top of page
Search
Writer's pictureMyat Tun Oo

တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်


စာရေးသူတို့ တပ်ထဲမှာ ယခုအချိန်အထိ ရေးလေ့ရှိတာက တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်နဲ့ ဘရွှေလက်ထက်ကစလို့ တပ်မတော်သာအမိ တပ်မတော်သာအဖပါ။

ဒီအထဲမှာ သိသိသာသာမှားနေတာက တပ်မတော်သာအမိ တပ်မတော်သာအဖပါ။ ဘာလို့လဲဆိုတော့တပ်မတော်ဟာ ပြည်သူထဲကနေ ပေါက်ဖွားလာလို့ပါ။ ပြည်သူကို အလုပ်အကျွေးပြုရမှာဖြစ်လို့တပ်မတော်သာအမိ တပ်မတော်သာအဖကတော့ ပေါ်တင်ကိုမှားနေပါတယ်။ ဒါကြောင့် ဘစိန်သမ္မတဖြစ်လာအပြီးမှာ တပ်ထဲမှာ သိပ်ပြီးပေါ်တင် မချိတ်တော့ပါဘူး။

ဒါပေမယ့် စာရေးသူတို့ တပ်မတော်တပ်စခန်းတွေမှာ ယခုအချိန်အထိ တွေ့ရသေးတဲ့ ဆောင်ပုဒ်ကတော့ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုတာပါ။ ဒီဆိုင်းပိုစ့်တွေကို တပ်ဝင်းတွေအဝင်အဝတွေမှာ ဆွဲထားပါတယ်။ ရန်ကုန်တိုင်းမှသည် မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင် စစ်တက္ကသိုလ်တွေမှာ တွေ့နိုင်ပါတယ်။ ဒါဟာ ရုတ်တရက်ကြည့်လိုက်ရင် မှန်သလိုထင်ရပါတယ်။ ဘာလို့လဲဆိုတော့ ယခုအမေရိကန်အင်အားရှိတာ သူ့စစ်တပ်ကြောင့်၊ ရုရှား၊ အင်္ဂလိပ်နဲ့ တရုတ်တို့က အင်အားကြီးတာဟာ သူ့စစ်တပ်ကြောင့်လို့ ထင်စရာရှိလို့ပါ။

ပထမဆုံး အင်္ဂလိပ်၊ အမေရိကန်နဲ့ ရုရှားကို လေ့လာကြည့်ရအောင်။ သူတို့က သမိုင်းရှည်တဲ့ တိုင်းပြည်တွေမိုလို့ပါ။ အင်္ဂလိပ်စစ်တပ်ဟာ အစပိုင်းမှာ ပုဂံခေတ်ကလိုဘဲ လိုအပ်ရင် စစ်တိုက်တတ်သူတွေကိုဆင့်ခေါ်ပြီး တိုက်တဲ့အဆင့်ပါ။ ၁၆၄၅ အင်္ဂလိပ်ပြည်တွင်းစစ်မှာမ Oliver Cromwell က အမြဲတမ်းစစ်တပ်ကို စထောင်ခဲ့တာပါ။ သူ့အနေနဲ့ အမြဲတမ်းစစ်တပ်မထောင်ခင်မှာ အင်္ဂလန်ရဲ့စီးပွါးရေးဟာ၁၅ ရာစုအကုန် ၁၆ ရာစုအစကထဲက ဖွံ့ဖြိုးလာခဲ့ပါတယ်။ စီးပွါးရေးဖွံ့ဖြိုးလာတာနဲ့အမျှ သူ့ရဲ့စစ်တပ်ဟာလဲ အလိုလို တိုးတက်လာခဲ့ပါတယ်။ နောက်ပိုင်းစက်မှုတော်လှန်ရေးကြောင့် နည်းပညာဖွံ့ဖြိုးခဲ့ပြီးထိုနည်းပညာကြောင့် အင်္ဂလိပ်စစ်တပ်ဟာ ကမ္ဘာပေါ်က အင်အားကြီးတပ်တွေထဲမှာ ပါဝင်လာခဲ့ပါတယ်။

အင်္ဂလိပ်နဲ့အတူတူပါဘဲ ၁၆၃၁ မှာ ရုရှားကလဲ တပ်မနှစ်ခုနဲ့ အမြဲတမ်းစစ်တပ်ကို ထူထောင်ခဲ့ပါတယ်။ပိုလန်နဲ့စစ်ဖြစ်ချိန်မှာ အမြဲတမ်းတပ်မ ခြောက်ခုအထိ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီလိုမဖြစ်ခင် ၁၅ ရာစုအလယ်မှာထဲက တတိယမြောက် ဇာဘုရင်လက်ထက်မှာ လယ်ယာစိုက်ပျိုးရေးကနေ စီးပွါးရေးတိုးတက်လာခဲ့လို့ နောက်ပိုင်းမှာ အမြဲတမ်းစစ်တပ်ထားလာတဲ့အထိ ဖြစ်လာခဲ့တာပါ။ နောက် စစ်တပ်ကြောင့် နယ်မြေပိုသိမ်းပြီး အင်ပါယာကြီးလာသလို ပိုချမ်းသာလာပါတယ်။

ထို့အတူပါဘဲ အမေရိကန်ဟာ အရင်းရှင်စနစ်ကြောင့် စီးပွါးရေးအရ ချမ်းသာလာလို့ သူ့ရဲ့တပ်မတော်ဟာလဲ ပိုမိုအင်အားတောင့်တင်းလာပါတယ်။ အရပ်ဖက်ပညာရှင်တွေကြောင့် နည်းပညာဖွံ့ဖြိုးလာပြီးမနေ့က အီရန်ဗိုလ်ချုပ်ကို မောင်းသူမဲ့လေယဉ်ပေါ်က ဒုံးပျံနဲ့ ပစ်နိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ်။

အင်္ဂလန်ရဲ့ စစ်ရေးအသုံးစရိတ်ဟာ သူ့တိုင်းပြည်ထုတ်ကုန်ရဲ့ ၁.၈% (ဒေါ်လာ ၅၀ ဘီလီယံ)နဲ့ အဆင့် ၇မှာရှိပြီး ရုရှားက သူ့တိုင်းပြည်ထုတ်လုပ်မှုရဲ့ ၃.၉% (ဒေါ်လာ ၆၁.၄ ဘီလီယံ) နဲ့ အဆင့် ၆၊ အမေရိကန်က ၃.၂% (ဒေါ်လာ ၆၄၉ ဘီလီယံ) နဲ့ အဆင့် ၁ မှာရှိတာတွေ့ရမှာဖြစ်သလို တရုတ်က ၁.၉% သာ သုံးပေမယ့် (ဒေါ်လာ ၂၅၀ ဘီလီယံနဲ့ ဒုတိယလိုက်နေတာ တွေ့ရမှာပါ။ ဒီမှာ အမေရိကန်က ၃.၂% သာ သုံးတာတောင်မှ ရုရှာက ၃.၉% သုံးတဲ့ စစ်အသုံးစရိတ်ထက် ၁၀ ဆများနေတာ စာဖတ်သူများ သတိထားမိမှာပါ။ ဘာကြောင့်လဲဆိုတော့ စီးပွါးရေးဖွံ့ဖြိုးမှု ကွာလို့ပါ။ယူထားတာက ၂၀၁၈ က ကိန်းဂဏန်းပါ။

ဒါကြောင့် ဆိုလိုချင်တာက တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမှာပါ။ အဲ့ဒီလိုဖြစ်ဖို့က အမေရိကန်လို၊ ရုရှားလို၊ တရုတ်လို၊ အင်္ဂလိပ်လို တပ်ချုပ်ဟာ သမ္မတအောက်မှာရှိရပါမယ်။ အရူးထပြီးတပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်လို့ ထင်နေတဲ့ တိုင်းပြည်မှာ မတိုးတက်နိုင်ပါ။

916 views0 comments

Comments


bottom of page