top of page
Search
  • Writer's pictureMyat Tun Oo

ဖက်ဆစ်တပ်မဖြစ်ဖို့ ဘာအချက်တွေလိုအပ်လဲ?


စာရေးသူတို့လက်ရှိတော်လှန်ရေးဘာကြောင့်ဖြစ်လဲ? လူပေါင်းစုံက အကြောင်းမျိုးစုံပြောနိုင်ပါတယ်။ဒါကိုအကျဉ်းချုပ်ပြောပါဆိုရင် လက်ရှိမအလတပ်ဟာ ရွေးကောက်ခံအရပ်သားအစိုးရရဲ့ အမိန့်ကို မနာခံတာက စခဲ့ပါတယ်။ ၁၉၆၂ ကထဲကပါ။ ယခုဖြစ်နေတဲ့ တော်လှန်ရေးကိုလေ့လာကြည့်ရင်လဲရွေးကောက်ခံ တရားဝင်အစိုးရထံကနေ အာဏာသိမ်းရာက စခဲ့တာပါ။ ယခုဟာက ဖက်ဆစ်တပ်ဖြစ်နေပါပြီ။ ဒါဆိုရင် စာရေးသူတို့ဖွဲ့နေတဲ့ တပ်အသစ်က ဖက်ဆစ်တပ်မဖြစ်ဖို့ ဘာအချက်တွေ လိုအပ်ပါသလဲ?

အရေးကြီးဆုံးအချက်က လက်နက်ကိုင်တပ်ဖွဲ့များသည် ရွေးကောက်ခံအစိုးရ၏အမိန့်ကို နာခံရမှာပါ။ဒါက ခြွင်းချက်မရှိပါ။ ရွေးကောက်ခံအစိုးရကိုတော့ ပြည်သူက ရွေးကောက်တင်မြှောက်ပါတယ်။ ဒါကြောင့်အစိုးရကို ပြည်သူကထိန်းပါတယ်။

ထင်ရှားတဲ့ ဥပမာအနေနဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ထရမ့်နဲ့ ဘိုင်ဒင်မဲကိစ္စ ပြဿနာတက်ခဲ့ပါတယ်။အမေရိကန်စစ်တပ်က ဝင်မပါပါ။ အင်္ဂလန်မှာ ဝန်ကြီးချုပ်တွေ၊ သူ့အတိုက်အခံတွေ ကိုဗစ်အချိန်ပါတီလုပ်လို့ ရဲကစစ်ပါတယ်။ တပ်ဝင်မပါပါ။ ပြင်သစ်မှာ မာကွန်းက သူ့တပ်ကို လက်နက်လျှော့မယ်ပြောချိန်မှာ သူ့စစ်ဦးစီးအရာရှိချုပ်က သဘောမတူရင် စစ်ခေါင်းဆောင်က ရာထူးကထွက်ရပါတယ်။အမေရိကန်မှာ ထင်ရှားတဲ့ စစ်ဦးစီးဥက္ကဌတွေ ကော်လင်းပါဝါလဲ အရပ်သားစကား နားထောင်ရပါတယ်။ နာမည်ကြီးဗိုလ်ချုပ်ကြီး David Petraeus ဆိုရင်လဲ အရေးယူခံရတာပါဘဲ။ သူ့လက်အောက်ကနာမည်ကြီး ဗိုလ်ချုပ်ကြီး General McChrystal ဟာဆိုရင် သူ့လက်အောက်က သူ့အကူနဲ့ PSO တွေကသတင်းသမားရှေ့မှာပြောတဲ့စကားက အရပ်သားအစိုးရကို နောက်သလို သရော်သလိုပြောမိလို့သတင်းစာမှာပါလာပြီး ဒါဟာ သူ့အကူပြောတာက သူ့အာဘော်ဆိုပြီး သမ္မတအိုဘားမားက ထုတ်ပလိုက်ပါတယ်။ သူပြောတာက နိုင်ငံရေးသမားတွေ ဘာမှမသိဘူး မြေပြင်ကိုမဆင်းဘဲ လျှောက်ပြောနေတယ်၊ အိုဘားမားကိုလဲ စစ်မှုမထမ်းဖူးဘဲ လျှောက်ပြောနေတယ်ပြောလို့ပါ။ ဦးကိုနီကိုသတ်ရာမှာအဓိကပါဝင်ခဲ့သူ လင်းဇော်ထွန်းဟာ မအလရဲ့ PSO ဖြစ်ခဲ့သူပါ။ သူ့အာဘော်က မအလထံကလာပါတယ်။ သူလွတ်သလို မအလလဲ လွတ်နေခဲ့ပါတယ်။ ဒါကဒီမိုအစိုးရစစ်စစ်နဲ့ ၂၀၀၈ အောက်ကအစိုးရကွာတာပါ။ စစ်တပ်ကအရပ်သားအောက် လုံးဝရှိတာနဲ့ မရှိတာပေါ့။

နောက်ရွေးကောက်ပွဲအပြီးကာလ မအလတပ်က အရပ်သားအစိုးရကို စိန်ခေါ်စာထုတ်တာတွေ စာရေးသူတို့အားလုံး မှတ်မိနေမှာပါ။ ဒါက အမေရိကန်မှာ လှောင်မိတာနဲ့ အဖြုတ်ခံရတာနဲ့ မြန်မာပြည်မှာခွေးအဆင့်လောက်ရှိတဲ့ ဇော်မဲလုံးက စိန်ခေါ်နေတာတောင် ထိုင်ကြည့်နေရတဲ့ အစိုးရပါ။ ဒါကြောင့်မိုလို့ စာရေးသူတို့ဟာ အစိုးရကို စိန်ခေါ်စာထုတ်တဲ့ လက်နက်ကိုင်တပ်မျိုးကို ယခုကထဲက မမွေးမိဖို့လိုပါတယ်။ ဒါဆိုရင် မေးစရာရှိတာက အရပ်သားအစိုးရကို ဘယ်သူကစိန်ခေါ်မလဲဆိုတာပါ။ ပြည်သူကစိန်ခေါ်မှာပါ။ အီရတ်စစ်ပွဲနဲ့ အာဖဂန်စစ်မှာ အမေရိကန်တပ်တွေ၊ အင်္ဂလိပ်တပ်တွေကို အစိုးရတွေကမိုင်းကာကားတွေ အလုံအလောက်မပေးနိုင်ခဲ့ပါ။ ဒါကြောင့် မိုင်းဆွဲခံရချိန် အသေအပျောက်များခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်စစ်တပ်နဲ့ အင်္ဂလိပ်စစ်တပ်က စာထုတ်ပြီး အရပ်သားအစိုးရကို ငါ့ကိုလက်နက်ပေးပါဆိုပြီး စိန်မခေါ်ရဲပါ။ ရှိတာနဲ့တိုက်ခဲ့ရပါတယ်။ သူတို့ရဲ့ သတင်းသမားတွေ လွှတ်တော်အမတ်တွေကတဆင့်သာ ကာဝန်ကို လွှတ်တော်မှာ စစ်မေးပါတယ်။ ကာဝန်ကလဲ ဘာကြောင့်ဆိုတာလွှတ်တော်အမတ်တွေ(ပြည်သူ)ကို ရှင်းပြပါတယ်။ သူကတပ်ကို မရှင်းပြပါ။ အဲ့ဒီလောက်တောင်လက်နက်ကိုင်အဖွဲ့က အရပ်သားအစိုးရကို လေးစားရတာ ကြောက်ရတာပါ။ ဒါကြောင့် ဘယ်တပ်ဖြစ်ဖြစ် မအလတပ်ကို ဘယ်လောက်တိုက်တယ်ရေးရေး အဆိုပါတပ်တွေက အရပ်သားအစိုးရကိုလေးစားဖို့လိုအပ်ပါတယ်။ ပြည်သူကိုလေးစားဖို့ လိုအပ်ပါတယ်။ စစ်တိုက်တာတော်တယ်ဆိုပြီး မအလတပ်လို နောက်တပ်မျိုးမဖြစ်ဖို့ အရေးတကြီးလိုအပ်ပါတယ်။

နောက်တပ်ထောင်ရာမှာ တပ်ထဲမှာ စည်းကမ်းက အင်မတန်အရေးကြီးပါတယ်။ NUG ကထောင်တဲ့PDF တွေမှာ စာချုပ်နဲ့စစ်ထဲဝင်ရပြီး စနစ်တကျလေ့ကျင့်ပေးတာ လက်နက်တပ်ဆင်ပေးတာစစ်သင်တန်းပေးတာတွေရှိပါတယ်။ NUG ရဲ့ PDF မှာကသူ့အဆင့်ဆင့် လှုပ်ရှားပါတယ်။ သူတို့ဟာသက်ဆိုင်ရာပကဖတွေအောက်မှာရှိပါတယ်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အောက်မှာပါ။အရပ်သားအောက်မှာပါ။

နောက်တပ်ထဲမှာ ရာထူးတိုးပေးရာမှာ မိမိနဲ့အိပ်ရာထဲနေသူကို ရာထူးမတိုးပေးမိဖို့ အရေးကြီးပါတယ်။NUG မှာက ထိန်းကျောင်းမှုအားကောင်းပါတယ်။ ဒါကအင်မတန်အရေးကြီးပါတယ်။ မိမိအရပ်သားဘဝ ဒေါ်စုဆန့်ကျင်ရေး လှုပ်ရှားချိန်မှာ ဘယ်သူနဲ့အိပ်အိပ် အရေးမကြီးပေမယ့် တပ်ထောင်ရင်တော့မိမိနဲ့အိပ်သူက ရာထူးတက်သွားရင် အဆင်မပြေပါ။ အရည်အချင်းမရှိသူ ရာထူးတက်သွားရင် ဂျပုရာထူးတက်သလို ဖြစ်သွားပါမယ်။ တကယ်အရည်အချင်းရှိလို့ ရာထူးတက်သွားခဲ့ရင်တောင် တပ်ချုပ်လိုလို ဘာလိုလိုလူနဲ့ အိပ်သွားလို့တက်သွားတယ်ဆိုရင် လူ့အခွင့်အရေးရှုထောင့်ကကြည့်ရင်မကောင်းပါ။

နောက်လက်နက်ကိစ္စပါ။ စရဖမှတ်တမ်းတွေအရ NUG အောက်မှာရှိတဲ့ PDF က အနည်းဆုံး လေးသောင်းခွဲပါ။ တကယ်ဘယ်လောက်ရှိလဲတော့ NUG သာ သိမှာပါ။ လက်နက်တွေက အမေရိကန်နဲ့အင်္ဂလိပ်က ယူကရိန်းလို လာအလှူပေးနေတာ မဟုတ်ပါ။ လူ့အခွင့်အရေးသမားတွေကဘာပြောပြောသူတို့က စီးပွါးရေးပိတ်ဆို့တာလောက်သာ လုပ်ပေးတာပါ။ နောက်အချို့ကို ဒုက္ခသည်အဖြစ်ခိုလှုံခွင့်ပေးတဲ့အဆင့်ကနေ မပိုပါဘူး။ သူတို့က အာဆီယံကို စောင့်နေဆဲပါ။ ယခု NUG ရတဲ့ပိုက်ဆံကနိုင်ငံခြားရောက် မြန်မာတွေထံကပါ။ သူက ရတဲ့ပိုက်ဆံနဲ့ မှောင်ခိုစျေးကွက်ကနေ လက်နက်ဝယ်ရတာပါ။ လက်နက်ကို စက်ရုံသွားပြီးမှာလို့ရတာမဟုတ်ပါ။ စတိုးဆိုင်ကနေ ဝယ်လို့ရတာမဟုတ်ပါ။ ဒီနေရာမှာ အမေရိကန်ရဲ့ DEA က KNU ကိုတောင် မကူညီတဲ့အပြင် နာမည်ဖျက်ဖို့ ကြိုးစားတဲ့သတင်းအားလုံးဖတ်မိမှာပါ။ ထိုင်းမှာ စရဖက တပ်ရင်းတစ်ခုစာ လှုပ်ရှားထောက်လှမ်းပြီး ထိုင်းအစိုးရကိုသတင်းပေးပြီး လက်နက်လမ်းကို ဖမ်းခိုင်းပါတယ်။ ထို့အတူ အိန္ဒိယကလဲ ဖမ်းပါတယ်။ တရုတ်မှာကတော့ လှုပ်မရပါ။ ဒီကြားထဲက NUG က သူ့တပ်တွေအတွက် လက်နက်၊ ရိက္ခာ ထောက်ပံ့ဖို့ ကြိုးစားရပါတယ်။ အမေရိကန်က ယူကရိန်းမှာလို တိုက်ပွဲဖြစ်တဲ့နေရာအထိထောက်ပံ့တာမပြောနဲ့ ထိုင်းမှာတောင် မကူညီပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဘာပြောလို့ ညာပြောလို့ ရင်မခုန်ပါနဲ့။

လိုရင်းကို ပြန်ဆက်ရအောင်။ NUG မှာ လက်နက်ရဖို့က အခြားအဖွဲ့တွေထက် နှစ်ဆ သုံးဆကြိုးစားရပါတယ်။ လက်နက်ပေးရမယ့်လူကများပြီး အချိန်တိုအတွင်း ပေးရဖို့က ကြီးမားတဲ့စိန်ခေါ်မှုပါ။အင်အားအကြီးဆုံး UWSA ရဲ့ အင်အားတောင် ယခု PDF လောက်သာ အရေအတွက်ရှိတာပါ။ NLD ဟာ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်အထိ လက်နက်ကိုင်ဖို့ကို စိတ်မကူးခဲ့ပါ။ သူတို့မှာ လက်နက်ပွဲစားကအစ အဆက်အသွယ်မရှိပါ။ သုညက စခဲ့ရတာပါ။ ယခုကတော့ ရလာပါပြီ။ လက်နက်လဲ ရောက်လာပါပြီ။ ဒါဆိုဘယ်သူ့ကိုပေးမလဲ? ဒီမိုကရေစီ စံနှုန်းအရ မိမိဖွဲ့ထားတဲ့ ပြည်သူကိုဩဇာခံမှာသေချာတဲ့အဖွဲ့တွေကစပြီး ထောက်ပံ့ရမှာပါ။ ဒီနေရာမှာ ဟိုနေရာက တိုက်ပွဲဖြစ်နေပြီ ဒီနေရာက တိုက်ပွဲဖြစ်နေပြီး ထောက်ပံ့ပါလားဆိုတာရှိပါတယ်။

ပုံမှန် NUG အောက်က လက်နက်ကိုင်အဖွဲ့တွေ တည်ဆောက်တာက သူတို့ဩဇာကို ဒေသအတွင်းမှာအရင်တည်ဆောက်ပါတယ်။ သူတို့က အသံမကြားပါ။ မအလတပ်ကိုလဲ အစပိုင်းမှာ ရှောင်ပါတယ်။အသံမထွက်ပါ။ ဒါကို အချို့ပြည်သူများ နိုင်ငံခြားရောက်သူများက သူတို့စစ်မတိုက်ဖူးလို့ အထင်မှားနိုင်ပါတယ်။ သူတို့မတိုက်လို့ မအလကလဲ ရွာတွေကို မဖျက်သေးပါ။ သူတို့က လက်နက်လူသူစုပြီး ပိုင်ရင်တော့ အပြီးဝင်တိုက်ပါတယ်။ အဲ့ဒီအချိန်မှာလဲ မအလက ရွာမီးရှို့၊ လူသတ်၊မုဒိမ်းကျင့်နဲ့ တုန့်ပြန်ပေမယ့် ပြင်ဆင်ပြီးမှတိုက်လို့ အဆင်ပိုပြေပါတယ်။ သူတို့တိုက်ချိန်မှာ NUG ရဲ့ ဖွဲ့စည်းပုံအောက်ကမိုလို့ မီဒီယာအပေါ်မှာ ဗိုလ်ဘယ်သူ ဘာညာဆိုပြီး တက်လာတာတွေ့ရခဲမှာပါ။ ဒါက မြင်နိုင်အောင် ချပြတာပါ။

အကျဉ်းချုပ်ရရင် ယခုအချိန်ဟာ တော်လှန်ရေးပါ။ မအလကို ပြည်သူတိုင်းကနည်းမျိုးစုံနဲ့တိုက်နေတာက ကောင်းပါတယ်။ ဒါပေမယ့် လက်နက်ကိုင်တပ်ထူထောင်မယ်ဆိုရင်တော့ အဆိုပါအဖွဲ့များဟာပြည်သူ့ဩဇာခံရပါမယ်။ ပြည်သူဆိုတာ မအလပြောတဲ့ ပြည်သူမဖြစ်သင့်ပါ။ မအလကိုမေးရင် သူ့မိန့်ခွန်းနားထောင်ရင် သူကလဲ ပြည်သူ့တပ်မတော်ဆိုပြီး ပြောမှာပါ။ ဒါပေမယ့် ပြည်သူဆိုတာရွေးကောက်ခံအဖွဲ့ ရွေးကောက်ခံအစိုးရပါ။ ထိုအဖွဲ့က NLD လောလောဆယ်ဖြစ်နေတာက အရှိတရားပေမယ့် မူဝါဒအရ ပြည်သူ့အစိုးရအောက်မှာ လက်နက်ကိုင်အဖွဲ့က ရှိရပါမယ်။ ဖက်ဆစ်တပ် ထပ်မဖြစ်ဖို့က ပြည်သူ့အစိုးရအမိန့်ကို နာခံဖို့ပါ။ ပြည်သူက PRF အဖွဲ့ဝင်ပါ NUG ငွေတိုက်စာချုပ်ဝယ်ပါ၊ မအလခြံကိုဝယ်ပါ။ ပြည်သူသာ အဓိကပါ။

290 views0 comments

Comments


bottom of page