ဒေါ်နယ်ထွန်းမှပြောသော တော်လှန်ရေးအတွက်လိုအပ်ချက်
- Myat Tun Oo
- May 14
- 2 min read

ယခုရက်ပိုင်းမှာ ဒေါ်နယ်ထွန်းက အရှေ့လယ်ပိုင်းကိုခရီးထွက်နေပါတယ်။ သူ့ခရီးစဉ်ကနေ စာရေးသူတို့တော်လှန်ရေးအတွက် သင်ခန်းစာတွေပေးနေတာကိုလည်း လေ့လာတွေ့ရှိနေရပါတယ်။
တော်လှန်ရေးအစပိုင်းမှာ NUG အဖွဲ့ကို အကြံဉာဏ်ပေးသူတွေက NGO/CSO တွေ၊ အချို့က ကုလမှာ အလုပ်လုပ်ဖူးခဲ့သူတွေ၊ အချို့က နိုင်ငံခြားက သံဟောင်းတွေပါ။ သတင်းသမားတွေလည်းပါပါတယ်။။ သူတို့ရဲ့တွေးခေါ်ဆင်ခြင်ပုံက NUG အနေနဲ့ အစိုးရတရပ်လို လုပ်ခဲ့ရင် လူအခွင့်အရေးတွေ လေးစားလိုက်နာရင် ကုလရဲ့ထုတ်ပြန်ချက်တွေကိုလေးစားလိုက်နာရင် နိုင်ငံခြားအစိုးရတွေက အသိအမှတ် ပြုလာလိမ့်မယ်ဆိုတာပါ။
NUGက ပြည်သူက ရွေးကောက်ထားတဲ့အတွက်ကြောင့်မို့လို့ ပြည်သူ့အစိုးရဆိုတာကတော့ ဘာမှ မေးစရာမလိုပါ။ အချို့ကလည်း မအလစစ်တပ်လို လူမဆန်တဲ့တပ်မဖြစ်အောင် တော်လှန်ရေးတပ်တွေက သူတို့တက်ပိုပြီး မြင့်မြတ်ပြရမယ် NUG အနေနဲ့လည်း ကမ္ဘာစည်းမျဉ်းစည်းကမ်းတွေ၊ ဂျနီဗာ လူ့အခွင့်အရေးတွေကိုလေးစားလိုက်နာပြရမယ်ဆိုပြီး ပြောဆိုကြပါတယ်။
ဒါဆိုပြည်တွင်းကိုကြည့်ရအောင်။ ယခုအချိန်မှာ ပြည်တွင်းကအဖွဲ့တွေက ဝ ကို အကြောက်ဆုံးဖြစ်ပြီး AAကို ဒုတိယအလေးစားဆုံး KiA ကို တတိယအလေးစားဆုံးလောက်ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ သူတို့ကအင်အားကြီးလို့ နယ်မြေသိမ်းပိုက်နိုင်လို့ဆိုတာ အားလုံးသိကြမှာပါ။ သူတို့ဘယ်ကဝင်ငွေရလဲ သူတို့ကဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲက တင်မြှောက်ထားတာလား ပါတီအများစုကို အခြေခံထားတာလား? တစ်ပါတီစနစ်လား ဝင်ငွေတွေဘယ်ကရလဲ ဘယ်သူ မေးနေတာ ကြားဖူးပါသလဲ။ ဘယ် NGO၊ ဘယ်မီဒီယာ၊ ဘယ်အဖွဲ့ကမှ မဝေဖန်ရဲပါ။ သတင်းစာဆရာတွေလည်း သတင်းသိပ်မရလို့မရေးပါ။ ထိုအဖွဲ့ခေါင်းဆောင်တွေနဲ့ အင်တာဗျူးရင်တောင်မှ သတင်းစာ ဆရာကြီးတွေကလိုအပ်တာထက်ပိုပြီး လေးစားပြနေတာ အားလုံးသတိထားမိမှာပါ။ ထိုအဖွဲ့တွေက NUG ဆိုရင် ငယ်နိုင်လို ဝိုင်း အပြစ်ပြောကြပါတယ်။ သတင်းထောက်တစ်ယောက်က ဘာကျွမ်းကျင်သူ ညာကျွမ်းကျင်သူကိုမေးရင် တစ် နှစ် သုံး ပြောလိုက်တာနဲ့ ပြီးရင် NUG ကိုစပြီး အပြစ်ပြောဖို့သွယ်ဝိုက်ပြီးပြောလာတာပါပဲ။
ဒေါ်နယ်ထွန်းရဲ့ အရှေ့လယ်ပိုင်းခရီးစဉ်မှာ ဒေါ်နယ်ထွန်း ပထမတွေ့တာက ဆော်ဒီရဲ့ အိမ်ရှေ့မင်းသား MBS ပါ။ MBS ဟာ သူ့ကိုဆန့်ကျင်ရေးသားသူ သူ့နိုင်ငံသားကို တူရကီနိုင်ငံထဲက သူ့သံရုံးထဲခေါ်သွင်းပြီးတော့ အပိုင်းပိုင်းသတ်ဖြတ်ခဲ့သူပါ။ အဆိုပါ အသတ်ခံရသူ အလုပ်လုပ်တဲ့ သတင်းစာတိုက်ပိုင်ရှင်သူဌေးကြီးကတော့ ဒေါ်နယ်ထွန်းနဲ့ပါသွားပြီး သူ့ကုမ္ပဏီက ကုန်သွယ်ရေးစာချုပ်တွေ လက်မှတ်ထိုးခဲ့ကြပါတယ်။ ထို့အတူပါပဲ ကမ္ဘာကြီးက ထိုအိမ်ရှေစံမင်းသားကို ခဏတာ ပြစ်တင်ဝေဖန်ရှုံ့ချကြပေမယ့် လူ့အခွင့်အရေး အလေးပေးတဲ့ ဘိုင်ဒင်လဲ သွားတွေ့ခဲ့သလို ယခုအချိန်မှာတော့ ဒေါ်နယ်ထွန်းက မင်းခေါင်းဆောင်မှုက အကောင်းဆုံး ငါ့ထက်တောင်ကောင်းသေးတယ်ဆိုပြီးတော့ မြောက်ပင့်ပြောသွားတာ အားလုံးသတိထားမိမှာပါ။
ဒါတင်လားဆိုတော့မဟုတ်သေးပါဘူး။ ဒေါ်နယ်ထွန်းဟာ ဆီးရီးယားယာယီသမ္မတနဲ့လည်း တွေ့သွားခဲ့ပါသေးတယ်။ ဆီးရီးယားကိုလည်း စီးပွားရေးပိတ်ဆို့မှုကနေ ပယ်ဖျက်ပေးမယ်လို့ပြောသွားခဲ့ပါသေးတယ်။ ဒီကိစ္စကတော့ အင်မတန်ထူးခြားပါတယ်။ ဒီဆီးရီးယားသမ္မတဆိုသူက အမေရိကန်ရဲ့ အီရတ်က စစ်တပ်ထောင်ထဲမှာ ထောင်သုံးနှစ် ကျခဲ့ဖူးပါတယ်။ အမေရိကန်အစိုးရက သူ့ကိုဖမ်းမိရင် ဒေါ်လာဆယ်သန်းပေးမယ်ဆိုပြီး ဖမ်းဝရမ်း ထုတ်ထားခဲ့ရသူပါ။ သူကအမေရိကန်စစ်သားတွေကိုအကြမ်းဖက်မှုကျူးလွန်ဖူးလို့ပါ။ သူဟာ ဆီးရီးယားသမ္မတအာဆတ်က စစ်နိုင်သလိုဖြစ်နေချိန် အာဆတ်ကို အာရပ်အဖွဲ့ကြီးထဲပေးဝင်ဖို့ပြင်နေချိန် အာဆတ်ကိုတရုတ်နဲ့ ရုရှားက ဖိတ်ခေါ်ပြီး သမ္မတပူတင်နဲ့ ချီတို့နဲ့ အကြိမ်ကြိမ်တွေ့ခဲ့ချိန်အထိ နယ်စပ်မှာသာနေခဲ့ရသူပါ။ ဒါပေမဲ့ သူဟာ မထင်မှတ်ဘဲ အစ္စ ရေးက လဘနွန်နဲ့ အီရန်ကို တိုက်ခိုက်ချိန် ဆီးရီးယားတပ်အားနည်းချိန်မှာ အခွင့်ကောင်းယူပြီး လျှင်လျှင်မြန်မြန်နဲ့ ဆီးရီးယားမြို့တော်ဓမ္မစက္က်ကို ချီတတ်သိမ်းပိုက်နိုင်ခဲ့လို့ သမ္မတဖြစ်သွားခဲ့ပြီး သူ့ရဲ့ ယခင်ကဘာပဲလုပ်ထားခဲ့ လုပ်ထားခဲ့ ဘာမှမမှုတော့ဘဲ ဝိုင်းအသိအမှတ်ပြုတာကိုခံခဲ့ရပါတယ်။
ထို့အတူပါပဲ ယခင်က လက်ရှိအိန္ဒိယဝန်ကြီးချုပ် မိုဒီကိုလည်း မွတ်စလင်တွေကိုအစုလိုက် အပြုံလိုက် သူပြည်နယ်ဝန်ကြီးချုပ်ဘဝက သတ်တယ်ဆိုပြီး အင်္ဂလိပ်နဲ့အမေရိကန်က ဝိုင်းကျင်ခဲ့ဖူးပါတယ်။ မိုဒီအာဏာရလာချိန်မှာတော့ သူတို့ဟာ ယခင်ကသူတို့ပြောခဲ့တာ မဟုတ်သလိုဖြစ်သွားခဲ့ကြပါတယ်။ လက်ရှိအင်္ဂလိပ်နိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်နယ်ထွန်းကို သူသာမန်အတိုက်အခံအမတ်အချိန်ကဖက်ဆစ်နဲ့နှိုင်းခဲ့ပြီး သူဝန်ကြီးဖြစ်လာချိန်မှာတော့ ဒေါ်နယ်ထွန်းမဲမနိုင်ခင်ထဲက သွားတွေ့ပြီး တောင်းပန်ခဲ့ပါတယ်။
ဒါတွေကဘာကိုပြသလဲဆိုတော့ မိမိကိုအသိအမှတ်ပြုဖို့အတွက် အသိအမှတ်ပြုခံရဖို့အတွက် လူအခွင့်အရေး၊ ကုလအခြေခံ အခွင့်အရေးတွေနဲ့သာ ကြိုးစားနေရင် အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်ပြီး နိုင်ငံခြားက မပြောနဲ့ မိမိနိုင်ငံထဲက တိုင်းရင်းသားလက်နက်ကိုင်ကတောင် လေးစားဖို့မလွယ်တာ တွေ့ရမှာပါ။ မိမိဗမာဒေသအင်အားရှိအောင် ထဲထဲဝင်ဝင်သာ လုပ်ဆောင်ခြင်းဖြင့် မိမိဗမာဒေသမှာအင်အားကြီးလာရင် တိုင်းရင်းသားအဖွဲ့တွေကလည်းအသိအမှတ်ပြုလာမှာပါ။ သူတို့အသိအမှတ်ပြုလာရင် နိုင်ငံခြားကလည်းအသိအမှတ်ပြုလာမှာဖြစ်ပါတယ်။
ပြည်သူကလည်း လက်ဝဲယိမ်းတဲ့သတင်းတွေသာနားထောင်ပြီး ဟိုကုလစည်းကမ်းချက်နဲ့ညီ၊ ဒီကုလစည်းကမ်းချက်နဲ့ညီတာတွေကို သိပ်နားမရောင်ဘဲ မိမိအစိုးရ NUG ကို သေသေချာချာလှူပြီး ဝန်းရံပေးကြပါ။ ဘယ်ကုလကမှ လာကူမှာမဟုတ်သလို နေတိုးလဲ မလာကူပါ။ အာဆီယံလဲ အာပလာပါ။ NUG ကသာ အာဏာရလာရင် ဘယ်သူမဆို လာတွေ့မယ်ဆိုတာကို ယုံကြည်ထားပါ။ ဒါကြောင့် အသိအမှတ်ပြုခံရဖို့က မရေရာတဲ့ အဖွဲ့တွေနဲ့ အချိန်ကုန်မခံဘဲ မိမိဗမာဒေသမှာ ယခုထက် နယ်မြေပိုရအောင်သာ ဆက်ကြိုးစားပေးပါ။ အာဏာရှိရင် အသိအမှတ်ပြုမှုက အလိုလိုလာမှာပါလို့ ဒေါ်နယ်ထွန်းက ပြောနေပါတယ်။ ပြည်သူကတိုးလှူ NUG က တိုးတိုက်နိုင်ပါစေ။ တိုးတိုက်နိုင်မယ်လို့လဲ ယုံကြည်နေပါတယ်။ ဒုံးကျည်တွေက မိုးပေါ်က ကျမလာပါ။ ငွေရှိမှ စစ်တိုက်နိုင်မှာပါ။
(စစ်ရေးနဲ့ပတ်သက်တာကို နောက်နေ့ သတ်သတ် ထုံးစံအတိုင်း သီးသန့် စာမျက်နှာပေါ်မှာ တင်ပါမယ်။)
ความคิดเห็น