ဝန်ကြီးချုပ်တိုင်း တပ်ထောက်ခံမှ အရွေးခံရမှာပါ။ ဘာဖယ်ဒရယ်မှ မပေးပါဘူး။ ယခုခေါ်ထားတာက PDF ကို တိုက်နိုင်အောက် ငြိမ်းချမ်းရေးနဲ့ အချိုသပ်ထားတာပါ။

မေးစရာရှိတာက ဒါဆိုရင် တိုင်းရင်းသားတွေက လက်ခံမလားဆိုတာပါ။ ဒီမေးခွန်းက ဘယ်သူ့ကိုမေးသလဲအပေါ်မှာ မူတည်ပါတယ်။ အေးမောင်တို့၊ အေးနုစိန်တို့၊ SNDP စိုင်းအိုက်ပေါင်းတို့ မအလနဲ့ တွဲနေတဲ့ မွန်ပါတီတို့ကိုမေးရင်တော့ သဘောတူပါတယ်လို့ ဖြေနိုင်ပါတယ်။ တိုင်းရင်းသားဒီမိုစစ်စစ်SNLD၊ KIA၊ KNU ကို မေးရင်တော့ “No” ပါ။ မအလနဲ့အဖွဲ့ဟာ မိမိကခြေထိုးရာမှာတော့ အဖွဲ့များစွာရှိတာဟာ အခွင့်ကောင်းပါ။ မိမိကအုပ်ချုပ်ရချိန်မှာတော့ စုစည်းရခက်သွားပါပြီ။ အကျဉ်းချုပ်ရရင် မအလပေးလိုတဲ့ ဖယ်ဒရယ်က လက်ရှိရှမ်းပြည်ပုံစံပါ။ အဖွဲ့များစွာကွဲနေပြီး တကယ်အုပ်ချုပ်နေတာကသူနဲ့ သူ့ဘောမတွေပါ။ ဘယ်လိုဖယ်ဒရယ်လိုချင်လဲဆိုတာက ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ လက်ရှိအခြေအနေမှာ မြန်မာပြည်မှာ ဖယ်ဒရယ်ဆိုတာ တိုက်ယူမှရမှာပါ။ အမေရိကန်လဲ တော်လှန်ရေးပြီးမှလွတ်လပ်ခဲ့သလို၊ ရုရှားလဲ ဘုရင်စနစ်ကိုတော်လှန်၊ ပြင်သစ်လဲ လူဝီဘုရင်ကြီးကို ခေါင်းဖြတ်ပြီးမှတိုင်းပြည်တိုးတက်ခဲ့တာပါ။ ဖယ်ဒရယ်လိူချင်ရင် တိုင်းရင်းသားအားလုံး တိုက်မှရမှာပါ။ ပြည်သူသာအဓိကပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page