ဒီကိစ္စက မရေးလိုပေမယ့် ရေးသင့်တယ်ထင်လို့ ရေးလိုက်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဂါဇာမှာ အစ္စရေးနဲ့ ပါလက်စတိုင်း ပြဿနာဖြစ်နေပါတယ်။ အစ္စရေးကို ထိုးစစ်ရပ်ဖို့ အမေရိကန်၊ အင်္ဂလန်နဲ့ အနောက်ဥရောပနိုင်ငံတွေမှာ နေ့စဉ်ဆန္ဒပြနေကြပါတယ်။
မူစလင်တွေ၊ လက်ဝဲသမားတွေ၊ လူ့အခွင့်အရေးသမားတွေက ပါလက်စတိုင်းဘက်က ဆန္ဒပြပြီး အနောက်နိုင်ငံ ကုမ္ပဏီနဲ့ သတင်းဌာနတွေကတော့ အစ္စရေးဘက်ကပါ။ အစ္စရေးကို ဆန့်ကျင်ပြောဆိုတဲ့ ပါချုပ်တွေ၊ ဆရာ/ဆရာမတွေ၊ ဝန်ထမ်းတွေ အလုပ်ဖြုတ်ခံခဲ့ရတာလဲ သတင်းတွေမှာ ကြားနေခဲ့ရပါတယ်။ ကုလက အစပိုင်းမှာ ပါလက်စတိုင်းဘက်က အော်ခဲ့ကြပါတယ်။ ဒါပေမယ့် ကုလလက်အောက်ခံ The United Nations agency for Palestinian refugees (UNRWA) က သူ့ဝန်ထမ်းတွေက အောက်တိုဘာ ၇ ရက် အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါခဲ့တဲ့ဆိုတဲ့ အစ္စရေးရဲ့ အထောက်အထားနဲ့ စွပ်စွဲမှုအပြီးမှာ သူ့ကိုထောက်ပံ့တာတွေကို အနောက်အုပ်စုက ရပ်ခဲ့ပါတယ်။ ထိုအချိန်ကစလို့ ကုလက အသံကျယ်ကျယ် မအော်ရဲတော့ပါ။ အစ္စရေးဟာ Al-Jazeera အသံလွှင့်ဌာနကိုလဲ ဘက်လိုက်လို့ဆိုပြီး သူ့တိုင်းပြည်ထဲက နှင်ထုတ်ခဲ့ပါတယ်။
ယခုကမ္ဘာပေါ်မှာ ၂၀၂၄ မှာ ရွေးကောက်ပွဲကြီးတွေဖြစ်နေပါတယ်။ အိန္ဒိယမှာ မိုဒီက မူစလင်ပေါ်မဲကအခြေမခံလို့ သူ့ကိုဆန့်ကျင်လဲ မိုဒီအတွက်ဘာမှမဖြစ်ပါ။ ရုရှားကလဲ ပူတင်တစ်ယောက်ထဲပြိုင်လို့ အေးဆေးပါ။ ဒါပေမယ့် အင်္ဂလန်နဲ့ အမေရိကန်က ပါတီအချို့မှာက ပြဿနာရှိနေပါတယ်။ အင်္ဂလန်မှာ လက်ဝဲယိမ်း လေဘာပါတီက လူ့အခွင့်အရေးသမား၊ မူစလင်များက ကြိုက်တဲ့ပါတီပါ။ ဒါပေမယ့် အဆိုပါပါတီခေါင်းဆောင်က အပစ်ရပ်ရေးကို မအော်လို့ အမေစု ရိုအရေးမှာ မအော်လို့ အပြောခံရသလိုမျိုး အပြောခံနေရပါတယ်။ အချို့မဲဆန္ဒနယ်တွေမှာ မူစလင်တွေက ဂါဇာကိစ္စအပေါ်မူတည်ပြီး မဲပေးရင် လေဘာက ထိုဒေသတွေမှာ မဲရှုံးနိုင်ပါတယ်။ လက်ယာပါတီကတော့ ထိစရာမရှိပါ။
ထို့အတူ အမေရိကန်မှာလဲ သမ္မတရွေးကောက်ပွဲရှိပါတယ်။ လက်ရှိသမ္မတဘိုင်ဒင်ဟာ တပ်အခံမရှိတဲ့ အမေစုကို ရိုကိစ္စမှာ ရိုဘက်က မရပ်တည်လို့ ဝေဖန်ခဲ့သူပါ။ ယခုသူဟာ အမေရိကန်သမ္မတနဲ့ စစ်ဦးစီးချုပ်ပါ။ ဒါပေမယ့်သူက ဂါဇာမှာ လူတွေသေနေတာကိုရပ်ဖို့ အစ္စရေးကိုမပြောလို့ သူ့ပါတီထဲက လက်ဝဲအမတ်တွေ၊ မူစလင်အမတ်တွေရဲ့ ဝေဖန်မှုကို အပြင်းအထန် ခံနေရပါတယ်။ သူတို့က စိတ်ဆိုးပြီး မဲထွက်မပေးခဲ့ရင် သူသမ္မတရေါးကောက်ပွဲမှာ ထရမ့်ကို ရှုံးမှာပါ။ ထရမ့်ကတော့ နဂိုကထဲက အစ္စရေးထောက်ခံသူမိုလို့ သူ့ကို မဲမပေးသူက ယခုပေးစရာလဲမရှိပါ။ ယခု အမေရိကန်က အရေးမယူလို့ ICC ရှေ့နေချုပ်က အစ္စရေးဝန်ကြီးချုပ်ရယ် အကြမ်းဖက်ခေါင်းဆောင်ရယ်ကို တန်းတူ ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားနေပါပြီ။ အကြမ်းဖက်သမားကို ပြန်တိုက်လို့ဆိုတဲ့ဆင်ခြေနဲ့ မရတော့တာကို ပြတာပါ။ ဒါက ကမ္ဘာပေါ်မှာ ဖြစ်နေတာကို ပြည်သူတွေသိအောင် ပဏာမ ရှင်းပြတာပါ။ ဒါကရခိုင်နဲ့ ဘယ်လိုဆက်စပ်နေသလဲ?
စာရေးသူတို့ သိထားရမှာက ရခိုင်မှာ PDF မရှိပါ။ AA တပ်မတော်သာရှိပါတယ်။ AA မတိုင်ခင်က မအလတပ်ပါ။ ရခိုင်မှာ အုပ်ချုပ်ရေးက အများဝေဖန်တဲ့ ‘ပ’ သုံးလုံးမဟုတ်ပါ။ AA ရဲ့ ရခိုင့်ပါတီ ကိုထွန်းမြတ်နိုင်က အုပ်ချုပ်ပါတယ်။ ဒါကြောင့် NUG အနေနဲ့ ရခိုင်မှာ မိမိဩဇာမရှိဘူးဆိုတာကို ရိုးသားစွာ ကမ္ဘာသိ ဝန်ခံဖို့လိုပါတယ်။ NUG ဝန်ကြီးအဖွဲ့ထဲမှာလဲ AA ကို ကိုယ်စားပြုပြီး တစ်ယောက်မှ မပါပါ။ ဒါကလက်ရှိအခြေအနေပါ။ ဒါကို NUG အနေနဲ့ ရိုးသားစွာ ချပြဖို့လိုပါတယ်။
ယခင်က ပဋိပက္ခမှာ စာရေးသူတို့တွေ ကြားညပ်ပြီးပါပြီ။ ရခိုင်ဟာ တကယ်ပြန်တွေးရင် ကွန်ဖယ်ဒရိတ်ထက်မြင့်တဲ့ လွတ်လပ်တဲ့ နိုင်ငံနဲ့ ထိုက်တန်တဲ့ နိုင်ငံပါ။ သူတို့မှာ သူတို့စစ်တပ်ရှိသလို သူတို့စစ်ဦးစီးချုပ် ကိုထွန်းမြတ်နိုင်လဲရှိပါတယ်။ ရခိုင်က ကုန်းဘောင်မင်း ဝင်မသိမ်းခင် ၁၇၈၄ အထိ လွတ်လပ်တဲ့နိုင်ငံဆိုတာ မမေ့ပါနဲ့။ ထို့အတူပါဘဲ ဘကြီးတော်က ရခိုင်ကိစ္စနဲ့ မိမိတပ်ကိုအထင်ကြီးပြီး အင်္ဂလိပ်နဲ့ သွားချရာက လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတာကိုလဲ မမေ့ဖို့လိုပါတယ်။ ရခိုင်မှာ အင်မတန်တော်တဲ့ ဦးအေးမောင်၊ ဦးဖေသန်း၊ ဦးဦးလှစော၊ ဒေါ်အေးနုစိန်တို့လို နိုင်ငံရေးသမားတွေလဲ ရှိပါတယ်။ ထို့အတူ အမေရိကန်က Steven Sanyu တို့လို၊ မောင်ဇာနီတို့လို၊ VOA မြန်မာအယ်ဒီတာ ဦးကျော်ဇံသာတို့လို ပညာတတ်တွေ ပေါက်ရောက်သူတွေလဲ ရှိပါတယ်။
ဒီနေရာမှာ စာရေးသူတို့ ဗမာတွေအနေနဲ့ လူမျိုးကြီးဝါဒကို စွန့်ရပါမယ်။ ရခိုင့်အရေးမှာ ဘယ်လိုဖြေရှင်းမယ် ဘာညာဝင်မပြောဘဲ ရှောင်ရပါမယ်။ ရခိုင်ဟာ လွတ်လပ်တဲ့နိုင်ငံပါ။ ထိုလွတ်လပ်တဲ့နိုင်ငံမှာ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာလူမျိုးတွေ ဘယ်လိုယှဉ်တွဲနေထိုင်မလဲ၊ ရခိုင့်နိုင်ငံသား ပေးမလား မပေးဘူးလား ဒါတွေကိုလဲ ကိုထွန်းမြတ်နိုင်/ ရခိုင့်နိုင်ငံရေးသမားတွေ ရိုဟင်ဂျာ နိုင်ငံရေးသမားတွေက ဆုံးဖြတ်ရမှာပါ။ စာရေးသူတို့က သူတို့ကို ရခိုင်မှာနေခွင့် ပေး/မပေးပြောတာက လူမျိုးနှစ်ရပ်စလုံးကို သွားစော်ကားသလို ဖြစ်မယ်ဆိုတာကို NUG မမေ့ပါနဲ့။ ရခိုင့်နိုင်ငံရေးခေါင်းဆောင်တွေကသာ လွတ်လပ်တဲ့နိုင်ငံအဖြစ်ရပ်တည်မလား ဒါမှမဟုတ် ကွန်ဖယ်ဒရိတ်ထက်နိမ့်တဲ့ ဖယ်ဒရယ်နဲ့ မြန်မာနိုင်ငံထဲပါမလား သူတို့ကသာ ဆုံးဖြတ်ရမှာပါ။ ထိုအချိန်မှာတော့ မြန်မာနိုင်ငံကြီးက ရခိုင်ကို ဖယ်ဒရယ်အနေနဲ့ လက်ခံမလား ဆုံးဖြတ်ရမှာပါ။ အရေးကြီးတာက ရခိုင်ကပြဿနာကို ရခိုင်နဲ့ ရိုဟင်ဂျာကသာ ဖြေရှင်းရမယ်ဆိုတာ မမေ့ပါနဲ့။ အစပိုင်းမှာ မအလမွှေးခဲ့တဲ့မီးက ရှိနေမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုထွန်းမြတ်နိုင်က အဆိုပါကိစ္စကို နာမည်ကြီး ရခိုင့်နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေနဲ့ပေါင်းပြီး ဖြေရှင်းနိုင်မှာပါ။ ယခုချိန်မှာတော့ NUG ဟာ ရခိုင်ကို လွတ်လပ်တဲ့နိုင်ငံလို့ မှတ်ယူထားပြီး ဆရာလုပ်တာကို ရှောင်ဖို့လိုမှာပါ။
ရခိုင် AA က အမေရိကန်ဖိအားကို တုန့်ပြန်နိုင်မလား? AA ဟာ NUG အောက်မှာ မရှိသလို တန်းတူဆက်ဆံရေးသာရှိပါတယ်။ AA ရဲ့ လက်ရှိစီးပွါးရေးက အမေရိကန်ကို မမှီခိုပါ။ AA က ရခိုင်မြို့အားလုံးကို သိမ်းနိုင်ခဲ့ရင်လဲ တရုတ်ဟာ AA ရဲ့ အဓိက ကုန်သွယ်နိုင်ငံပါ။ တရုတ်ဟာ အမေရိကန်ကြောင့် AA နဲ့ ရခိုင်ကို မပိတ်ဆို့နိုင်ပါ။ နောက် AA ရဲ့ လက်နက်က အမေရိကန်ထံက ရတာမဟုတ်လို့ AA က အမေရိကန်ကို ပြုံးနေမှာပါ။ နောက် AA ရဲ့ ဝင်ငွေလမ်းကြောင်းကလဲ NUG လို ပြည်ပက သူ့လူမျိုးတွေထံကမဟုတ်လို့ AA က ပြုံးနေမှာပါ။
အမေရိကန်က အစ္စရေးကို ဖိအားပေးလို့မရလို့ မူစလင်လူမျိုးတွေရဲ့ ဆန္ဒမဲကို ဘိုင်ဒင်ကမရနိုင်ပါ။ ဒါကြောင့် ဘိုင်ဒင်ဟာ ရခိုင်မှာတော့ တစ်ခုခုလုပ်ပြနိုင်ပါတယ်။ ထို့အတူ သတင်းသမားတွေဟာလဲ သူ့ထမင်းရှင်ကို မလွန်ဆန်နိုင်လို့ အစ္စရေးကိစ္စမှာ မူစလင်ကမ္ဘာနဲ့ ဆန့်ကျင်ရပေမယ့် ရခိုင်ကိစ္စမှာတော့ ဆန့်ကျင်မှာမဟုတ်ပါ။
ဒါကြောင့် AA ကို ပြောမရရင် NUG ကို သူဖွဲ့ထားတဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ သူ့လက်အောက်က သတင်းဌာနတွေကတဆင့် ဖိအားပေးမှာပါ။ ဒီနေရာမှာ NUG အနေနဲ့ မိမိဩဇာမရှိတာကို ရိုးသားစွာ ဝန်ခံဖို့လိုပါတယ်။
ဒါဆို ဒီမိုတွေက ဘာဆက်လုပ်ရမလဲ? ရခိုင်မှာ ပြဿနာတွေဖြစ်နေပါတယ်။ ဒါပေမယ့် စာရေးသူတို့ဟာ လူမျိုးကြီးကဲ့သို့ပြုမူပြီး ရခိုင်ကို ဘာလုပ်ပါ ညာလုပ်ပါ ပြောတာကို ရှောင်ရပါမယ်။ လူမျိုးကြီး ဝါဒကို ရှောင်ရပါမယ်။ ရခိုင်ဟာ သီးခြားလွတ်လပ်တဲ့နိုင်ငံဖြစ်နေပြီဆိုတာ စာရေးသူတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် အရှိတရားအတိုင်း လက်ခံရပါမယ်။ သူတို့လူမျိုးအချင်းချင်း အမုန်းမပွါးအောင် ကြားစကားကို လျှော့ရပါမယ်။ ဘက်လိုက်ခြင်း ကင်းရပါမယ်။ ရိုဟင်ဂျာကို ရခိုင့်နိုင်ငံသားပေး မပေးက ရခိုင်မှာနေသူတွေ ရခိုင့်နိုင်ငံသားတွေကသာ လွတ်လပ်စွာဆုံးဖြတ်ပါစေ။ သူက ပြည်မနဲ့ ကွန်ဖယ်ဒရိတ်မဟုတ်ဘဲ ဖယ်ဒရယ်အနေနဲ့ ပေါင်းလိုမှသာ ပြည်မက ဆွေးနွေးပါ။ အားလုံးမမေ့ဖို့က ယခင်အမေစုလက်ထက်ကပြဿနာရော ယခုပြဿနာပါ မအလလုပ်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ သမိုင်းကို သင်ခန်းစာယူပါ။ NUG လဲ သမိုင်းကို သင်ခန်းစာယူပါ။ ဘက်မလိုက်ပါနဲ့။ ရခိုင့်အရေး ရခိုင်တွေသာ ဆုံးဖြတ်ပါစေ။ NUG အနေနဲ့ NUCC ကို သွားတာလျှော့ပါ။ ရခိုင့်နိုင်ငံတော်ကိစ္စက အစ်ကိုထွန်း၊ အစ်ကိုနေဆန်းလွင်တို့က ယခင်ကထက် အများကြီးကောင်းအောင် ကိုင်တွယ်နိုင်မှာပါ။ ဒီမိုလော်ဘီတွေ၊ အမေ့သားသမီးတွေက သမိုင်းကို သက်ခန်းစာယူပါ။
(Disclaimer: စာရေးသူ ရခိုင်လူမျိုးမဟုတ်ပါ။)
တရုတ်ကလဲ မြန်မာ တနိုင်ငံတည်း မူ ကို မထောက်ခံလို့မရဘူး ထင်ပါတယ် ့ရခိုင် နိုင်ငံတော့ သစ်အဖြစ်အသိအမှတ်ပြုမြောက်ပေးလိုက်ရင် ပြည်မ က ဖြတ်သွားတဲ့သူ့ပိုက်လိုင်း က ပြည်မကဗမာတွေက ကန့်ကွက်ရင် နောက်ပြသနာတခုရှင်းရမှာပါ ့့