ထရမ့်မှသည် မကြည်ပြာသို့

ပထဆုံးဝန်ခံလိုတာကစာရေးသူဟာ ကြည်ပြာထောက်ခံသူမဟုတ်ဆိုတာပါ။ ကြည်ပြာနဲ့ နေဘုန်းလတ်ဟာ ကွီးဖြိုးကိုဝေဖန်ရာက သူတို့ကိုသိပြီး လူအနေနဲ့ မကြိုက်တာပါ။ ဒါကြောင့် ယခုအချိန်မှာ သူတို့မကောင်းကြောင်းရေးလို့ အကောင်းဆုံးပါ။
ယခုလူကနေ မူကိုရေးပါ့မယ်။ သူမကို တိုင်ရာမှာ ငွေကိစ္စ၊ အပြောအဆိုကိစ္စပါပါတယ်။ ဒါကြောင့် NUG အစိုးရက ဆရာဇော်ဝေစိုးဦးဆောင်ပြီး စစ်ဆေးခဲ့ပါတယ်။
ငွေကိစ္စက အတွင်းစာရင်းစစ်၊ အပြင်စာရင်းစစ်နဲ့ စစ်ခဲ့တယ်လို့ သိရပါတယ်။ ဘာမှ အလွဲသုံးစား အထောက်အထားမတွေ့ရပါ။ ဆရာဇော်ဝေစိုးအနေနဲ့ ထွက်ပြီး မိမိတွေ့ရှိချက်ကို ရှင်းပြထားတာကြားရပါတယ်။
နောက်တိုင်တာက ပုဂ္ဂိုလ်ရေးပါ။ ရိုင်းပြ၊မောက်မာစွာပြောတယ် Bullying and Harassment ပေါ့။ ဒါက ခံစားချက်၊ ခံရသူသက်သေ ဘယ်လိုပြောလို့ခံရတယ်ဆိုတာ ရှိနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု (sexual harassment) ဆိုရင် ပြစ်ဒဏ်ကြီးပါတယ်။ မကြည်ပြာက အမျိုးသမီးမိုလို့ ဒီကိစ္စ လွတ်သွားပုံပါ။ ဒါပေမယ့် သူမယောင်္ကျားကိုတော့ ဒီကိစ္စနဲ့ နောက်တိုးတိုင်ခဲ့ပါတယ်။ တိုင်သူက စာရေးသူတို့တပ်ထဲမှာလို တပ်ရေးဗိုလ်ကြီးက ဟိုကိုင်၊ ဒီကိုင်မဟုတ်ဘဲ အာချောင်တာကို တိုင်တာပါ။ ဒီတိုင်တာက နိုင်ငံခြားစံအရဆို သတိပေးခံရနိုင်ပါတယ်။ ရာဇဝတ်မှုတော့ ဖွင့်မရပါ။
မူကိုပြောပါမယ်။ ကိုခင်မောင်စိုးက ငါတို့ပြည်သူတွေပြောခွင့်ရှိတယ် ဘာညာရေးတာ တွေ့ရပါတယ်။ ဝကခ နှုတ်ထွက်ပါရေးတာ တွေ့ပါတယ်။ ဒါကြောင့် သူကအမေရိကန်မှာနေလို့ အမေရိကန် ဥပမာ သူနားလည်တဲ့စကားနဲ့ပြောပါမယ်။ Charlie Kirk သေတာကို ဝမ်းသာတယ်ရေးတဲ့လူတွေကို အစိုးရအလုပ်ကနေ အချို့ထုတ်ခံခဲ့ရပါတယ်။ ထို့အတူ ထရမ့်က လူဝင်မှုနှိမ်နင်းရာမှာ ဥပဒေစိုးမိုးတာကို တားလို့ လူဝင်မှုအရာရှိတွေကို နှောက်ယှက်တဲ့ Renee Nicole Good နဲ့ Alex Pretti ကို မတော်တဆ ပစ်သတ်ခဲ့ပါတယ်။ မီဒီယာတွေက ဝိုင်းအော်၊ ဝိုင်းရေးလို့၊ ဒီမိုကရတ်တွေ ဆန္ဒပြလို့ ပြည်ထဲရေးဝန်ကြီး Kristi Noem က ထရမ့်က မထုတ်ခဲ့ပါ။ ဒါက လက်ယာအစိုးရကိစ္စပါ။
ယူကေက လက်ဝဲအစိုးရဟာ ထရမ့်ထက် လူကြိုက်နည်းတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ အတိအကျသိလိုသူများအတွက် ထရမ့်လုပ်တာကို ကြိုက်သူက ၄၄% ရှိချိန်မှာ ယူကေဝကခ Keir Starmer ကို ကြိုက်သူက ၂၂% သာရှိပါတယ်။ သူက ကလေးမုဒိန်းကောင်နဲ့ဆက်စပ်သူကို သံအမတ်ကြီးခန့်တာ၊ အထက်လွှတ်တော်မှာခန့်တာတွေလုပ်လို့ သူ့ကိုထွက်ဖို့ ပြည်သူတွေက ပြောပါတယ်။ အခြားကိစ္စများစွာလဲရှိပါသေးတယ်။ လွတ်လပ်စွာပြောဆိုခွင့်ချိုးဖောက်တာလဲ ပါပါတယ်။ နောက်သူ့အစိုးရက ဝန်ထမ်းတွေ၊ ဆရာဝန်တွေက လခတိုးတောင်း ဆန္ဒပြတာကိုလဲ မတိုးပေးခဲ့ပါ။ သမဂ္ဂက ဆန္ဒပြလို့ တောင်းဆိုလို့ သတင်းစာမှာရေးလို့ သူက မနုတ်ထွက်သွားပါ။
ပြင်သစ်မှာ မာကွန်းက ပင်စင်အသက်ကို ၆၂ ကနေ ၆၄ တိုးဖို့လုပ်ရာမှာတော့ မအောင်မြင်ခဲ့ပါ။ ဒါပေမယ့် သူရာထူးက ဆင်းမပေးခဲ့ပါ။
ဒါတွေက ဘာကိုပြလဲဆိုတော့ ဝန်ထမ်းတွေက သမဂ္ဂကနေတဆင့် ဆန္ဒပြတောင်းဆိုတိုင်း အစိုးရတွေက မဆင်းပေး၊ မနုတ်ထွက်ပေးဘူးဆိုတာပါ။ ဒီမိုကရေစီမှာ ဝန်ထမ်းတွေက သူတို့အကျိုးစီးပွါးတွေရှိပြီး အစိုးရက ပြည်သူကတင်မြှောက်တာပါ။ ပြည်သူက ဝန်ထမ်းမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။ ဒီမိုဖခင် ယူကေမှာ ရဲနဲ့စစ်တပ်ကို ဆန္ဒပြခွင့်မပေးထားပါ။
ဒါဆို သတင်းသမားတွေရေးတိုင်း ဆင်းပေးရမှာလား? ဒါဆိုရင် ထရမ့်တောင် အစိုးရမဖြစ်လာခဲ့ပါ။ ထရမ့်ကို သတင်းသမား ၉၉% က မုန်းပါတယ်။ သူ့ကို ပြည်သူ ၅၂% က ရွေးကောက်တင်မြှောက်ပါတယ်။
ဒါဆိုရင် အနောက်တိုင်းမှာ တရားစွဲရင် jury စနစ်၊ ပြည်သူတွေက ရာဇဝတ်မှု မြောက်/မမြောက်ဆုံးဖြတ်ရပါတယ်။ ရာဇဝတ်မှုက အားလုံးက သဘောတူမှပါ။ ဆယ်ယောက်အဖွဲ့ဆိုရင် သူတို့အားလုံးက ဒါက ပြစ်မှုကျူးလွန်တယ်လို့ သဘောတူမှ(သံသယထက်ပိုတဲ့) beyond reasonable doubt မှ ရာဇဝတ်မှုမြောက်ပါတယ်။ ဖြစ်နိုင်ချေနဲ့ မီဒီယာကအော်လို့ ထောင်ချလို့မရကါ။ သူတို့ကို တရားရင်ဆိုင်ချိန်မှာ အမှုနဲ့ ပတ်သက်တဲ့ သတင်းတွေ မကြည့်ခိုင်းပါ။ ဘက်လိုက်မှာစိုးလို့ပါ။ သတင်းဌာနတွေကိုလဲ ထိုအချိန် အမှုကိစ္စအကြောင်း သတင်းမထုတ်ရဆိုရင် တရားရုံးအမိန့်ကို နားထောင်ရပါတယ်။ မီဒီယာနဲ့ တရားစီရင်လို့(trial by media) မရပါ။ ဉခုကတော်လှန်ရေးကာလဆိုတော့ ဘယ်မီဒီယာကမှ မလိုက်နာကြပါ။
ဒါဆိုရင် ထရမ့်က လုပ်ချင်တိုင်းလုပ်လို့ရလား? ထရမ့်ဟာ တရားရုံးချုပ်က သူ့အခွန်ကိစ္စ တရားမဝင်ဘူးလို့ မနေ့ကကြေညာတာကို လက်ခံခဲ့ရသလို သူမှားပြီး ပြည်နှင်ဒဏ်ပေးသူကို တရားရုံးချုပ်ကပြန်ခေါ်ဆိုချိန်မှာ ခေါ်ပေးခဲ့ရပါတယ်။ ထို့အတူ အောက်ရုံးတွေက သူမကြိုက်တဲ့ စီရင်ချက်ချလဲ လိုက်နာရပြီး အယူခံဝင်ရပါတယ်။ ထို့အတူ ဒီမိုကရက်တွေကလဲ သူတို့မကြိုက်တာကို တရားရုံးချုပ်က အမိန့်ချလဲ လိုက်နာရပါတယ်။ ငါကပြည်သူ ငါက သမဂ္ဂဆိုပြီး တရားရုံးချုပ်အမိန့်ကို မနာခံလို့မရပါ။ RFA ကို ထရမ့်က ပိတ်ချိန် ငါတို့သမဂ္ဂနဲ့ ဆန္ဒပြ ပြည်သူ့အသံဆိုပြီး ထရမ့်ကိုဝိုင်းဆဲလို့ ထရမ့်က ဆင်းမပေးသလို သူဖြုတ်သူကိုလဲ ပြန်မခန့်ပါ။ RFA က ပြုတ်သူဝန်ထမ်းက တရားရုံးမှာ တရားစွဲပြီး စောင့်ရပါတယ်။ ဒါက ဘယ်သူမှန်တာ မှားတာမပြောဘဲ တရားဥပဒေလေးစားမှုကို ကမ္ဘာပေါ်က နိုင်ငံတွေနဲ့ ဥပမာပေးတာပါ။
အကျဉ်းချုပ်ရရင် စာရေးသူတို့ဟာ အဖွဲ့ဖွဲ့စစ်ပြီးရင် သူတို့ဆုံးဖြတ်ချက်ကို လိုက်နာရပါမယ်။ မိမိကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေပါ။ ဒီနေရာမှာ တိုင်သူမှန်မှန်/မှားမှား မကြည်ပြာအနေနဲ့က မိမိရဲ့ အပြောအဆိုအားနည်းတာ၊ ခေါင်းဆောင်မှု အားနည်းတာတွေ communication and leadership failure တွေရှိတယ်ဆိုတာတော့ စာရေးသူတို့ ဝန်ခံရမှာပါ။ ဒီတော်လှန်ရေး အနိုင်အရှုံးကို ဘာကဆုံးဖြတ်မလဲဆိုရင် အမေရိကန်အစိုးရလောက် ဘတ်ဂျက်မရှိ၊ တိုက်လေယာဉ်မရှိတဲ့ NUG ကို အမေရိကန်စံနှုန်းနဲ့တိုင်းတဲ့ သတင်းဌာနတွေ၊ NGO တွေရဲ့ အပြုအမူကသာ ဆုံးဖြတ်သွားမှာပါ။ မိမိမှာ ဘဏ္ဍာမရှိဘဲ သိပ်ပြီး လက်ဝဲရဲ့ woke မူဝါဒတွေလိုက်ရင်သာ ပြဿနာတက်မှာပါ။ ပြဿနာက တတိယနိုင်ငံက တော်လှန်ရေးအစိုးရကို ကုလရဲ့ပေတံ၊ Washington post. New York Times, BBC ပေတံတွေနဲ့တိုင်းပြီး ဝေဖန်သူတွေကြောင့်သာ တော်လှန်ရေးက ပိုပြဿနာဖြစ်မှာပါလို့ ပြောပါရစေ။


Comments