top of page
Search
  • Writer's pictureMyat Tun Oo

စီးပွါးရေးသမားက နိုင်ငံရေးလုပ်လို့ရလား?


ဒီမေးခွန်းဟာ NLD က ရန်ကုန်ဝန်ကြီးချုပ်ခန့်မယ်လို့ ရှေ့ကနေ တစ်ပြေးနေတဲ့ ဦးရဲမင်းဦးကိုMyanmar Now က ရေးသားဖော်ထုတ်အပြီးမှာ သူ့ကို ထောက်ခံသူများက အသံကျယ်လောင်စွာ ပြောကြားလာတာ တွေ့ရပါတယ်။ ပထမဆုံးပြောလိုတာက ဒီမေးခွန်းကိုမေးပြီး ပြည်သူကို ဂျင်းထည့်ကထဲက သူတို့ရဲ့ ဒီမိုကရေစီအပေါ် နားလည်မှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာတာပါ။ နိုင်ငံရေးဟာ နိုင်ငံ့ရဲ့အရေးဖြစ်လို့ လူတိုင်းနဲ့ ဆိုင်ပါတယ်။ အဘတို့က ပြည်သူတွေကို နိုင်ငံရေးလုပ်ရင် ထောင်ကျမယ်ဆိုတဲ့ သတင်းစကားပေးခဲ့လို့ အများစုဟာ အသံမထွက်ခဲ့တာပါ။ ဒါပေမယ့် နိုင်ငံရေးဟာ လူတိုင်းနဲ့ပတ်သက်တဲ့ကိစ္စပါ။ နောက် အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေးဆိုတာ ကမ္ဘာပေါ်မှာမရှိဘဲ နိုင်ငံရေးpolitics သာ ရှိပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီကို နားလည်ရင် လူတိုင်း နိုင်ငံရေးလုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို လက်ခံရမှာပါ။



ဒါပေမယ့် နိုင်ငံရေးလုပ်တာနဲ့ ခိုးတာဟာ မတူဘူးဆိုတာကိုတော့ စာရေးသူတို့က နားလည်ရမှာပါ။ပထမဆုံးက ထိုင်းက သပ်ဆင်ဟာ စီးပွါးရေးကနေ နိုင်ငံရေးကို ကူးပြောင်းလာသူပါ။ အီတလီက ဘာလူစကိုနီဟာလဲ စီးပွါးရေးကနေ နိုင်ငံရေးကို ကူးပြောင်းလာသူပါ။ ထရမ့်ကြီးကလဲ စီးပွါး​ရေးကနေနိုင်ငံရေးကို ကူးပြောင်းလာသူပါ။ သူတို့ကို ပြည်သူကရွေးလို့ တက်လာကြပါတယ်။ သပ်ဆင်ကို ထိုင်းစစ်တပ်က သူ့အကျိုးစီးပွါးအတွက် တိုင်းပြည်ဘဏ္ဍာကို သုံးတယ်ဆိုပြီး ဖြုတ်ချခဲ့သလို (Berlusconi) ဘာလူစကိုနီဟာလဲ အီတလီမှာ တရားစွဲခံ ထောင်ကျခဲ့ပါတယ်။ ထရမ့်က ဘာဖြစ်မလဲ မသိသေးပါ။

နောက်အမတ်တွေကို ကြည့်ရအောင်။ သူတို့လဲ အသက်ရှင်ရပ်တည်ဖို့ စီးပွါးရေးလုပ်ဖို့ လိုမှာပါ။ ဒါဆိုဘာလုပ်လို့ မရဘူးလဲ? စီးပွါးရေးသမားတွေဟာ အမတ်ဆိုရင် မိမိလွှတ်တော် ကော်မတီမှာ မိမိကုမ္ပဏီပါတဲ့အကြောင်း ဆွေးနွေးရင် မပါရတာမျိုး၊ အကျိုးစီးပွါး ပဋိပက္ခ (conflict of interest) ကို ကြေငြာရတာမျိုးပါ။ ဥပမာ အမတ်တစ်ယောက်က ကျောက်မျက်ကုမ္ပဏီထောင်ထားပြီး လွှတ်တော်ရဲ့သယံဇာတရေးရာနဲ့ သဘာဝပတ်ဝန်းကျင်မှာ ကော်မတီမှာ အဖွဲ့ဝင်ဖြစ်နေရင် အကျိုးစီးပွါး ပဋိပက္ခဖြစ်နေနိုင်ပါတယ်။ အမတ်အတွက်က အကျိုးစီးပွါးပဋိပက္ခကို ရှောင်ရတာ လွယ်နိုင်ပါတယ်။ ဒါပေမယ့် အဆိုပါနိုင်ငံရေးသမားက အုပ်ချုပ်ရေးမှာ ဝန်ကြီးချုပ်/သမ္မတဖြစ်လာပြီး ကုမ္ပဏီတွေ အများကြီးရှိနေရင် ဘာကဏ္ဍကိုကြည့်ကြည့် မလွတ်နိုင်တော့ပါ။

နောက်တစ်ခုက မိမိနဲ့သိတဲ့ ကုမ္ပဏီ၊ ဒါမှမဟုတ် မိမိက ဒါရိုက်တာလုပ်ခဲ့တဲ့ ကုမ္ပဏီကို သတင်းအချက်အလက်တွေပေးတာဟာ အချင်းချင်း လက်သိပ်ထိုးတာဟာ insider trading ဖြစ်နေလားဆိုတဲ့မေးစရာတွေရှိလာပါတယ်။ နောက် နိုင်ငံရေးသမားဟာ အုပ်ချုပ်သူ မြို့တော်ဝန်၊ ဒုမြို့တော်ဝန်အနေနဲ့ မိမိဒါိရိုက်တာလုပ်ဖူးတဲ့ ကုမ္ပဏီအချို့ကို မြေကွက်ချပေးမိခဲ့ရင် ဒါဟာ မတော်တဆလား? အဂတိနဲ့ ငြိလားဆိုတာတွေဟာ မေးခွန်းပေါ်လာမှာပါ။


အချို့ကလဲ မပူပါနဲ့ အဂတိက စစ်လိမ့်မယ်ဆိုသူများရှိပါတယ်။ ဟုတ်ကဲ့ အချို့ကိစ္စတွေကို စစစ ကစစ်နေပါတယ်လို့ ပြန်ဖြေပါရစေ။ စရဖကလဲ သိနေပါတယ်။ ဒီနေရာမှာ အုပ်ချုပ်သူတစ်ယောက်ဟာကုမ္ပဏီတစ်ခုကိုပေးပြီး အခြားကုမ္ပဏီကို မပေးမိရင် ကန်ထရိုက်မရတဲ့အဖွဲ့က ပြဿနာရှာတတ်ပါတယ်။ လူ့သဘောပါ။ ဥပမာ မီတာကိစ္စ ဦးပိုင်အောက်က ကုမ္ပဏီက ကန်ထရိုက်မရလို့ လျှပ်စစ်ဝန်ကြီးကို အဂတိကစစ်တာ မှတ်မိမှာပါ။ လျှပ်စစ်ဝန်ကြီးရော ဒုဝန်ကြီးကပါ ခိုင်နေလို့ သူတို့ဟာ လွတ်သွားတာပါ။ အကယ်၍ သူတို့သာ မီတာကုမ္ပဏီထောင်ခဲ့ရင် သူတို့သားတွေကာကန်ထရိုက်ရတဲ့ မီတာကုမ္ပဏီမှာ ဒါိရိုက်တာအနေနဲ့ ပါခဲ့ရင် အပြောခံရမှာပါ။ ဒါ့ကြောင့် ပြောလိုတာက မည်သူမဆို ပြည်သူထောက်ခံရင် နိုင်ငံရေးလုပ်လို့ရပါတယ်။ အရေးကြီးတာက မခိုးဖို့ပါဘဲ။ ပြည်သူတွေက သူခိုးတွေကိုမကြိုက်လို့ NLD ကို မဲပေးခဲ့တာပါ။ NLD ဟာ ပြီးခဲ့တဲ့ ငါးနှစ်မှာ အဆိုပါစံကို ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေအဆင့်အထိ ထိန်းနိုင်ခဲ့ပြီးပါပြီ။ နောက်ငါးနှစ်ကို ဆက်ထိန်းနိုင်ပါစေ။


စီးပွါးရေးသမားဟာ နိုင်ငံရေးလုပ်လို့ရပါတယ်။ သူခိုးနဲ့ သူခိုးနဲ့ပေါင်းခိုးသူသာ နိုင်ငံရေးလုပ်လို့ မရတာပါ။ Businessman can do politics but corrupt person should not do politics.

News Source: VOA, BBC, Myanmar Now

260 views1 comment

Recent Posts

See All
bottom of page