ခြေဥကို တပ်ကတင်တဲ့အတိုင်း ကွက်ပြင်ရင် ဘာဖြစ်မလဲ
စာရေးသူတို့တိုင်းပြည်မှာ ခြေဥပြင်ဖို့ စလုပ်ရာမှာ တပ်က ခြေဥပြင်ဖို့ အဆိုတင်ပြီး ဝကခတွေကိုပြည်နယ်လွှတ်တော်ကခန့်ရင် ဖယ်ဒရယ်ရသလိုမျိုး ပြောကြရေးကြပါတယ်။ အဘတ ပညာရှင်များကလဲ ထောက်ခံကြပါတယ်။ ဒါရဲ့ အကျိုးအပြစ်ကို ကြည့်ရအောင်။ လက်ရှိမှာက ပြည်နယ်လွှတ်တော်တွေမှာ တပ်အမတ်က ၂၅% ရှိပါတယ်။ အကယ်၍ ရခိုင်မှာလို ဆူပူနေလို့ ရွေးကောက်ပွဲမကျင်းပနိုင်ရင် တိုင်းရင်းသားအမတ်နည်းပြီး သူ့အချိုးက မလျှော့သွားလို့ သူက ၂၅% ထက်တောင်ပိုသွားပါမယ်။
လက်ရှိ ၂၀၁၆ ရခိုင်လွှတ်တော်မှာ စုစုပေါင်းက ၄၇ နေရာရှိပါတယ်။ ANP က ၂၂ နေရာနဲ့ ၄၆.၈၁%၊NLD က ၉ နေရာနဲ့ ၁၉.၁၅%၊ ဖွတ်က ၃ နေရာနဲ့ ၆.၃၈% ၊ တစ်သီးပုဂ္ဂိလက တစ်ယောက် ၂.၁၃%၊ တပ်က ၁၂ ယောက်နဲ့ ၂၅.၅၃% ပါ။ အကယ်၍ ၂၀၂၀ မှာ ရခိုင်မှာ ယခုလို စစ်ဖြစ်နေလို့ မဲဆန္ဒနယ် ၅ ခုမှာရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုပါစို့။ ANP က ၂၂ ကနေ ၁၇ ကို ထိုးဆင်းသွားပါမယ်။ ဒါကြောင့် ၄၀% သာ ရပါမယ်။ တပ်က ၁၂ ယောက်က ရွေးကောက်ပွဲဝင်စရာမလိုလို့ အပြောင်းအလဲမရှိပါ။ ၄၇ နေရာက အမတ် ၄၂ နေရာသာကျန်ပါမယ်။ သူ့ရဲ့တစ်ဝက်က ၂၁ နေရာပါ။ ဒါကြောင့် တပ်ဟာရခိုင်ပြည်နယ်မှာ စစ်ဖြစ်နေတာနဲ့တင် ရွေးကောက်ပွဲဝင်စရာမလိုဘဲ သူပြင်ထားတဲ့ ခြေဥအရ ပြည်နယ်ဝကခကို ဖွတ်အမတ်တဲ့ပေါင်းပြီး ဖြစ်လာဖို့ အများကြီး နီးစပ်သွားပါမယ်။ ထိုစစ်ပွဲဗျူဟာကို ရှမ်းမှာသုံးရင် သူကရှမ်းပြည်နယ်ဝကခဖြစ်နိုင်သလို ကချင်မှာလဲ ထို့အတူပါဘဲ။ ဒါက ရခိုင်က ANP နိုင်နိုင်တဲ့ ဥပမာပါ။ အခြားပြည်နယ်တွေက ANP လို မဟုတ်ပါ။ ဒါကြောင့် ခြေဥကို ကွက်ပြင်ရင် တပ်ဝကခဖြစ်ဖို့ များသွားပါမယ်။
ယခုလက်ရှိစနစ်မှာ သမ္မတက ဝကခတွေကို ခန့်တာဖြစ်လို့ ပြည်နယ်တိုင်းမှာ စစ်ဖြစ်လို့ ရွေးကောက်ပွဲမလုပ်နိုင်တယ့်နေရာရှိရင်တောင် ဝကခကို သမ္မတက ခန့်နိုင်မှာပါ။ တပ်ကိုယ်စားလှယ်တွေ ပြည်နယ်လွှတ်တော်က ထွက်ပေးနိုင်ရင်တော့ တစ်မျိုးပါ။ ဒါကြောင့် တိုင်းရင်းသားတွေကို စေတနာရှိရင် တပ်ဟာအနည်းဆုံးပြည်နယ်လွှတ်တော်က ထွက်ရပါမယ်။
နောက်လက်ရှိခြေဥဟာ ဖယ်ဒရယ်စနစ်မဟုတ်ပါ။ ပြည်နယ်၊ တိုင်း အစိုးရတွေဟာ သူတို့အခွန်ကိုအများစုက ဗဟိုကကောက်ခိုင်းတဲ့အတိုင်းကောက်နေရပြီး ပြန်သုံးရင်လဲ လက်ဖြန့်ပြန်တောင်းရပါတယ်။ ဥပမာ လမ်းဖောက်ဖို့ကို မိမိပြည်နယ်လွှတ်တော်ကို အကြမ်းတင်၊ ပြီးရင် ဗဟိုဝန်ကြီးဌာနတင်၊ပြီးလို့ အပေါ်က ပြန်ကြလာရင် ပြည်နယ်တိုင်းလွှတ်တော်ကို နောက်ဆုံးပြန်တင်ပြနဲ့ အင်မတန် ရှုတ်ထွေးလှပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ပြည်နယ်တိုင်း လိုအပ်ချက်တွေဆိုတာ အမြဲပြောင်းလဲနေပါတယ်။ နောက်ပြည်နယ်တိုင်းလွှတ်တော်တွေကလဲ ဘာဥပဒေပြုပိုင်ခွင့်မှ ကြီးကြီးကျယ်ကျယ်မရှိဘဲ ကားဘတ်ဂျက်စစ်တဲ့အဆင့်လောက်သာ ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့်တိုင်းပြည်ရဲ့ တန်ဘိုးရှိတဲ့အချိန်တွေဟာ လက်ရှိခြေဥအရ အောက်ကအထက်ကိုတင် အထက်ကအောက်ကိုချနဲ့ အချိန်ကုန်နေပါတယ်။
ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါ။ ဥပမာ ပြည်နယ်ထဲမှာ ဆရာဝန်၊ ဆရာမ ခန့်တာ ဖြုတ်တာကလဲ ဗဟိုသက်ဆိုင်ရာ ဝန်ကြီးဌာနက ကိုင်ထားတာပါ။ ပြည်သူကလိုရင် ဝကခတွေကို အမတ်တွေကတဆင့် ပြောပေမယ့် နောက်ဆုံးခန့်တာက ဗဟိုဝန်ကြီးပါ။ နောက် ဝကခတွေဟာ လက်ရှိခြေဥအရပြည်နယ်အဆင့်ပြည်နယ်မှူးတွေကို ဖြုတ်မရပါ။ သမ္မတကသာ ခန့်ရ ဖြုတ်ရပါတယ်။ ဒါကြောင့် ဒီနေရာမှာအချို့လူတွေက ပြည်သူတွေက မကြိုက်လို့အော်နေလဲ ဖြုတ်မရပါ။ င်္ပမာ ပြည်နယ်ရဲမှူးကြီးကို၊ တိုင်းရဲမှူးကြီးကို ဝကခတွေက ဖြုတ်မရပါ။ ဒါပေမယ့်အဆဲခံရတော့ သူတို့ပါ။ ဥပမာ ဖယ်ဒရယ်စနစ်သာ စစ်ခဲ့ရင် ပြည်နယ်ထဲမှာလိုတဲ့ ဆရာမတွေကို မိမိဖာသာ ပြည်နယ်အဆင့်က ခန့်လာနိုင်ပါမယ်။ ဥပမာ ရှမ်းပြည်နယ်က မူလတန်းဆရာမအရည်အချင်းက ချင်းနဲ့မတူနိုင်သလို ရန်ကုန်နဲ့ မတူနိုင်ပါ။ ဒါဆို သူ့ဒေသကို သူ့ဖာသာ ပြန်ကြည့်နိုင်ပါမယ်။ ယခုက ဝကခတွေက နယ်ဆင်း အောက်ကတင်ပြ ပြီးရင်ဗဟိုကဝန်ကြီးကို သူနဲ့ပါလာသူ လူမှုရေးဝန်ကြီးက ပြန်တင်ပြနဲ့ အလုပ်မဖြစ်အောင် လက်ရှိခြေဥက လုပ်ထားပါတယ်။
တကယ်လို့ တပ်ကတိုင်းရင်းသားတွေကို တကယ်စေတနာရှိခဲ့ရင် လက်ရှိခြေဥကို အနည်းဆုံးပြည်နယ်အဆင့်မှာ ဖယ်ဒရယ်ဖြစ်အောင် ပြင်ပေးရမှာပါ။ ဟာ မင်းကလဲ ယခင်အစိုးရလက်ထက်ကလဲ ဒီဥပဒေဘဲ ဘာပြဿနာဖြစ်ခဲ့လို့လဲမေးရင် ယခင်အစိုးရလက်ထက်က ဘာမှကြိုးစားမလုပ်သွားလို့ ဘာမှပြဿနာမတက်ခဲ့တာပါလို့ ပြောပါရစေ။ ယခင်က မလုပ် မရှုတ် မပြုတ်နဲ့ ငါးနှစ်ပြီးသွားခဲ့တာပါ။ယခင်က ၅ နှစ်နေမှ ဖောက်ခဲ့တဲ့ လမ်းစုစုပေါင်းပေအရှည်က လက်ရှိအစိုးရ တစ်နှစ်ဖောက်တာနဲ့ တူပါတယ်။ ဒါကွာပါတယ်။
Comentarios