Myat Tun Oo
ဘယ်သူ့ကို ပြည်သူတွက ရွေးလိုက်လဲ?

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို တပ်အမတ်၊ ကြံ့ဖွတ်အမတ်နဲ့ PPP က ကျော်ဇေယျတို့က အယုံအကြည်မရှိကြောင်း ရန်ကုန်တိုင်းလွှတ်တော်မှာ အဆိုတင်သွင်းခဲ့လို့ စာရေးသူက အဆိုပါဝန်ကြီးချုပ်နဲ့ သူ့ကိုအယုံအကြည်မရှိကြောင်း အဆိုတင်တဲ့ အများစုသော တပ်အမတ်တွေရဲ့ခေါင်းဆောင် တပ်ချုပ်ကြီးဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြည်သူက ပိုယုံကြည်လဲဆိုတာ စစ်တမ်းကောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံခြားမှာဆိုရင်တော့ စစ်တမ်းကောက်ရင် လွှတ်တော်မှာ အယုံအကြည်မရှိအဆိုတင်တဲ့ အတိုက်အခံပါတီခေါင်းဆောင်နဲ့ အာဏာရပါတီခေါင်းဆောင်ပေါ့။ မြန်မာပြည်မှာက အတိုက်အခံပါတီက သူတို့ဖာသာ အဆိုတင်လို့မရဘဲ တပ်မဲပါမှသာ တင်လို့ရတာဖြစ်လို့ တပ်ခေါင်းဆောင်ဟာအတိုက်အခံပါတီခေါင်းဆောင်သဘောမျိုး မဲခွဲရာမှာ သုံးရတာပါ။
ပထမစိုးရိမ်တာက လူတွေမဲမှ ပေးပါ့မလားပေါ့။ စာရေးသူ ရင်ကြားစေ့ရေး စစ်တမ်းကောက်စဉ်မှာ လူသုံးထောင်လောက်သာ ဖြေခဲ့ပါတယ်။ ဒေးဗစ်လားကိစ္စမှာက တစ်ထောင်ငါးရာကျော်သာဖြေခဲ့ပါတယ်။
ကွီးဖြိုးနဲ့ တပ်ချုပ်ကြီး ပြည်သူကဘယ်သူ့ကို ပိုယုံလဲလို့ ဆန္ဒမဲကောက်လိုက်တာနဲ့ တစ်ရက်ထဲမှာလေးသောင်းကျော်သွားခဲ့ပါတယ်။ ဒုတိယနေ့ မနက်ပိုင်းမှာ နေပြည်တော်က ကွန်ပျူတာနဲ့ မော်စကိုကတက္ကသိုလ်ကျောင်းထဲက ကွန်ပျူတာတွေကနေ တပ်ချုပ်ကြီးကို အများအပြား မဲပေးကြတာ တွေ့ရပါတယ်။ မဲပိတ်ချိန်မှာ မဲပေးသူစုစုပေါင်းက ရှစ်သောင်းငါးထောင်ကျော်ပါ။ အတော့်ကို အောင်မြင်တဲ့စစ်တမ်းလို့ပြောရမှာပါ။ ထိုအထဲမှာ ပယ်မဲက ၁၁၀၀၀ ပါ။ ၉၀၀၀ က တပ်ချုပ်ကိုပေးတာဖြစ်ပြီး IP address တူတဲ့ နေပြည်တော်နဲ့ မော်စကိုကပါ။ ၂၀၀၀ က ထပ်နေတဲ့ ဒီမိုမဲတွေပါ။ ဒါကြောင့် စုစုပေါင်း၁၁၀၀၀ က ပယ်မဲဖြစ်သွားခဲ့ပါတယ်။

ပယ်မဲမပါရင် ဖြေဆိုသူရဲ့ ၇၂% က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို ပိုယုံကြည်တယ်လို့ဖြေသွားခဲ့ပြီး ၂၈% ကသာ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရွေးခဲ့ပါတယ်။ ပယ်မဲပါထည့်ရေတွက်ရင် ကွီးဖြိုးက ၆၅% နဲ့ တပ်ချုပ်ကြီးက ၃၅% ပါ။ ဒီကနေဘာကိုပြသလဲဆိုတော့ တပ်ချုပ်ကြီးကို ပြည်သူတွေက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလောက်တောင် ယုံကြည်မှုမရှိတာသွားတွေ့ရပါတယ်။ ဒီစစ်တမ်းဟာ DASSK နဲ့ ယှဉ်တာမဟုတ်ဘဲ ကွီးဖြိုးနဲ့သာ ယှဉ်ထားတာပါ။

နောက်ဒီမှာ ဘာတွေ့ရသလဲဆိုတော့ ဒီစစ်တမ်းဟာ ဘာမှမဟုတ်တဲ့အရာဖြစ်ပေမယ့် တပ်ထဲက အွန်လိုင်းစစ်သည်တွေက ဂရုတစိုက်နဲ့ အဘအတွက်မဲထည့်တာပါ။ ဒါက အဘနဲ့အဖွဲ့ဟာ ပုံရိပ်ကောင်းဖို့အတွက် ဘယ်လောက်သုံးထားလဲဆိုတာ သိသာပါတယ်။
နိဂုံးချုပ်ရရင် ဒီစစ်တမ်းဟာ သိပ္ပံနည်းကျမဟုတ်တာ ဝန်ခံပါတယ်။ ဒါပေမယ့် လူတွေအများကြီးမဲဝင်ပေးတာတွေ့ရသလို အဘသားတွေရဲ့ အကောင့်တုတွေက မဲခိုးတာလဲ တွေ့ရပါတယ်။ ပြည်သူ့အားကများလို့ ရှုံးသွားပုံပါ။ ရွေးကောက်ပွဲမှာလဲ ဒီမိုတွေအနေနဲ့ မဲခိုးမခံရအောင်တော့ သတိထားကြပါ။ ဒီကြားထဲကမှ ပြည်သူတွေက ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ပိုယုံကြည်တယ်လို့ ၇၂% က မဲပေးသွားတာကတော့ ဝမ်းသာစရာပါ။ ပယ်မဲပါ ထည့်ရေတွက်ရင်တော့ သူက ၆၅% နဲ့ နိုင်သွားခဲ့ပါတယ်။ လူတွေရဲ့မေတ္တာကိုရဖို့က စစ်ပွဲတိုက်ရတာထက် ပိုခက်ပါတယ်။ ဦးဖြိုးမင်းသိန်းက လူတွေရဲ့ ယုံကြည်မှုကိုလက်နက်ကိုင်တပ်မပါဘဲ ရသွားခဲ့တာပါ။