top of page
Search
Writer's pictureMyat Tun Oo

ဘုံရန်သူကို COC မရှိဘဲ ဝိုင်းတိုက်ခဲ့တဲ့ တော်လှန်ရေးတွေ အောင်မြင်ခဲ့သလား?


ဒါကပညာရှင်တွေအနေနဲ့လည်း အင်မတန်မှ စာတမ်းပြုစုဖို့ကောင်းတဲ့ အကြောင်းရာပါ။ ကမ္ဘာပေါ်မှာတော်လှန်ရေးများစွာရှိခဲ့ပါတယ်။ အရှေ့ဥရောပကတော်လှန်ရေးတွေက လက်နက်မဲ့ တော်လှန်ခဲ့ရာမှာအောင်မြင်ခဲ့ပါတယ်။ တော်လှန်သူတွေတော်တာမှန်ပေမယ့် အဓိကကတော့သူတို့စစ်တပ်တွေက ပညာရှိလို့ပါ။ အာရှကစစ်တပ်တွေက တစ်မျိုးပါ။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားကလွဲရင်ပေါ့။ ဘင်္ဂလားဒေ့ရှ်ကို မချီးကျူးသေးပါ။

ယခုရေးပြမှာက ဘုံရန်သူတွေကို လက်နက်စွဲကိုင်တော်လှန်ပြီး အမိန့်ပေးစနစ်တစ်ခုထဲအောက်မှာ မတိုက်ခဲ့တဲ့ တော်လှန်ရေးတွေက ဘာဖြစ်ခဲ့လဲ ဘာဖြစ်နေလဲ ဘာဖြစ်သွားလဲဆိုတာကို ပညာရှင်သဘောနဲ့ အထောက်အထားနှင့် သုံးသပ်တင်ပြသွားမှာပါ။

ဒီနေရာမှာလူအချို့က မအလ စစ်ကောင်စီကိုတိုက်ရာမှာ ဘုံရန်သူကိုအရင်တိုက် ပြီးမှကျန်တာညှိယူလို့ရတယ် အမိန့်တစ်ခုထဲအောက်က တိုက်စရာမလိုဘူးဆိုတဲ့ အယူအဆဟာ မှန်လား မမှန်လား အောင်မြင်မှုပေးနိုင်လား မပေးနိုင်လားဆိုတာကို အထောက်အထားတွေနဲ့ ပြောပြလိုတာပါ။ စာရေးသူရေးတာ သဘောမတူရင်လည်း မမှန်ရင်လဲ သင်တို့က ဘယ်တိုင်းပြည်က ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေက အမိန့်ပေးစနစ်မတူညီပဲတိုက်လိုက်တာအောင်မြင်သွားလဲဆိုတာကို အထောက်အထားတွေနဲ့ချပြ ဆွေးနွေးနိုင်ပါတယ်။


လစ်ဗျား

 သူက R2Pရဲ့ ဥပမာပါ။ ကဒါဖီကို အဖွဲ့ပေါင်းများစွာက ခံချခဲ့ကြပါတယ်။ မတူတာတွေအသာထား ဘုံရန်သူ ကဒါဖီကိုချကြမယ်ဆိုပြီးလုပ်ကြပါတယ်။ အံ့ဩစွာနဲ့ အင်္ဂလိပ်၊ ပြင်သစ်က ဝင်ကူလို့ ကဒါဖီကိုအလျှင်အမြန် ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒါက R2Pရဲ့ အထွဋ်အထိပ်ပါ။ ကဒါဖီကိုသတ်နိုင်လိုက်အပြီးမှာ လစ်ဗျားနိုင်ငံငြိမ်းချမ်းသွားခဲ့ပါသလား။ ဘုံရန်သူမရှိတော့တဲ့အချိန်မှာ လစ်ဗျားကတိုးတက်သွားပါသလား?  သူတို့ညှိယူလို့ ရသွားခဲ့ပါသလား?


လစ်ဗျားမှာ ကဒါဖီကိုအောက်တိုဘာ၂၀၁၁မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။

ထိုအချိန်မှာ ကဒါဖီကိုတိုက်ခဲ့တဲ့ အဖွဲ့များစွာဟာ သူတို့ဖာသာသူတို့ စစ်တပ်ဖွဲ့၊ စစ်အစိုးရတွေကြေညာကြပါတယ်။ ငါ့မြို့မှာ ငါဗိုလ်ပေါ့။ လစ်ဗျားမှာ ကဒါဖီအပြီးမှာအမျိုးသားညီညွတ်ရေးအစိုးရပေါ်လာပေမယ့် သူ့အမိန့်ကိုဘယ်သူမှ မနာခံကြပါဘူး။ နောက်လစ်ဗျားမှာက လူမျိုးစုပေါ်မူတည်ပြီး အဖွဲ့များစွာကွဲခဲ့ကြပါတယ်။။ ထိုအဖွဲ့တွေက ဘယ်လောက်ဩဇာရှိသလဲဆိုလို့ရှိရင် ထိုအဖွဲ့တွေရဲ့ သေနတ်သမားတွေက ကြားဖြတ်အစိုးရရဲ့ စစ်တပ်ကိုတိုက်ခိုက်တာ ရှေ့နေချုပ်ကိုဖမ်းတာ သတ်တာတွေအထိလုပ်ခဲ့ကြပါတယ်။ ဘုံရန်သူမရှိချိန် လက်နက်ကိုင်တွေရမ်းကြတာပါ။

ဒါဆိုရင်ဝင်စွက်ဖက်ခဲ့ကြတဲ့ ဥရောပကရော အငြိမ်နေရပါသလား။ ပြဿနာက လစ်ဗျားမှာလူကုန်ကူးမှုအဖွဲ့တွေကနေရာယူပြီး အာဖရိကကလူတွေကို ဥရောပကို ခိုးသွင်းပါတယ်။ ကဒါဖီကိုဖြုတ်ချဖို့စခဲ့သူက ပြင်သစ်စစ်တပ်ပါ။ ယခုတော့ အီတလီ နဲ့ဥရောပဟာ အာဖရိကက ခိုးဝင်လာသူတွေကိုရင်ဆိုင်နေရပါတယ်။ ဒါကလစ်ဗျားမှာဥပဒေမရှိတဲ့ လေဟာနယ်ရဲ့ပြဿနာပါ။ ယခုလို ဥပဒေမရှိတဲ့အချိန်မှာ အကြမ်းဖက်သမားများကလည်း ဝင်လာခဲ့ကြပါတယ်။ လစ်ဗျားမှာ ကဒါဖီအပြီး ရွေးကောက်ပွဲလုပ်လားဆိုတော့လုပ်ပါတယ်။ ဒါပေမဲ့အဆိုပါလက်နက်ကိုင်တွေက ယခင်ကတော့ရွေးကောက်ခံအစိုးရကို သစ္စာခံ လက်နက်စွံ့မယ်ဆိုပြီး တကယ်တမ်းမှာ သစ္စာမခံကြပါ။ ဒါကြောင့်လစ်ဗျားမှာတည်ငြိမ်တဲ့အစိုးရမရှိဘဲ အစိုးရတွေအမျိုးမျိုးကွဲ အစိုးရနဲ့လက်နက်ကိုင်အဖွဲ့တွေ ကွဲကြပါတယ်။ အဆိုပါသင်ခန်းစာကို ဥရောပကလည်းခါးသီးစွာယူခံယူနေရပါပြီ။ သူပြုသည့်ကံ သူ့ထံပြန်လာတာပါ။ ဒါမျိုးကိုဖြစ်မှာကို မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ ‌‌ ကြောက်ကြတာပါ။ ယခု၂၀၂၄ဩဂုတ်လမှာ လစ်ဗျားအစိုးရအသစ်ထပ်ဖွဲ့ခဲ့ပါပြီ။ ဒါပေမဲ့ မငြိမ်းချမ်းသေးပါ။ ဒါကဘုံရန်သူကိုဖြုတ်ပြီးတိုက်ခဲ့တဲ့ သီအိုရီက ၂၀၁၁ ကနေ ၂၀၂၄အထိ အဆင်မပြေတာကိုပြနေတာပါ။


ပါလက်စတိုင်း

ပါလက်စတိုင်းက ဘုံရန်သူကို တစ်ဖွဲ့ထဲရဲ့ အမိန့်ကိုမနာခံဘဲ အဖွဲ့များစွာ အဖွဲ့ကွဲတိုက်တာ အောင်မြင်ခဲ့ပါသလား?

အစ္စရေးထံက သူတို့လွတ်လပ်ရေးအတွက် စတိုက်တာက ရာဇာအာရာဖတ်ဦးဆောင်တဲ့ ဖာတာအဖွဲ့ပါ။ ရာဇာအာရာဖတ်ကိုအားနည်းအောင်လို့ ဟားမတ်ဆိုတဲ့အဖွဲ့၊ ဟစ်ဇဘိုလာဆိုတဲ့အဖွဲ့တွေကိုထူထောင်ခဲ့ကြပါတယ်။ သူတို့က ဘုံရန်သူအစ္စရေးကို အဖွဲ့မတူပေမယ့်လည်းဝိုင်းတိုက်ကြမယ်လို့ လူကြားကောင်းအောင် ကြွေးကြော်ခဲ့ကြပါတယ်။ ဟားမတ်ရော ဟစ်ဇဘိုလာက အာရာဖတ်ရဲ့ PLO ကို အသိအမှတ်မပြုကြပါ။ အာရာဖတ်အမိန့်မနာခံကြပါ။ ဒါပေမဲ့ ပါလက်စတိုင်းနိုင်ငံဟာ ၂၀၂၄ ယခုအချိန်အထိ ဘာမှဖြစ်မလာတာ အားလုံးသိမှာပါ။ ၂၀၂၃ က အစ္စရေးထဲကို ဝင်တိုက်ချိန်မှာတောင် အဖွဲ့များစွာကွဲပြီး စုပေါင်းစစ်ဆင်ရေးအနေနဲ့ ဟားမတ်‌ အောက်က ခဏဝင်တိုက်ခဲ့ပါတယ်။ ဒါပေမယ့်  အစ္စရေးနဲ့ ဓားစာခံအလဲအလှယ်လုပ်ရာမှာ ဟားမာ့စ်အောက်မှာမရှိတဲ့အဖွဲ့တွေက ပြန်မပေးလို့ အစ္စရေးနဲ့ ညှိမရဖြစ်ပြီး ယခု ဂါဇာက ပြာပုံဖြစ်သွားပါပြီ။ ထိုအဖွဲ့တွေထဲကအချို့က အမာခံ အကြမ်းဖက်သမားတွေပါ။ ဒါက လက်နက်တွေကိုင်ထားပြီး အမိန့်ပေးစနစ်တစ်ခုထဲအောက်မှာမရှိဘဲ ဘုံရန်သူကိုကြုံမှဝိုင်းစုပြီး စုပြုံတိုက်တာရဲ့အကျိုးသက်ရောက်မှုပါ။ ပထမမှာ တိုက်နိုင်ခဲ့ပေမယ့် ညှိတဲ့အချိန်မှာ အမိန့်မနာခံလို့ ပြဿနာတက်တာပါ။


ဟားမတ်ကို ဘယ်သူက တည်ထောင်ရာမှာ ပါခဲ့သလဲဆိုတော့ အစ္စရေးထောက်လှမ်းရေးက ပါဝင်ခဲ့တယ်ဆိုတာက အစ္စရေးဗိုလ်ချုပ် Yitzhak Segev က ၁၉၈၁ က ဝင်ခံခဲ့ပါတယ်။ သူမွေးတဲ့မျောက်က သူ့ပြန်‌‌ ချောက်တယ်ဆိုလဲ မမှားပါ။ ဒါက ဘာကိုပြလဲဆိုတော့ အာရာဖတ်အောက်မှာမနေတဲ့ ဟားမတ်က မတူတာတွေနောက်မှထား ဘုံရန်သူကို အရင်တိုက်ဆိုတာဟာ အလုပ်မဖြစ်ခဲ့တာကို ပါလက်စတိုင်းတော်လှန်ရေးကြီးက မီးမောင်းထိုးပြနေပါတယ်။ ဟစ်ဇဘိုလာကိုတော့ အီရန်က ထောက်ပံံပေးခဲ့ပါတယ်။ သူကလဲ ဘုံရန်သူ အစ္စရေးကိုတိုက်မယ်လို့ ကြွေးကြော်ပေမယ့် အာရာဖတ်ရဲ့ PLO ကို အသိအမှတ်မပြု အမိန့်မနာခံပါ။


ဆီးရီးယား

ဆီးရီးယားမှာ အာဆတ်ကို ငြိမ်းချမ်းစွာ ဆန္ဒပြတာကို လက်နက်နဲ့ပစ်သတ်လို့ လူတွေက လက်နက်စွဲကိုင် ခုခံခဲ့ကြပါတယ်။ မြန်မာပြည်နဲ့ အတူဆင်ပါတယ်။ သူက စာရေးသူတို့ ၁၉၈၈ က ပုံစံပါ။ ရွေးကောက်ခံထားရတဲ့ လွှတ်တော်မရှိသလို ရွေးကောက်ခံကိုယ်စားလှယ်လဲမရှိပါ။ ဒါကြောင့် ယခုမြန်မာပြည်က NUCC ပုံစံ ဆန္ဒပြခေါင်းဆောင်တွေ၊ အတိုက်အခံခေါင်းဆောင်တွေနဲ့ အစိုးရဖွဲ့ခဲ့ပါတယ်။ ထိုအစိုးရကို အမေရိကန်၊ အင်္ဂလိပ်က အသိအမှတ်ပြုခဲ့ပါတယ်။ လက်နက်တွေကိုလဲ ကာတာနဲ့ တူရကီက ထောက်ပံ့ခဲ့ကြပါတယ်။ စာရေးသူတို့ NUG လို PRF တွေ၊ ဘာတွေနဲ့ ပိုက်ဆံရှာစရာမလိုခဲ့ပါ။ အဓိကက အာဆတ်ဆန့်ကျင်သူတွေက အမိန့်ကွပ်ကဲမှုတစ်ခုထဲအောက်မှာမရှိခဲ့လို့ပါ။ နောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး အယူအဆ မတူကြလို့ပါ။ ဥပမာ Aleppo မြို့ကို တိုက်ချိန် Aleppo က မိမိဖာသာ ခုခံရင်းနဲ့ လုံးပါးပါးသွားခဲ့ပါတယ်။ မျက်စိထဲမြင်အောင် ဥပမာပေးရရင် မန္တလေးကလဲ မန္တလေးအဖွဲ့ကသာတိုက်၊ ခုခံ၊ အုပ်ချုပ်ပုံစံနဲ့ သွားခဲ့ပါတယ်။ မန္တလေးအတိုက်ခံရချိန် central command COC မရှိတော့ စစ်ကိုင်းကတပ်ကို လွှတ်ပြီး စစ်ကူမပေးတာမျိုးပါ။ ဗဟိုအမိန့်ပေးစနစ် central command ကနေ ဗျူဟာမြောက် strategic coordinated response နဲ့ မတုံ့ပြန်နိုင်ခဲ့ပါ။ အတိုက်အခံတွေကြားမှာ မိမိတို့အစိုးရကို မိမိတို့အသိအမှတ်မပြုဘဲ သူကလဲဆန္ဒပြခေါင်းဆောင်ကနေ ဝန်ကြီးဖြစ်တာ ငါကလဲ ဆန္ဒပြခေါင်းဆောင်ဆိုပြီး တစ်ယောက်တစ်ဖွဲ့ထောင်ချိန်မှာ မင်းမဲ့စရိုက်ဆန်သွားတာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ISIS နဲ့ Jabhat al-Nusra တို့ကို အာဏာရှင်တိုက်ရင်ပြီးရော ဘုံရန်သူတိုက်ဖို့ ဆီးရီးယားက Raqqa ထဲ အဝင်ခံချိန်မှာ ထိုအဖွဲ့တွေက ဘုံရန်သူထက် သူတို့ ဒေသခံလက်နက်ကိုင်တွေကိုလဲ တိုက်လာချိန်မှာ Free Syrian Army (PDF) က အာဆတ်ကိုလဲတိုက်ရ အဆိုပါ အကြမ်းဖက်အဖွဲ့ကိုလဲ ပြန်တိုက်ရနဲ့ အလုပ်ရှုတ်ပြီး ရှုံးသွားခဲ့ပါတယ်။ အစကထဲက ခြေကုတ်ပေးမယူခဲ့ရင် ဆီးရီးယားတော်လှန်ရေးက အောင်မြင်နိုင်ပါတယ်။


ကမ္ဘာစစ်

ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်ကတစ်ဘက်၊ အမေရိကန်၊ အင်္ဂလိပ်ကတစ်ဖက် ဘုံရန်သူ ဖက်ဆစ်နဲ့ နာဇီကို ဝိုင်းတိုက်ခဲ့ကြပါတယ်။ စစ်အပြီးမှာ အရှေ့၊ အနောက် နှစ်ခြမ်းဖြစ်သွားခဲ့ပါတယ်။


မြန်မာနိုင်ငံ


ရှမ်းပြည်

သူက ဖယ်ဒရယ် အတောင်းဆုံးပါ။ ဘုံရန်သူ မအလ ဗမာလူမျိုးကြီးဝါဒကိုတိုက်ဖို့ နာမည်တူ SSPP တောင်‌နှင့် မြောက် နှစ်ဖွဲ့ကွဲပါတယ်။ သူတို့နှစ်ဖွဲ့လုံးက ရွေးကောက်ခံ SNLD ရဲ့ အမိန့်ကို မနာခံပါဘူး။ လက်နက်ရှိရင် ဆရာပေါ့။ စစ်ဘုရင်ပေါ့။ သူတို့မှာ ပါတီတွေရှိပါတယ်။ သူတို့ကသာ သူတို့နယ်မြေမှာ အုပ်ချုပ်ပါတယ်။ မအလအဖေ နေဝင်းလက်ထက်ထဲက အဖွဲ့များစွာကွဲပြီး လက်နက်စွဲကိုင် တော်လှန်လာတာ အောင်မြင်သွားပါပြီလား? ဘုံရန်သူကို ဘယ်လောက်အထိ တိုက်နိုင်သွားပါပြီလဲ၊ သူတို့နယ်မြေလုတိုက်ပွဲ ခဏခဏဖြစ်တာ အားလုံးကြားမိမှာပါ။


ကရင်ပြည်

ကရင်ဟာ စောဘဦးရှိချိန်မှာ တော်လှန်ရေးက အအောင်မြင်ဆုံးပါ။ နောက်ပိုင်း KNU ကနေ DKBA ခွဲထွက်၊ နောက် KNU PC အဖွဲ့များစွာ ခွဲထွက်လာတာ ဘုံရန်သူကြီးကို နှစ် ၆၀ ကျော်တိုက်လာတာ ဘယ်လောက်အောင်မြင်သွားခဲ့ပါပြီလဲ?


ရခိုင်

ဘုံရန်သူကိုတိုက်ဖို့ မိမိနယ်မှာ အခြားလက်နက်ကိုင်အဖွဲ့ကို ပေးနေရမယ်ဆိုတဲ့ သီအိုရီကမှန်ရင် AA က ရိုဟင်ဂျာလက်နက်ကိုင်ကို သူ့နယ်မှာ ဘာလို့ ပေးမနေတာပါလဲ? ရိုဟင်ဂျာကလဲ ဘူးသီးတောင်၊ မောင်းတောမှာသာ အခြေချမှာပါ။ သူက AA အမိန့်အောက်မနေဘဲ AA နဲ့ တန်းတူ ပူပေါင်း‌ဆောင်ရွက်မယ်လို့ ပြောပါတယ်။ ဘုံရန်သူက မအလပေါ့။ ယခုပြောနေတဲ့ ပညာရှင်တွေ လက်ခံပေးမှာပါလား?


မြန်မာပြည်

မြန်မာပြည်မှာ လက်နက်ကိုင်အဖွဲ့များစွာ ဘုံရန်သူ အကြမ်းဖက်စစ်တပ်ကို နှစ်ပေါင်း ၆၀ ကျော် တိုက်လာကြတာပါ။ သူတို့အချင်းချင်း စစ်ရေးအဆင့် ပူးပေါင်းမလုပ်ဆောင်ခဲ့ဘဲ ယခု‌နွေဦးတော်လှန်ရေးမှသာ အတိုင်းအတာတစ်ခုအထိ ပူးပေါင်းဆောင်ရွက်ကြပြီး အောင်မြင်မှု ရှိလာတာပါ။ မမေ့ပါနဲ့။ ဒါက စည်းလုံးမှု အင်အားပါ။


ယခုရေးပြတာတွေက ကမ္ဘာပေါ်က တော်လှန်ရေးတွေမှာ အမိန့်ပေးစနစ်တစ်ခုထဲအောက်မှာမရှိရင် ရွေးကောက်ခံအစိုးရအောက်မှာမရှိရင် မအောင်မြင်နိုင်ဘူးဆိုတာကို အထောက်အထားများစွာနဲ့ ရေးပြတာပါ။ NLD အမတ်များ၊ ဝန်ကြီးများ၊ လွတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများ၊ နိုင်ငံခြားက NUG နဲ့ အခြား NUG ဆန့်ကျင်ဘက်အဖွဲ့တွေကို ထောက်ပံ့နေတဲ့ FR များ၊ cele များ ဖတ်နိုင်အောင် ရေးသား တင်ပြတာပါ။ အညာဒေသက တော်လှန်ရေး ရဲဘော်များလဲ ဖတ်နိုင်အောင်ပါ။


သင်တို့မှာ အမိန့်‌ ပေးစနစ်မတူဘဲ အဖွဲ့ကွဲတိုက်တာက အောင်မြင်ခဲ့တဲ့ ဥပမာရှိရင်လဲ ထောက်ပြရေးသားပါ။ ဖြစ်မှာပါဆိုတဲ့ အထောက်အထားမရှိတဲ့ စိတ်ဆန္ဒနဲ့ wishful thinking တော့ မလုပ်ပါနဲ့။ ယခင်က ခဏခဏရေးခဲ့သလို NUG ကိုထောက်ခံတာက ပြည်သူတင်တဲ့ လွှတ်တော်က ခန့်ထားလို့ပါ။ လူအရမဟုတ်ဘဲ ဒီမိုကရေစီမူအရဆိုတာ မမေ့ပါနဲ့။


အမေစုသားသမီးတွေအားလုံးစဉ်းစားရမှာက သင်တို့ တော်လှန်ရေးအောင်ချင်လား ဗမာပြည်မမှာ NUG အောက်မှာ မရှိတဲ့ စစ်ဘုရင်များစွာနဲ့ ဇာတ်ရှည်ချင်လားဆိုတာပါ။ လူမှာ သန္ဓေက အရေးကြီးပါတယ်။ အာဏာမရရင် အဖွဲ့ကခွဲထွက် နောက်အဖွဲ့ထောင်သူက စကားမတည်ပါ။  စာရေးသူက တင်ပြတာသာဖြစ်ပြီး ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ မှားရင်လဲ မိမိသာခံရမှာပါ။ အထောက်အထားများစွာနဲ့ အမှန်ကို ဆုံးဖြတ်နိုင်ပါစေ။ စာရေးသူကတော့ NUG အောက်က PDF ကိုသာ PRF ကတဆင့် ထောက်ပံ့ပါလို့ ထပ်ပြောပါရစေ။ သင်သူခိုးဓားရိုးကမ်းသူ မဖြစ်ပါစေနဲ့။

1,171 views0 comments

Comments


bottom of page