top of page
Search
Writer's pictureMyat Tun Oo

နိုင်ငံရေးသဘောတူညီချက်မရလို့ တော်လှန်ရေး ကြာတယ်ဆိုတာက အမှန်လား?


ယခုအပတ်အတွင်းမှာ ခေတ်စားနေတဲ့ဂျင်းက NUG က တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးသဘောတူညီချက်မရနိုင်လို့ တော်လှန်ရေးကကြာနေတာ သဘောတူညီချက်ရနိုင်ရင် တော်လှန်ရေးက မြန်မယ်ဆိုတဲ့ဂျင်းပါ။ ပြီးရင် အညာမှာတပ်ပေါင်းစုဖွဲ့ရင် အမြန်အောင်မြင်မယ်ဆိုတဲ့ နောက်ဂျင်းတစ်ခုပေါ့။ ဒီဂျင်းက အောင်မြင်မှုတချို့ရှိနေတာတွေ့ရပြီး အချို့ဝေဝါးနေတဲ့PDF ခေါင်းဆောင်လေးတွေကလည်း လိုင်းပေါ်မှာ ရေးလာပြောလာတာကိုတွေ့ရပါတယ်။ စာရေးသူ‌ လေးစားရတဲ့ PDF ခေါင်းဆောင်လေးတွေတောင် ပါပါတယ်။ ဒါကြောင့် ဒီကိစ္စကို အကျယ်တဝင့် ရှင်းပြလိုပါတယ်။


ဒါတွေကမှားလား? အပေါ်ယံကြည့်ရင် ဒါတွေက မှန်သလိုပါ။ နိုင်ငံရေးသဘောတူညီချက်သာရခဲ့ရင် နေဝင်းကလည်း ၁၉၅၈နဲ့ ၁၉၆၂တွေမှာ အာဏာသိမ်းစရာ မဖြစ်လာဘူးလို့ ပြောရမှာပါ။ ထို့အထူပါပဲ နိုင်ငံရေးသဘောတူညီချက်သာရခဲ့ရင် အစကတည်းက ပြည်တွင်းစစ်တောင် ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။ ထို့အထူပါပဲ နိုင်ငံရေးသဘောတူညီချက်သာရခဲ့ရင် မအလအာဏာသိမ်းစရာ မဖြစ်လာနိုင်ဘူးပေါ့။ ဒီဆင်ခြေက ဘာနဲ့တူသလဲဆိုတော့ သမီးလေးက စကတ်အတိုမဝတ်ရင် မုဒိမ်းကျင့်မခံရဘူးလို့ လူယုတ်မာ မုဒိမ်းသမားကို ဝိုင်းပြီးကာကွယ်ပေးနေတဲ့ လူယုတ်မာတွေရဲ့ ဆင်ခြေပေးနေကြ သုံးနေကြစကားတွေပါ။

အစကိုပြန်ကောက်ရရင် နိုင်ငံရေးသဘောတူညီချက်ဘာကြောင့်မရလဲ။ မလေးရှားကိုပြန်ကြည့်ပါ။ သူတို့ကလက်နက်စွဲကိုင်ခဲ့တာမဟုတ်လို့ အင်္ဂလိပ်ထံက လွတ်လပ်ရေးရစဉ်မှာ ဘုရင်စနစ် ဖယ်ဒရယ်စနစ်နဲ့သွားပါတယ်။ နိုင်ငံရေးသဘောတူညီချက်ရှိလို့ အားလုံးကလိုက်နာလို့ လက်နက်ကိုင်ထားတဲ့ လက်နက်ကိုင်တပ်က အရပ်သားအစိုးရအမိန့်ကို နာခံလို့ မလေးရှားက နိုင်ငံရေးတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့တာပါ။ အမေရိကန်က လက်နက်ကိုင် လွတ်လပ်ရေးယူခဲ့ပြီး ပြည်နယ် ၁၃ခုက လွတ်လပ်ရေးကြေညာခဲ့ပေမယ့် ပြည်နယ် ၁၃ခုက ဥပဒေကို အတည်ပြုခဲ့တာက ၁၇၈၇ကနေ ၁၇၉၀ သုံးနှစ်ကြာပါတယ်။ ဒါက လွတ်လပ်ရေးရယူအပြီးမှ ကနဦးစဖွဲ့ခဲ့တဲ့ ပြည်ထောင်စုပါ။ ပြည်နယ် ၅၀ လုံးနဲ့ စခဲ့တာမဟုတ်ပါ။ ကျွန်ကိစ္စနဲ့ ပြည်တွင်းစစ်ပြန်ဖြစ်ပြီး အချို့ပြည်နယ်များက နောက်ပိုင်းမှ ပြည်ထောင်စုထဲ ဝင်လာခဲ့ကြတာပါ။ အိုဟိုင်းအိုက ၁၈၀၃ မှာဝင်လာခဲ့ပြီး၊ Utah ဥတာက ၁၈၉၆မှာ ၂၉ ခုမြောက် ပြည်နယ်အဖြစ်ဝင်လာခဲ့တာပါ။ အလစကာနဲ့ ဟာဝါယီက ၁၉၅၉ မှ အမေရိကန် ပြည်ထောင်စုကို ဝင်လာခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုကြီးတောင် ပြည်နယ် ၅၀ဖြစ်ဖို့ ၁၇၂ နှစ် ကြာခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ဒီမိုကရေစီအကြာဆုံးသက်တမ်းရင့်တဲ့ အင်္ဂလိပ်ပါလီမန်စနစ်ကိုလေ့လာကြည့်ပါ။ တကယ်တမ်းက အထက်လွှတ်တော် အောက်လွှတ်တော်ဆိုပြီးရှိပါတယ်။ သူ့ရဲ့စစ်တပ်ကဘုရင်ရဲ့အောက်မှာပါ။ စစ်ကြေညာတာ စစ်တပ်လွှတ်တာအားလုံးက ဘုရင်ရဲ့လက်အောက်မှာပါ။ ဥပဒေကိုလည်း ဘုရင်ကအတည်ပြုရတာပါ။ သူ့ရဲ့အထက်လွှတ်တော်က ရွေးကောက်ခံမဟုတ်ပါ။ သူ့မှာအခြေခံဥပဒေ‌ ရေးထားတာ အတိအကျလည်းမရှိပါ။ ဒါပေမယ့်  အင်္ဂလိပ်ဘုရင်ဂျွန်က ၁၂၁၅ ထဲက သူ့ကိုတော်လှန်သူတွေနဲ့ သဘောတူညီချက်ယူပြီး Magna Carta စာချုပ်စည်းကမ်းအတိုင်း လိုက်နာခဲ့လို့ ယခုအချိန်အထိ အဲ့ဒီ ဘုရင်စနစ်ဟာ ရှင်သန်နေပါတယ်။

အားလုံးမမေ့ဖို့က မအလဟာ သူသစ္စာစောင့်သိရမယ့် ၂၀၀၈ ခြေဥကို‌‌တောင် သစ္စာမစောင့်သိခဲ့လို့ ယခုလိုဖြစ်သွားခဲ့တာပါ။

ဒါဆိုရင် NUG ကို ဖောင်းထုနေတဲ့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးသဘောတူညီချက်မရလို့ တော်လှန်ရေးမမြန်ဘူးဆိုတဲ့ ဂျင်းသီအိုရီကိုပြန်လေ့လာသုံးသပ်ကြည့်ရအောင်။

အဆိုပါပြောသူတွေရဲ့ တိုက်ရိုက်ရည်ရွယ်ချက်က တိုင်းရင်းသားတွေနဲ့ NUG က နိုင်ငံရေးသဘောတူညီချက်မရလို့ သူတို့ရဲ့တော်လှန်ရေးက ကြာတယ်ဆိုပြီး မြေပြင်က PDF နဲ့ NUGကို သွေးခွဲတာပါ။

အရေးပါတဲ့ MNDAA ကို လေ့လာကြည့်ရအောင်။ NUG က ယခုသူသိမ်းထားတဲ့ လားရှိုးအပါအဝင် အကုန်ပေးတယ်ဆိုရင်‌တောင် သူက တရုတ်ပြောတာကို‌ကျော်ပြီးတိုက်‌ ပေးမှာပါလား။ သူ့ထက်ပိုပြီးလွယ်တဲ့ ရခိုင်ကိစ္စကို ပြောရအောင်။ ရခိုင်ကို NUG က သူတောင်းထားတဲ့ ကွန်ဖယ်ဒရိတ်ကိုကျော်ပြီး စင်္ကာပူလို မလေးရှားကခွဲပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံပေးမယ်လို့ ကတိပေးခဲ့ရင်တောင် AAက ကျေနပ်ပြီး ဝင်တိုက်ပေးမယ်လို့ သင်ထင်ပါသလား။ ဒါကအလွယ့်အလွယ်ဆုံး NUG လုပ်ပေးလို့ရတဲ့ ကိစ္စပါ။ AAကို NUG က သူ‌ တောင်းတဲ့ ကွန်ဖယ်ဒရိတ်ထက် ပိုပေးခဲ့ရင်တောင် ယခုတော်လှန်ရေးကာလမှာ NUG အစိုးရ ပြောတာကိုလက်ခံပြီး တိုက်ချင်မှ တိုက်မှာပါ။

နောက် TNLA ကိုကြည့်ရအောင်။ TNLA တောင်းတဲ့နယ်တွေအားလုံးကို NUGကပေးပြီး လိုက်လျောတယ်ဆိုပါစို့။ ရှမ်းကကြိုက်ပါ့မလား။ ဒီဟာတွေကို TNLAနဲ့သဘောတူညီချက်ရရင် ရှမ်းက NUG ထဲဝင်ဖို့ခက်သွားပါလိမ့်မယ်။ ရှမ်းက မင်းက ဘာလို့ငါ့နယ်ကိုပေးလဲဆိုပြီး NUG ကို ပြဿနာရှာမှာပါ။


ချင်း

ချင်းကနှစ်ဖွဲ့ကွဲနေတာအားလုံးအသိဖြစ်မှာပါ။ ဒီကိစ္စကို စာရေးသူဝင်ပြောလေ့ ဝင်စွက်‌လေ့မရှိပါ။ NUG က ပထမအဖွဲ့တောင်းတာအကုန်ပေးရင် ဒုတိယအဖွဲ့ကကြိုက်ပါမလား။ ထို့အတူပါပဲ။ ကရင်နီနဲ့ ကရင်ကတောင်းတာအကုန်ပေးတယ်ထားလိုက်ပါ မွန်ကလည်း သူ့နယ်ဘယ်မှာလဲဆိုပြီးတော့ လာမှာပါပဲ။ ဒါက နယ်‌မြေကိစ္စလေးသာ ပြောတာပါ။ ဒါဆိုရင် နိုင်ငံရေးသဘောတူညီချက်က ဝေးနေဦးမှာပါ။ ဒါတောင် ဖွဲ့စည်းပုံကို NUG က အမေရိကန်ဖွဲ့စည်းပုံ၊ ဂျာမနီဖွဲ့စည်းပုံ၊ သူတို့ကြိုက်တဲ့ ဖွဲ့စည်းပုံကြီး မိတ္တူကူးပေးမယ်ဆိုရင်လဲ အချို့က တရုတ်ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်လိုသူတွေက ရှိနေမှာပါ။

NUG က မြောက်ပိုင်းအဖွဲ့တွေနဲ့ သဘောတူညီချက်ရတယ်ထား မြောက်ပိုင်းကအဖွဲ့တွေက တစ်ပါတီစနစ်နဲ့သွားပြီး ကရင်နီ၊ ကရင်နဲ့ ချင်းက ပါတီစုံဒီမိုကရေစီနဲ့သွားလို့ ဒီနှစ်ခုကြားမှာတောင်မှ NUGက စနစ်ကိုသဘောတူရပါဦးမယ်။ အားလုံးသိထားဖို့က ဘယ်သူက ဘယ်ပြည်နယ်မှာ ဖယ်ဒရယ်နဲ့ အုပ်ချုပ်တယ်ဆိုပေမယ့် ပြည်နယ်တွေအားလုံးရဲ့ အခြေခံစနစ်က အမေရိကန်မှာလို လာတူနေရမှာပါ။ ကယ်လီဖိုးနီးယားရော၊ တက္ကဆက်ပါ အုပ်ချုပ်ရေးမှူး၊ အထက်လွှတ်တော်၊ အားလုံးက ‌ပါတီစုံရွေးကောက်တင်‌ မြောက်ခံရတာပါ။ ဥရောပါသမဂ္ဂမှာတောင် ကွန်မြူနစ် တစ်ပါတီဆိုရင် သူတို့ရဲ့သမဂ္ဂကထဲ အဝင်မခံပါ။ ဒီမိုကရေစီဆိုရင်တောင် မဝင်ခင်မှာ စံတူအောင် ဥပဒေတွေ ပြင်ရပါတယ်။ အာဆီယံလို ဘာမှ အသုံးမကျတဲ့အဖွဲ့ဆိုရင်တော့ တစ်မျိုးပေါ့။

ဒီအဆိုပြုချက်ကိုပြောင်းပြန်ပြန်စဉ်းစားရအောင်။ သူတို့က NUG နဲ့ နိုင်ငံရေးသဘောတူညီချက်မရလို့ တော်လှန်ရေးက မမြန်ဘူးဆိုရင် သူတို့က သူတို့နယ်သူတို့‌ကော မတိုက်တော့ဘူးလား။ သူတို့နယ် သူတို့တိုက်ရင်တောင်မှ တော်လှန်ရေးကနိုင်နေပါပြီ။ AA၊ TNLA၊ MNDAA တို့က တိုက်နေတာ တွေ့ရပါတယ်။ သူတို့တိုက်တာ မတိုက်တာက အချို့ကိစ္စတွေမှာ NUG နဲ့ နိုင်ငံရေးသဘောတူညီချက်ရတာ မရတာထက် တရုတ်က မီးစိမ်းပြ မပြကလည်း မူတည်နေတယ်ဆိုတာ ညီငယ် PDF လေးတွေသဘောပေါက်သင့်ပါတယ်။။

သူတို့ကသဘောမတူညီလို့မကူညီတာထက် NUG က ငွေများများရှာနိုင်ရင်တော့ ထိုငွေကနေ လက်နက်ဝယ်နိုင်ပြီး တော်လှန်ရေးကမြန်သွားမှာပါ။ ဒီငြင်းခုံမှုထက် ပိုပြီးဖြစ်နိုင်ခြေရှိတာက NUG က အိမ်နီးချင်းနိုင်ငံတစ်ခုက လက်နက်အထောက်အပံ့လေးများရခဲ့ရင်တော့ တော်လှန်ရေးက ယခုထက်ပိုမြန်သွားနိုင်တယ်ဆိုတာပါ။

ယခု ဝေဖန်ချက်အပေါ်မှာ ပြန်ပြီးထောက်ပြလိုတာက NUGက နိုင်ငံရေးသဘောတူညီချက်မရလို့ တော်လှန်ရေးကကြာနေတယ်ဆိုတဲ့ ဝေဖန်နေတဲ့ အဖွဲ့တွေကပဲ NUGနဲ့ နိုင်ငံရေးသဘောတူညီချက်မရှိဘဲ NUG ဩဇာမခံဘူးပြောတဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေကိုတော့ ဗမာပြည်မမှာ ဝင်လာစေချင်တာက မရိုးသားဘူးလို့ထင်ပါတယ်။ သူတို့ NUG ကိုဝေဖန်တာနဲ့ သူတို့ထောက်ခံတဲ့အဖွဲ့ လာချိန်မှာ နိုင်ငံရေးသဘောတူချက်မရှိလဲ စစ်‌ေရးသ‌ ဘောတူညီချက်နဲ့ ဝင်လို့ရတယ်ဆိုတဲ့အ‌‌ ပြောက ရှေ့နောက်မညီတာတွေ့ရပါတယ်။ အင်တာဗျူးတွေကိုဖတ်ရမှာ လက်နက်ကိုင်ဝင်သွားပြီးမှ နိုင်ငံရေးအရပြန်ညှိယူမယ်ဆိုတာက အပြောနဲ့အလုပ် ရှေ့နောက်မညီတာတွေ့ရပါတယ်။

ဘာကြောင့်ယခုလိုရေးပြရသလဲဆိုရင် အဆိုပါဂျင်းက PDF အချို့ကြားမှာ ကူးစက်နေတာတွေ့ရလို့ပါ။ ယခု NUG လုပ်နေတာ သွားနေတဲ့ လမ်းကြောင်းက အကြမ်းဖျဥ်းအားဖြင့် မှန်နေပါတယ်။ လက်တွေ့မှာ တိုင်းရင်းသားအားလုံးနဲ့ နိုင်ငံရေးသဘောတူညီချက်ရဖို့က ကြာနေဦးမှာပါ။ တော်လှန်ရေးပြီးဆုံးသွားရင်တောင်မှ မသေချာပါ။

ဒါဆို မင်းကဘာဖြစ်နိုင်သလဲ ဘာမျှော်လင့်သလဲဆိုရင် NUG အနေနဲ့ မိမိဗမာဒေသမှာ အာရုံစိုက်ပြီး အလှူငွေတွေကို မိမိကိုသိပ်မထောက်ခံဘဲ ဗမာဒေသမှာ အသစ်ပေါ်လာတိုင်း စာထုတ်ထောက်ခံနေတဲ့ အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ ငွေအကုန်မခံဘဲ ဗမာဒေသမှာအင်အားကြီးမားအောင်လုပ်ပါ။ မိမိ PDF တပ်ကို ငွေ၊ လက်နက်မပေးရင် သူတို့က အခြားမိမိအောက်ကမဟုတ်တဲ့ အဖွဲ့တွေနဲ့ ပေါင်းသွားနိုင်လို့ပါ။ ပြီးရင် မိမိနဲ့ နိုင်ငံရေးသဘော လူအခွင့်ရေးသဘောတွေနဲ့ စံနှုန်းတူတဲ့ ပြည်နယ်တွေနဲ့ ပူးပေါင်းပြီးတော့ ဥရောပါသမဂ္ဂလို အမေရိကန်ပြည်ထောင်စုလို တဖြည်းဖြည်း ထူထောင်ရမှာပါ။ အစပိုင်းမှာတော့ အားလုံးပါမှာ မဟုတ်ပါ။ ဒါဆို မင်းကပြည်ထောင်စုကို ဖြိုခွဲတာလားဆိုရင် အိမ်ထောင်ဆိုတဲ့ဂျင်းကိုဖြတ်လိုက်ပါလို့ ပြောပါရ‌စေ။ အိမ်ထောင်ဆိုတာနှစ်ဦးသဘောတူမှ ပေါင်းလို့ရတာပါ။ မပေါင်းလိုသူကို အတင်းကြီးပေါင်းခိုင်လို့မရပါ။ ဖောက်ပြန်လိုသူကိုလည်း ဆွဲဆောင်နေဖို့ မသင့်ပါ။ ဗမာဒေသကြီးက ကြီးပွားတိုးတက်လာရင် အခြားပြည်နယ်တွေကလည်း အပြိုင်ဆိုင်တိုးတက်ပြီး စံနှုန်းတူတဲ့ ပြည်ထောင်တွေစုပြီး ပေါင်းလာတာကပိုကောင်းပါတယ်။ ထိုအချိန်မှာ ပြည်ထောင်စုထဲဝင်ဖို့က တစ်ပါတီမဖြစ်အာဏာရှင်မဖြစ်ရဘူး တစ်ပါတီစနစ် မဟုတ်ရဘူး လူ့အခွင့်အရေးလေးစားလိုက်နာရမယ် သေဒဏ်ပေးမှုမရှိရဘူး။ အစရှိတဲ့စံနှုန်းတွေနဲ့ လူအခွင့်အရေးတွေကိုသဘောတူပြီး ပေါင်းစုတယ့် ပြည်ထောင်စုတွေကသာ လွယ်ကူမှာပါ။

ဒါကြောင့် ယခုတော်လှန်ရေးအရှိန်ဟာ NUG က နိုင်ငံရေးသဘောတူညီချက်မရလို့ ကြာနေတာမဟုတ်ဘဲ သူ့သဘောအရသာ သွားနေတာပါလို့ ပြောပါရစေ။ နိုင်ငံရေးသဘောတူညီချက်က NUG ကိုဖယ်ထုတ်ပြီး တိုင်းရင်းသားအချင်းချင်း ညှိခိုင်းပြီး သူတို့သဘောတူတာကို NUG က လက်မှတ်ထိုးပေးမယ်၊ သိကြားမင်းက ကြီးကြပ်မယ်ဆိုရင်တောင် လွယ်မည်မထင်ပါ။ ဒါက မြန်မာ့စိတ်ရင်းကြောင့် identity politics လူမျိုးစွဲ နိုင်ငံရေးကြောင့်ပါ။ လက်တွေ့ကျတာက မိမိနယ်ကောင်းအောင်ကြိုးစားပြပြီး စိတ်တူကိုယ်တူ လက်တွဲကူရင် အမြန်နိုင်မှာပါ။

325 views0 comments

Comentarios


bottom of page