top of page
Search

စစ်မှုထမ်းဥပဒေနှင့် တော်လှန်ရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 12, 2024
  • 1 min read

စစ်မှုမထမ်းမနေရ ဥပဒေဟာ ကမ္ဘာမှာရှိလားဆိုတော့ အစ္စရေး၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ စင်ကာပူတို့မှာ ရှိပါတယ်။ သူက ပြည်ပရန်ကာကွယ်ဖို့ပါ။ အစ္စရေးက အာရပ်နဲ့ စစ်ဖြစ်နေသလို ထိုင်ဝမ်က တရုတ်ရန်ပါ။ တောင်ကိုရီးယားက မြောက်ကိုရီးယားနဲ့ စစ်ဖြစ်နေတာပါ။

မြန်မာပြည်မှာက ပြည်ပရန်မဟုတ်ဘဲ ပြည်တွင်းစစ်ဖြစ်နေတာပါ။ ဒါဆို စစ်မှုထမ်းဥပဒေက ဘယ်လိုသက်ရောက်နိုင်သလဲ? ဒီကိစ္စကို နိုင်ငံရေး၊ စစ်ရေးနဲ့ ပြည်သူတွေကို ဘယ်လိုသက်ရောက်နိုင်သလဲ လေ့လာကြည့်ရအောင်။


နိုင်ငံရေး

မအလဟာ ဒီဥပဒေကိုထုတ်သုံးတာက သူစစ်ရှုံးနေတယ်ဆိုတာကို နိုင်ငံရေးအရ ဝန်ခံလိုက်တာပါ။ ဒါထက်အရေးကြီးတာက နိုင်ငံရေးအရ သက်ရောက်မှုပါ။ ဒီပြည်တွင်းစစ်ဖြစ်တာက မအလအာဏာသိမ်းလို့၊ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်လို့ပါ။ ဒါကို မအလက လက်နက်မဲ့ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းခဲ့လို့ လက်နက်စွဲကိုင်မှု စတင်ခဲ့တာပါ။ မအလအာဏာမသိမ်းခဲ့ရင် ဒီပြဿနာမဖြစ်ပါ။ မအလဟာ အာဏာပြန်မလွှဲပေးဘဲ ပိုအင်အားသုံးနှိမ်နင်းတိုင်း မအလကိုဆန့်ကျင်သူကသာ များလာခဲ့ပါတယ်။ ယခုမအလက ဒီဥပဒေကို အတည်ပြုလို့ တိုင်းရင်းသားဒေသတွေ မအလနဲ့ အပစ်ရပ်ထားသူတွေလဲ မအလက စစ်သားစုဆောင်းလို့ အားကောင်းလာရင် သူတို့ကို လာတိုက်မယ်ဆိုတာ သူတို့လဲသိမှာပါ။ ဒါကြောင့်မိုလို့ MNDAA၊ TNLA၊ UWSA၊ AA တို့ကလဲ သူတို့ပြည်နယ်မှာဘဲ ရပ်မနေဘဲ မအလအထိပြုတ်အောင် တိုက်ရမယ်ဆိုတာ နိုင်ငံရေးအရ ဒီဥပဒေက သူတို့ကို အချက်ပြလိုက်တာပါဘဲ။ နောက် ယခင်ကဘယ်ဘက်မှမပါဘဲ ကြားနေဆိုသူများဟာ ယခုအချိန်မှာ ဘယ်ဘက်ကလိုက်မလဲဆိုတာ ဆုံးဖြတ်ဖို့ တွန်းအားပေးလိုက်တာပါ။ အစ္စရေးမှာ သူ့တပ်ချုပ်သားက စစ်တပ်ထဲဝင်တိုက်ပေမယ့် မအလသား/သမီးတွေ သူ့လက်အောက်က တိုင်းမှူးသား/သမီးတွေကတော့ စစ်ထဲဝင်မှာမဟုတ်ပါ။ ဒါကြောင့် နိုင်ငံရေးမှာ ယခင်က ကြားနေလိုလို ကြားနေယောင်ဆောင်သူတွေကို ဘက်ရွေးဖို့ တွန်းအားပေးလိုက်တာပါ။ ဒါဟာ သူ့စစ်တပ်မှာ လူတိုးစေဖို့ထက် NUG အောက်က PDF ထံ လူများသွားဖို့သာ ဖြစ်စေမှာပါ။


စစ်ရေး

စစ်ရေးမှာ နှစ် ၂၀ ကျော် စစ်သက်ရှိတဲ့ သူ့တပ်သားတွေတောင် စစ်ရှုံးနေလို့ ယခုလူသစ်ကလဲ စစ်မြေပြင်ကို ပြောင်းလဲနိုင်မှာမဟုတ်ပါ။ အချို့ဒေသတွေမှာ မအလထံစစ်မှုထမ်းသူရှိနိုင်ပေမယ့် အများစုက စစ်မတိုက်ဘဲ ဘက်ပြောင်းမှာပါ။ ဖွတ်ကတော့ သူ့ဘက်က ဘယ်လောက်တိုက်ပေးမလဲ စာရေးသူမသိပါ။ သေချာတာကတော့ ဒီစစ်မှုထမ်းဥပဒေအရ စစ်မြေပြင်မှာ ဘာမှထူးခြားစွာ ပြောင်းလဲလာမှာ မဟုတ်ပါ။


ပြည်သူအပေါ်အကျိုးသက်ရောက်မှု

ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ မွန်၊ မကွေးတောင်၊ ရှမ်းတောင်တွေမှာ ပထမဆုံး လူစစုမှာဖြစ်ပြီး ပြီးရင် ရန်ကုန်၊ မန္တလေး လာမှာပါ။ ဥပမာ ကချင်၊ ချင်း၊ ကယား/ကရင်နီ၊ စစ်ကိုင်းမှာ စစ်သားသစ်စုဆောင်းဖို့ကမလွယ်ပါ။ စုဆောင်းရင်လဲ အဆိုပါဒေသက လူအများစုက ပုန်ကန်နေလို့ ပျူရွာကလွဲရင်မဖြစ်နိုင်ပါ။

ယခုက စစ်သားစုဆောင်းရေးအဖွဲ့တွေ ဖွဲ့ခိုင်းထားပြီး အထက်မှာပြောထားတဲ့နေရာတွေက စစုမှာပါ။


ပထမအုပ်စု

အခွင့်ထူးခံနဲ့ ပိုက်ဆံရှိသူများကတော့ စစ်မှုထမ်းကင်းလွတ်ခွင့်တွေရကြမှာပါ။ ဒီအတွက် စျေးကွက်ကပေါ်လာမှာပါ။ ယခုအချိန် နိုင်ငံခြားထွက်သူများ၊ ရှေ့လထွက်ဖို့ရှိသူများကတော့ သီအိုရီအရ လွတ်သွားပါမယ်။


ဒုတိယအုပ်စု

ဖွတ်၊ မဘသများထဲက သူ့ကိုတကယ်ထောက်ခံသူများကတော့ မအလတပ်ထဲ ဝင်သွားနိုင်ပါတယ်။ သူတို့က နဂိုထဲက ဘောမမိုလို့ သိပ်မထူးပါ။ အဖြူအမဲ သဲကွဲသွားတာပေါ့။


တတိယအုပ်စု

သူတို့က ပိုက်ဆံသိပ်မရှိသူများပါ။ သူတို့ကတော့ မအလတပ်ထဲဝင်မလား/ PDF ထဲ ဝင်မလား ဆုံးဖြတ်ရတော့မှာပါ။ ထွက်ပြေးဖို့ကလဲ အိမ်နီးနားချင်း တိုင်းပြည်တွေက ပြန်ပို့မှာပါ။ ဒါကြောင့် သာမန်လူတွေက လွတ်မြောက်နယ်မြေသွားပြီးသာ စစ်ထဲမဝင်ရအောင် ရှောင်နိုင်မှာပါ။ မဟုတ်ရင် မအလတပ်ထဲဝင် ဒါမှမဟုတ် PDF ထံဝင်ဖို့ ရွေးရမှာပါ။


NUG

ဒီနေရာမှာ NUG အနေနဲ့လဲ အသစ်ဝင်လာသူတွေကို ဘယ်လိုလေ့ကျင့်ပေးမလဲ လက်နက်တပ်ဆင်ပေးမလဲ စဉ်းစားပြင်ဆင်ထားရပါမယ်။ သူတို့ဟာ နောက်ပိုင်းထိုးစစ်ဆင်ဖို့အတွက် အားဖြစ်လာမှာ သေချာပါတယ်။ ဘယ်ဒေသလဲဆိုတာကိုတော့ NUG ထံသာ ပေကာလိုက်ပါ့မယ်။ ဒီစာမှာ မရေးတော့ပါ။


မအလဟာ နိုင်ငံရေးအမှားတွေကို မှားပြီးရင်း မှားရင်းပါ။ မိန့်ခွန်းမှာ သူ့အစိုးရက နိုင်ငံရေးအစိုးရမဟုတ်ဘူးဆိုတာက စမှားတာပါ။  ယခုစစ်မှုထမ်းဥပဒေက သူ့ကို ယခင်က မထောက်ခံပေမယ့် အေးဆေးနေသူများကိုတောင် ဘက်ရွေးဖို့ သူကတွန်းပို့လိုက်ပါပြီ။ စာရေးသူ ဘာဖြစ်မယ်ထင်လဲဆိုရင် ဒီစစ်မှုထမ်းဥပဒေက မအလပြုတ်ဖို့ ပိုမြန်မယ်လို့သာ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page