top of page
Search
  • Writer's pictureMyat Tun Oo

ထွေအုပ် ၂ နှစ်ပြည့် ပြုပြင်ပြောင်းလဲမှုဘယ်ရောက်ပြီလဲ


ထွေအုပ်ဌာနဟာ ပြည်ထဲရေးကနေ ပြည်သူ့အစိုးရလက်အောက်ကို ရောက်လာခဲ့တာဟာ ယခုဆိုရင်နှစ်နှစ် ရှိခဲ့ပါပြီ။ ဒီဌာနဟာ မိုးကျအများစုက မြို့နယ်၊ ခရိုင်ကနေ ဗဟိုအထိ နေရာယူထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ ဝန်ကြီး၊ ဒုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်အားလုံးဟာ မိုးကျတွေပါ။ ဝန်ကြီးဦးမင်းသူဟာ သူတာဝန်စယူပြီးကထဲက ထွေအုပ်ဌာနကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်လို့ သူ့မိန့်ခွန်းမှာ ဆိုထားပါတယ်။ ဒါပေမယ့် အဆိုပါဌာနဟာ ပြောင်းလဲလာခဲ့သလားဆိုတာက ပြည်သူတွေကသာ အသိဆုံးဖြစ်မှာပါ။ ပြည်သူ့ဆန္ဒစစ်တမ်းတွေမှာ ဝန်ကြီးဦးမင်းသူကို ၇၉.၅% ပြန် မခန့်ဖို့ မဲပေးခဲ့ကြပါတယ်။


ထွေအုပ်တွေဟာ မြေယာကိစ္စတွေမှာ ပြည်သူ့ဘက်က မရပ်တည်နိုင်သလို နယ်တွေမှာလဲ တပ်နဲ့ပေါင်းပြီး ပြည်သူကို ဒုက္ခပေးနေဆဲဆိုပြီး ပြည်သူအများစုက ထင်နေကြပါတယ်။ မဲစာရင်းမှသည်ထောက်ပံ့ကြေးအထိ အလွဲလွဲဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဆရာဦးမင်းသူဟာ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်နေပေမယ့် သူဟာနိုင်ငံရေးသမားမဟုတ်လို့ သူ့ရဲ့ပြောင်းလဲမှုတွေဟာ သူ့အမြင်ထဲကသာလုပ်ဆောင်နေတာပါ။ ဥပမာ မထသကို ပြောင်းမယ်ဆိုပြီး စပယ်ယာတွေကို ယဉ်ကျေးလိမ္မာသင်တန်းပေးပြီး ယခင်သစ်သားဘစ်စကားတွေကို အင်ဂျင်ချပြီး ဆေးပြောင်းသုတ်ဖို့ ကြိုးစားနေတာပါ။


ဒါဆိုဘယ်လိုပြောင်းလဲသင့်လဲ? သူ့နေရာမှာ နိုင်ငံရေးသမားလိုပြီး ထွေအုပ်ဌာနကို လုံးဝဖျက်ပြီးပြည်နယ်တိုင်း အစိုးရအောက်ကို ပို့လိုက်ရမှာပါ။ ဒီနေရာမှာ တိုင်းရင်းသားပါတီ အများစုက ၂၆၁ ပြင်ဖို့သာ အာရုံစိုက်နေတာပါ။ တကယ်က ထွေအုပ်အလုပ်ကို သူ့ပြည်နယ်သူ ပြည်နယ်သားကို လျှောက်ခိုင်းရမှာပါ။ ရှမ်း၊ ကချင်၊ ရခိုင်၊ မွန်၊ ကယား၊ ကရင်၊ ဗမာ နဲ့ ချင်းတွေထဲမှာ နိုင်ငံခြားက အုပ်ချုပ်မှုပညာတတ်တဲ့ လက်ရှိမိုးကျတွေထက်တော်တဲ့ သူတွေအများကြီးပါ။


နောက် ထွေအုပ်ရွေးကောက်တဲ့ ဥပဒေကို ရန်ကုန်စည်ပင်ဥပဒေလို ပြင်လိုက်ရမှာပါ။ ဒါမှ ပါတီနောက်ခံနဲ့ ရပ်ကျေးမှာ ဝင်ပြိုင်လို့ရမှာပါ။ ဒါဆိုရင် ရှမ်းဟာ ရှမ်းမှာ ကချင်ဟာ ကချင်မှာ ထွေအုပ်ကတဆင့် ပါတီနောက်ခံနဲ့ စည်ပင်နဲ့ ထွေအုပ်ကတဆင့် အုပ်ချုပ်လာနိုင်မှာပါ။ ဒါက ၂၆၁ ပြင်တာထက်ပိုထိရောက်ပါတယ်။ ပြီးရင် မြို့နယ်အလိုက် စည်ပင်သာယာရေးအဖွဲ့တွေကို ရွေးကောက်ခံလုပ်ပြီးဝန်ထမ်းထွေအုပ်တွေကို သူတို့အောက် ပြန်ပို့ရမှာပါ။ ယခုဟာက ရပ်ကျေးထွေအုပ် ရွေးကောက်ခံ(elected)ကို မြို့နယ်ထွေအုပ် ရွေးကောက်ခံမဟုတ်သူ unelected က ပြန်အုပ်ချုပ်နေလို့ ပြဿနာပေါ်သလို ဖယ်ဒရယ်လဲ မရဖြစ်နေတာပါ။ ဒါကို ခြေဥမပြင်ဘဲ အုပ်ချုပ်မှုစနစ်ပြင်လိုက်ရင် ပြည်သူနဲ့တိုင်းရင်းသားတွေပျှော်ပြီး မိုးကျတွေ နားပါပြီ။ ယခုရေးတာက အင်္ဂလန်၊ အမေရိကန်နဲ့ အိန္ဒိယအုပ်ချုပ်ရေးစနစ်ကို အခြေခံထားတာပါ။ ယခင်ဒီမိုလက်ထက်က ရန်ကုန်စည်ပင် ရန်ကုန်မြူနီစပယ်ဆိုရင် ပညာရေး၊ ကျန်းမာရေးကအစ ကိုင်ပါတယ်။


ထွေအုပ်ကို တကယ်ပြောင်းလဲလိုရင်တော့ ထွေအုပ်ကို ဗဟိုက မဦးစီးဘဲ ဖြုတ်လိုက်ပြီး ပြည်နယ်တိုင်းအစိုးရအောက် ပို့လိုက်ပါလို့ ပြောပါရစေ။


ဆရာမင်းသူကို ခန့်လိုရင်လဲ သူဟာ လုံခြုံရေးကျွမ်းကျင်လို့ သမ္မတရဲ့ လုံခြုံရေးအရာရှိချုပ် အဖြစ်ဝန်ကြီးအဆင့် ဆက်ခန့်နိုင်ပါတယ်။ ထွေအုပ်ကတော့ နိုင်ငံရေးသမားသာ ဖြစ်သင့်ပါတယ်။ မဟုတ်ရင် သူက စပယ်ယာတွေကို ယဉ်ကျေးလိမ္မာ ဆက်သင်နေမှာပါလို့ ပြောပါရစေ။ စာရေးသူတို့ ပြောင်လဲလိုတာက ထွေအုပ်ဌာနကို မထသကနေ YBS လိုပါလို့ ပြောပါရစေ။

Photo credit: Ministry of Union Government

284 views3 comments

Recent Posts

See All
bottom of page