top of page
Search
  • Writer's pictureMyat Tun Oo

ဘာကြောင့် ခြေဥဟာ ဒီမိုကရေစီစနစ်မှာ ပြုပြင်ပြောင်းလဲမှုအတွက်အရေးကြီးလဲ


Why Constitution is Important for change in Democracy?

ဒီမိုကရေစီနိုင်ငံတွေမှာ ပြုပြင်ပြောင်းလဲမှုတွေဟာ အမြဲလိုရှိနေတတ်ပါတယ်။ မြန်မာပြည်မှာက ပြည်သူတွေက ပြောင်းလဲဖို့ ပြောလေ့ရှိတာက တပ်၊ ရဲ၊ ကျန်းမာရေးနဲ့ ပညာရေးပါ။ ဒီဌာနတွေ ပြောင်းလဲမှုလုပ်နိုင်ဖို့ရာမှာ သူတို့တွေကို ပြောင်းလဲမှုလုပ်ဖို့ ဒီမိုကရေစီစနစ်မှာ ဘာကြောင့်ခြေဥက အရေးကြီးလဲဆိုတာ လေ့လာကြည့်ရအောင်။

ဒီမိုအစိုးရတက်ချိန်မှာ ပြောင်းလဲမှုတွေကို လုပ်ခဲ့ပါတယ်။ လုပ်နေဆဲပါ။ ဒါပေမယ့် ထင်သလောက်တော့ မလုပ်နိုင်သေးပါဘူး။ ဒီနေရာမှာ အချို့က ဘစိန်လက်ထက်က ဘာလုပ်နိုင်တယ် ဘာညာပြောသလို အချို့ကလဲ လက်ရှိခြေဥအောက်မှာ လုပ်နိုင်ပါတယ်လို့ ပြောဆိုငြင်းခုံလေ့ရှိပါတယ်။

ပထမဆုံး ဘစိန်လက်ထက်က လုပ်ခဲ့တဲ့ ပြောင်းလဲရေးဟာ ပြည်သူတွေကောင်းစားအောင်လုပ်တဲ့ပြုပြင်ပြောင်းလဲရေးမဟုတ်ဘဲ ခရိုနီ၊ အဘနဲ့ သူတို့နဲ့နီးစပ်သူ အသိုင်းအဝိုင်းသာ ကောင်းစားစေတဲ့ပြုပြင်ပြောင်းလဲမှုပါ။ NLD အစိုးရလက်ထက်မှာမ နက်နဲတဲ့ အမှန်တကယ်ပြုပြင်ပြောင်းလဲရေးတွေကို စလုပ်ခဲ့တာပါ။

ဒီနေရာမှာ ဒီမိုနိုင်ငံတွေရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လေ့လာရအောင်။ ပထမ ပြင်သစ်မှာပါ။ လက်ရှိသမ္မတ မာကွန်းက ပြင်သစ်ရဲ့ အသုံးစရိတ်လျော့ချဖို့ ပင်စင်အသက်တိုးဖို့ ရထားမောင်းသူတွေရဲ့ အခွင့်ထူးတွေကိုလျှော့ချဖို့ဆိုပြီး မဲဆွယ်ခဲ့ပါတယ်။ ပြည်သူကသူ့ကို ၂၀၁၇ မှာ ၆၆.၁% နဲ့ ရွေးချယ်ခဲ့ပါတယ်။ လူတိုင်းက သူ့ကိုကြိုက်တာတော့မဟုတ်ပါ။ သူက ပြင်သစ်စစ်တပ်ရဲ့ အသုံးစရိတ်ကို စလျှော့ချခဲ့ပါတယ်။ ပြင်သစ် စစ်ဦးစီးအရာရှိချုပ်က ကန့်ကွက်ပါတယ်။ ပြင်သစ်မှာ ခြေဥအရ သမ္မတက တပ်ချုပ်ပါ။ ဒါနဲ့သူက အဲ့ဒီစစ်ဦးစီးအရာရှိချုပ်ကို ထွက်ခိုင်းခဲ့ပါတယ်။ နောက် သူပြုပြင်ပြောင်းလဲလိုတဲ့ ဌာနတိုင်းက ဆန္ဒပြကန့်ကွက်ကြပါတယ်။ ကိစ္စအများစုကို သူနိုင်ခဲ့ပေမယ့် ပင်စင်လိုကိစ္စမှာ သူခဏနောက်ဆုတ်ရတာလဲရှိပါတယ်။ ဆန္ဒပြသူတွေက ပါရီမြို့ကိုပိတ်ဆို့တဲ့အခါ ရဲနဲ့အင်အားသုံးရှင်းခဲ့ပါတယ်။ ရဲက အစပိုင်းသေချာမလုပ်လို့ ရဲချုပ်ကို ထပ်ထုတ်လိုက်ပါတယ်။ ရဲချုပ်အထက်က ပြည်ထဲရေးဝန်ကြီးက အရပ်သားပါ။

ပြင်သစ်ပြီးတော့ အမေရိကန်။ ထရမ့်က နိုင်ပြီး သမ္မတဖြစ်လာပါတယ်။ သူလုပ်ချင်တာကို လုပ်ပါတယ်။ ဒါတောင်မဲအများစုနိုင်တာက ဟီလာရီကလင်တန်ပါ။ ထရမ့်က ခြံစည်းရိုးကို ရအောင်လုပ်မယ်ဆိုပြီး ဇွတ်လုပ်ပါတယ်။ အိုဘားမားချခဲ့တဲ့ အချို့မူဝါဒတွေကို ပြန်ဖျက်ပါတယ်။ ဆီးရီးယားကနေတပ်တွေအတင်းပြန်ထုတ်ပါတယ်။ သမိုင်းကိုပြန်ကြည့်ရင်လဲ ငွေဝယ်ကျွန်စနစ်ကို ပြည်တွင်းစစ်အဖြစ်ခံပြီး ပြုပြင်ခဲ့ပါတယ်။ အဲ့ဒီကနေ နိုင်ငံတွင်းမွေးတဲ့ကလေးတွေ နိုင်ငံသားဖြစ်ခွင့်ဆိုတာပေါ်လာခဲ့တာပါ။ ထိုအချိန်မှာ အမေရိကန် တောင်ပိုင်း မြောက်ပိုင်း သဘောထားကွဲခဲ့ပါတယ်။ ဒါပေမယ့်တိုက်ပြီး ပြုပြင်ပြောင်းလဲရေးကို လုပ်ယူခဲ့ကြပါတယ်။ ဒီမိုကရေစီဆိုပြီး လွှတ်မထားခဲ့ပါဘူး။

နောက်အင်္ဂလန်မှာလဲ အခမဲ့ဆေးကုသစနစ်(National Health Service)ကို ဆရာဝန်တွေကန့်ကွက်တဲ့ကြားက လေဘာအစိုးရက ဒုတိယကမ္ဘာစစ်အပြီးမှာ စလုပ်ခဲ့ပါတယ်။ နောက် ပြည်သူပိုင်လုပ်ငန်းတွေကိုလဲ ပုဂ္ဂလိကပိုင် ပြောင်းခဲ့ပါတယ်။ ကျောက်မီးသွေးတွင်းလုပ်ငန်းတွေကို ဒေသခံတွေက မပိတ်ဖို့သပိတ်တွေနဲ့ တားတဲ့ကြားက ဒီမိုနဲ့တက်တဲ့ မာဂရက်သက်ချာအစိုးရက သပိတ်တွေကို နံပတ်တုတ်နဲ့နှိမ်နင်းပြီး လုပ်သွားခဲ့ပါတယ်။

မြန်မာပြည်မှာ ရဲကိုပြုပြင်ပြောင်းလဲမယ်ဆိုရင်လဲသူက ငါ့လစာက စင်ကာပူလစာလား ရဲနဲ့ပြ ည်သူအချိုးက စင်ကာပူလိုလား ဘာညာမေးကြမှာပါ။ ထို့အတူပါဘဲ ဆရာဝန်နဲ့ ကျန်းမာရေးသမားတွေကိုပြုပြင်ပြောင်းလဲဖို့ပြောရင်လဲ နင်တို့က ငါတို့ကို စင်ကာပူလစာပေးတာလား ဆရာဝန်လူနာအချိုးကစင်ကာပူမှာဘယ်လို ဘာညာပြောကြမှာပါ။ ထို့အတူပါဘဲ ပညာရေးကိုပြောရင်လဲ နင်တို့က စင်ကာပူလိုပေးမှာလား ဆရာ ကျောင်းသားအချိုးကဘယ်လို ဘာညာပြောကြမှာပါ။ ဒါထက်တိုးပြီးတပ်မတော်ကြီးကို ပြင်ပါပြောရင်လဲ ငါတို့လစာက စင်ကာပူလိုရလို့လား ငါတို့က အသေခံရှေ့တန်းထွက်တာ သူပုန်နဲ့ စစ်တပ်အချိုးက စင်ကာပူလိုလားဆိုပြီး ဘာညာ ပြောကြမှာပါ။

တချိန်ထဲမှာဘဲ ပြည်သူကလဲ နင်တို့က စင်ကာပူက ဆရာလို ဆရာဝန်လို ရဲလို စစ်တပ်လို ပညာတတ်လို့ပေးရမှာလားလို့ မေးစရာလေးတွေရှိလာနိုင်ပါတယ်။ အရာအားလုံးကတော့ ပြုပြင်ပြောင်းလဲနိုင်ဖို့ရာမှာ အချက်များစွာ (multifactorial) လိုပါတယ်။ မေးခွန်းက ဘယ်ကစမလဲဆိုတာပါ။

တိုင်းပြည်တစ်ခုမှာ ခြေဥကခိုင်မာရင် တပ်နဲ့ရဲက သမ္မအောက်မှာရှိရင် ပြုပြင်ပြောင်းလဲမှုတွေကို ထိထိရောက်ရောက် လုပ်နိုင်ပါမယ်။ ဥပမာအနေနဲ့ ကြည့်ရအောင်။ တပ်ကသာ ၁၉၄၇ ခြေဥအရ အစိုးရအောက်မှာသာရှိခဲ့ရင် ဘင်္ဂါလီလိုကိစ္စပေါ်လာမှာမဟုတ်လို့ တိုင်းပြည်စီးပွါးရေးကို မထိခိုက်နိုင်ပါ။ ဒါကပထမအချက်။

နောက် ခြေဥကို တိုင်းရင်းသားအားလုံးနီးပါးသဘောတူခဲ့ရင် သူပုန်ဟာ တအားနည်းသွားပါမယ်။ ဒါဆိုစစ်အသုံးစရိတ်ကိုလျှော့ပြီး အခြားနေရာတွေမှာ ဘတ်ဂျက်သုံးနိုင်ပါမယ်။ ဒါ့အပြင် ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ရာမှာ ဆန္ဒပြမှာဖြစ်ပေမယ့် ခိုင်မာတဲ့ခြေဥရှိလို့ အာဏာသိမ်းမှာ မပူရဘဲ ရဲရဲဝံ့ဝံ့လုပ်ဆောင်နိုင်ပါမယ်။ ဒီနေရာမှာ စာရေးသူအနေနဲ့ ပြုပြင်ပြောင်းလဲမှုတိုင်းကို ဝန်ထမ်းတိုင်း ကြိုက်မယ်လို့ မယုံကြည်ပါ။ ၆၀% လောက်သာ ကြိုက်နိုင်ပါတယ်။ ဒါဟာ ပြင်သစ်ရော အင်္ဂလန်ရော အိန္ဒိယမှာပါ ဒီသဘောပါဘဲ။ ဒါက လူ့သဘာဝပါ။ ဒါပေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရတိုင်းကအတိုက်အခံရှိတဲ့ကြားက လုပ်ကြရတာပါ။

ဒါကြောင့် နောက်ဆုံးမှာတော့ ခြေဥဟာ ပြုပြင်ပြောင်းလဲရေးတွေအောင်မြင်ဖို့အတွက် အသက်ပါလို့ပြောပါရစေ။ ၂၀၀၈ ခြေဥမှာတော့ မလွယ်ပါ။

225 views0 comments

Comments


bottom of page