ဂုဏ်ယူပါတယ် MOD နှင့် NUG
- Myat Tun Oo
- Jun 23
- 2 min read

NUG အစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ဖွဲ့စည်းထူထောင်ချိန်ကာလက ကာဝန်က အရပ်သားဘာညာဆိုပြီး ဖောင်းထုသူ ရှိသလို၊ NLD အမတ်အများစုအတွက်က ဒါဟာ ပထမဆုံး လက်နက်ကိုင်တော်လှန်ရေး ဖြစ်လို့ စည်းရုံးရေး၊ တပ်စည်းကမ်း၊ လက်နက်ထောက်ပံ့မှု၊ တပ်အုပ်ချုပ်မှု၊ စစ်ဦးစီး၊ စစ်ထောက်တွေနဲ့ ဖြစ်ပါ့မလားဆိုပြီး စိုးရိမ်ပူပန်ခဲ့ပါတယ်။ NUG/PDF ကို ထောက်ခံကြောင်း ရေးပေမယ့် စိုးရိမ်မှုကတော့ ရှိတာအမှန်ပါ။ ဒီနေရာမှာ NUG ကို အားမရဘူး အော်သူတွေကို ပြောလိုတာက ဆီးရီးယားပြည်တွင်းစစ်က ၁၃ နှစ် ၈ လ ကြာခဲ့သလို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ က ပြင်သစ်အကူအညီနဲ့ တိုက်ခဲ့တဲ့ အမေရိကန် လွတ်လပ်ရေးဟာလည်း ၈ နှစ်ကျော် ကြာခဲ့တယ်ဆိုတာပါ။
မြန်မာပြည်မှာ ဒီမိုကရေစီရဖို့ NUG/PDF က ကြိုးစားနေပေမယ့် သတင်းဌာနတွေက ဒီမိုကရေစီရပြီးနေပြီး သူတို့က အမေရိကန်က New York Times၊ Washington Post နဲ့ BBC သတင်းဌာနတွေရဲ့ စံနဲ့ တိုင်းပြီး စောင့်ကြည့် ရေးသားနေတာဖြစ်သလို NGO အဖွဲ့တွေကလည်း ကုလသမဂ္ဂရဲ့ နောက်ဆုံးပေါ်စံနဲ့ NUG/PDF ကို စောင့်ကြည့်နေကြပါတယ်။ ဆိုလိုတာက ဒီမိုကရေစီရဖို့က NUG/PDF ကသာ လုပ်ရတာ တိုက်ရတာဖြစ်ပြီး အခြားအဖွဲ့တွေက ဒီမိုကရေစီ ရပြီးနေပါပြီ။ ဒီကြားထဲကမှာ နဂါးလို တပ်သူလျှို ထောင်ထားတဲ့ အဖွဲ့တွေ၊ တရုတ်ထောင်ထားတဲ့ အဖွဲ့တွေ၊ ဗမာပြည်ထဲမှာ ခြေရှုပ်ဖို့ အခြားမရိုးသားသူတွေက လူမျိုးရေးအမည်ခံ ထောင်ထားတဲ့ အဖွဲ့တွေနဲ့ NUG/PDF က လုပ်ရကိုင်ရတာဟာ နိုင်ငံရေးအရ စစ်ရေးအရ အင်မတန် စိန်ခေါ်မှုတွေ ရှိပါတယ်။ ရှမ်းနီဟာ လူမျိုးရေးကို အခြေခံသလိုထောင်ခဲ့ပြီး ယခုတော်လှန်ရေးကို အဓိက ဒုက္ခပေးနေတာ မမေ့ပါနဲ့။
ယခု ဘာစိန်ခေါ်ချက်တွေကို ကျော်လွှားနိုင်ခဲ့ပြီလဲ?
တပ်ဖွဲ့စည်းပုံ ခိုင်မာလာပြီး စစ်ရေး၊ စစ်ထောက်၊ စစ်ဦးစီးတွေနဲ့ ဖွဲ့စည်းပုံ ပေါ်လာခဲ့ပါပြီ။ ဒါ့အပြင် မိမိတပ်တွင်း ပြစ်မှုကျူးလွန်သူတွေ၊ ကာမပိုင်ရှိသူနဲ့ လူမှုရေး ဖောက်ပြန်သူတွေကို အရေးယူနိုင်တာက အခြားတပ်တွေ (SRA) နဲ့ ကွာခြားသလို ထင်ရှားတဲ့ ပြောင်းလဲမှုပါ။ ကိုမုန်တိုင်းကိစ္စဟာ ထင်ရှားတဲ့ စိန်ခေါ်ချက်ပါ။ သူက တပ်တွင်း လူသိများသလို သတင်းသမားတွေနဲ့ သိလို့ Myanmar Now လို သတင်းသမားကို သုံးပြီး NUG MOD ကို ဖိအားပေးလာတဲ့အထိပါ။ နိုင်ငံတကာ ဥပဒေအရ အထူးသဖြင့် ဥရောပ ဥပဒေအရ စုံစမ်းနေချိန် သတင်းသမားတွေက သတင်းမတင်ရမရေးရပေမယ့် မြန်မာပြည်မှာ ဥပဒေမရှိလို့ သတင်းသမားက လော်ဘီကဲ့သို့ တင်ချိန်မှာ NUG MOD အတွက် စိန်ခေါ်မှု ရှိခဲ့ပါတယ်။ဒီစံကို ဘီဘီစီ မြန်မာပိုင်းက သိမှာပါ။ သူ့တိုင်းပြည်က လီဗာပူးနားမြို့မှာဆိုရင် လုသတ်မှာကို ဘယ်လူမျိုးက သတ်တယ်ဆိုတာတောင် တရားရုံးက စီရင်ချက်မချမခြင်း သတင်းတင်ပြခွင့်မရပါ။ ဒါက ဥရောပ ယူကေစံကို Myanmar Now လေ့လာနိုင်အောင် ပြောပြတာပါ။ ဒီကိစ္စကို NUG MOD က ဖြေရှင်းပြီး အရေးယူနိုင်ခဲ့ချိန်မှာ MOD ဟာ အဆင့်တစ်ခုကို ဖြတ်ကျော်သွားပြီဆိုတာ သတိပြုမိလိုက်ပါတယ်။ ဒါကို SRA ထဲပါတဲ့ ယောတပ်ချုပ်လေး လူသတ်တာ၊ မိန်းမကိစ္စ ရှုတ်တာကို ဘယ်သတင်းဌာနကမှ မတင်ရဲသလို SRA ကလည်း အရေးမယူနိုင်တာနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။
နောက်စိန်ခေါ်ချက်က မိမိဗမာ့နယ်ထဲ ဝင်နေတဲ့ မိမိဩဇာ မခံတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာပါ။
NUG ရဲ့ MOD ဟာ နဂါး စိန်ခေါ်ချက်၊ SRF စိန်ခေါ်ချက်၊ ယခု PLA ရဲ့ စိန်ခေါ်ချက်တွေကို ကျော်လွှားနိုင်ခဲ့တယ်ဆိုတာပါ။ ဒီနေရာမှာ သတိထားရမှာက ဒီအဖွဲ့လေးတွေဟာ သူတို့ မဟုတ်တာလုပ်ပြီရင် သူတို့နဲ့ သိတဲ့ သတင်းထောက်တွေကတဆင့် အရင်ဆုံး အော်တယ်ဆိုတာပါ။ ယင်းမာပင်မှာ စစ်တပ်လေယာဉ်ကို မပစ်ဘဲ ပစ်ချတယ်ဆိုပြီး ပြည်သူ့လက်ခုပ်သံ လိမ်ယူတာမျိုးလည်း သူတို့က လုပ်တတ်ပါတယ်။
နောက်အဆိုပါ လက်နက်ကိုင်တွေက NUG/PDF ကို အကျပ်ရိုက်စေတာပါ။ ဥပမာ စစ်ဘုရင်အဖွဲ့က မအလ စစ်ကြောင်းကို ဘာမှ မထိရောက်ပဲ သွားစပြီး သတင်းတင် မဏာယူ၊ ဟိုက စစ်ကြောင်းထိုးလို့ NUG က မကာကွယ်နိုင်ရင် NUG ကို အပြစ်တင် ကိုယ်လွတ်ရုန်းတာရှိသလို၊ အချို့ကိစ္စတွေမှာ NUG ကို နိုင်ငံရေး/စစ်ရေးအရ လုပ်ရကိုင်ရခက်အောင် မိမိမအုပ်ချုပ်နိုင်တဲ့နယ်မှာ “ကျွန်တော်တို့က ကလေးသူငယ်တွေ စာသင်ခွင့် လေးစားပါတယ်” ဘာညာဆိုပြီး သတင်းသမားနဲ့ လက်ဝါးရိုက်တာမျိုးပေါ့။ မိမိနိုင်ံငံထဲမှာ တပ်တွေ များနေရင် အုပ်ချုပ်ရခက်တယ်ဆိုတာ လက်ဘနွန်က ထိန်းမရတဲ့ ဟစ်ဇဘိုလာက ဥပမာ ပေးနေပါတယ်။ လက်ဘနွန်စစ်တပ်ရဲ့ ဩဇာကို မနာခံဘဲ အီရန်ဩဇာခံ ဟစ်ဇဘိုလာက အစ္စရေးကို သွားသွားတိုက်ပြီး ပြဿနာတက်တာက မိမိထိန်းတဲ့နယ်မြေမှာ တပ်တစ်ခုတည်း ရှိရမယ်ဆိုတာကို ရည်ညွှန်းပြပါတယ်။ မြန်မာပြည်ရဲ့ ဥပမာက ကရင်နယ်မှာပါ။ ဒီသင်ခန်းစာတွေကို NUG MOD က ယူပြီး လိမ္မာပါးနပ်စွာ ဖြေရှင်းနိုင်တာ (လိုအပ်ရင် အင်အားသုံး ဖြေရှင်းနိုင်တာ) လည်း တွေ့နေရပါတယ်။
စစ်ရေးရော
စစ်ရေးဆိုတာ အတိုးအဆုတ် ရှိမှာပါ။ ယခု MOD အောက်က PDF ကလည်း သမားရိုးကျ ကရင်နယ်၊ ကချင်နယ်မှာ စစ်တိုက်တဲ့ ဗျူဟာ၊ ရှမ်းမြောက်မှာ စစ်တိုက်တဲ့ ဗျူဟာကနေ အရှေ့အလယ်ပိုင်းမှာ အမေရိကန်ကို အကျပ်ရိုက်အောင် လုပ်ခဲ့တဲ့ ဗျူဟာ၊ ယူကရိန်းက မော်စကိုကို မီးလောင်တိုက်သွင်းတဲ့ ဗျူဟာတွေအထိ လေ့လာပြီး မိမိဗမာဒေသ၊ လူမျိုးစရိုက်နဲ့ ညီအောင် ပြင်ဆင် တုံ့ပြန်သွားမယ်ဆိုတာ ယုံကြည်ပါတယ်။ NUG အောက်က PDF မပြောနဲ့ အခိုင်အမာ ယူကရိန်းစစ်တပ်တောင် အတိုးအဆုတ် ရှိပါတယ်။ အစပိုင်း ရုရှားထိုးစစ်ကို ခံချနိုင်ခဲ့တာကိုက စစ်နိုင်တယ်ဆိုပြီး ပြောကြပါတယ်။ နောက်ပိုင်းမှာ ရုရှားက ၂၀၂၄ နောက်ပိုင်း စစ်နိုင်သလို ပြန်ဖြစ်ပြီး ထရမ့်ကတောင် “မင်းမှာ နိုင်ဖဲ မရှိလို့” အပြောခံခဲ့ရတာပါ။ ၂၀၂၆ မှာတော့ မော်စကိုမြို့ကြီး မီးလောင်အောင် လုပ်နေနိုင်ပါပြီ။ ယူကရိန်းဟာ မော်စကိုမြို့ကို တက်သိမ်းစရာ မလိုဘဲ ဖိအားတွေ ပေးနိုင်လာခဲ့ပါပြီ။
စာရေးသူတို့ ၂၀၂၁ အစပိုင်းမှာ ပြည်သူ့တပ်မရှိပေမယ့် ယခုအချိန်မှာ ပြည်သူ့တပ်စစ်စစ် PDF ကို မြင်လာနေရပါပြီ။ ဒါကိုက အောင်မြင်မှုပါ။
ပြင်စရာရှိလားဆိုတော့ ပြောခွင့်ရတွေ များနေတာ၊ သတင်းလုံခြုံရေး ပေါက်တာ၊ ဆက်သွယ်ရေးစနစ် မကျိုးပေါက်အောင် ကာကွယ်တာတွေ၊ စစ်ရေး သတင်းထောက်လှမ်းမှု မြှင့်တင်တာတွေ၊ အဆင့်မြင့် စစ်လက်နက်ရရှိအောင် ဆောင်ရွက်တာတွေ တော့ လုပ်နေရမှာပါ။
အကျဉ်းချုပ်ရရင် မိမိတပ်အတွင်း အကျင့်ပျက် ချစားမှုကို အရေးယူနိုင်တာ၊ မိမိနယ်ထဲက ခိုးဆိုးလုယက်တဲ့ လက်နက်ကိုင် စစ်ဘုရင်တွေကို အရေးယူနိုင်တာ၊ အရေးယူရဲတာတွေအတွက် NUG MOD PDF ကို ဂုဏ်ယူပါတယ်လို့ ပြောပါရစေ။ ပြည်သူက NUG အောက်က PDF အားကောင်းအောင် PRF ကတဆင့် ထောက်ပံ့ကြပါ။ ငွေမရှိရင် တော်လှန်ရေး လုပ်မရပါ။



Comments