Myat Tun Oo
ခေါင်းဆောင်မှုကို သင်ယူလို့ရလား? Can leadership be taught?

မြန်မာပြည်မှာက ဒီမိုကရေစီအကူးမှာ ခေါင်းဆောင်မှုသင်တန်းတွေက အင်မတန်များလာလို့ အားလုံးက တက်ချင်ကြပါတယ်။ ခေါင်းဆောင်မှုကို သင်ယူလို့ရလားဆိုတော့ သီအိုရီက မျိုးစုံပါ။အကြမ်းဖျင်းကတော့ သင်ယူလို့ရတယ်ဆိုပါတယ်။ ဒါဆိုရင် ဘာလို့ အာရှနိုင်ငံအများစုမှာ ပြဿနာပေါ်နေတာလဲ? အမေရိကန်တို့၊ အင်္ဂလန်တို့၊ ဂျာမနီတို့၊ ပြင်သစ်တို့က နိုင်ငံရေးခေါင်းဆောင်တွေဟာဘယ်သင်တန်းတွေကနေ ခေါင်းဆောင်ဖြစ်လာလဲဆိုတာ လေ့လာကြည့်မိပါတယ်။
ပထမက အိုဘားမားပါ။ သူက ကိုလမ်ဘီယာတက္ကသိုလ်မှာ ၁၉၈၃ မှာ ဘွဲ့ရပြီးတော့ ရပ်ရွာအကျိုးပြုတွေမှာ ဝင်ကူခဲ့ပါတယ်။ ၁၉၈၈ မှာ ဟားဗတ်ဥပဒေသင်တန်း Harvard Law School ကိုတက်ခဲ့ပါတယ်။နောက်ကျောင်းဆရာလုပ် ပြီးမှ ၁၉၉၇ မှာ ပြည်နယ်အဆင့် လွှတ်တော်အမတ် ဝင်အရွေးခံပါတယ်။နိုင်ငံရေးသမားစလုပ်တာပေါ့။ သူက ခေါင်းဆောင်မှုသင်တန်းကို မတက်ခဲ့ပါ။

သူ့အရင်က သမ္မတ George W Bush ကို လေ့လာရအောင်။ သူက ၁၉၆၈ မှာ ရေးတက္ကသိုလ် Yale University ကနေ ဘွဲ့ရခဲ့ပါတယ်။ ၁၉၇၅ မှာ သူကလဲ ဟားဗတ်မှာ စီးပွါးရေးနဲ့ ဘွဲ့ရခဲ့ပါတယ်။ သူဟာပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကို ၁၉၉၄ မှာနိုင်ပြီး နိုင်ငံရေးလောကထဲကို စဝင်လာခဲ့ပါတယ်။ သူလဲ ခေါင်းဆောင်မှုသင်တန်း Leadership သင်တန်းကို သီးသန့်မတက်ခဲ့ပါ။

နောက်တစ်ယောက်က ပြင်သစ်သမ္မတ မာကွန်းပါ။ သူဟာ အတွေးအခေါ်ပညာကို သင်ယူပြီး Paris Nantree လို့ခေါ်တဲ့ တက္ကသိုလ်ကဘွဲ့ရခဲ့ပါတယ်။ မဟာဘွဲ့ကိုတော့ ပြည်သူ့ရေးရာဘာသာရပ်နဲ့ စီးပွါးရေးသင်တန်းကျောင်း Ecole national administration ကနေ ၂၀၀၄ မှာပြီးခဲ့ပါတယ်။ သူကပြည်သူ့ဝန်ထမ်းဘဝနဲ့ အစပိုင်းမှာလုပ်ခဲ့ပြီး သမ္မတအကြံပေးအနေနဲ့ ၂၀၁၂ မှာလုပ်ရာက ၂၀၁၄ မှာဝန်ကြီးဖြစ်လာခဲ့ပါတယ်။ သူဟာလဲ ခေါင်းဆောင်မှုသင်တန်းကို မတက်ခဲ့ပါ။

အင်္ဂလန်ဝန်ကြီးချုပ် Boris Johnson ကတော့ ငယ်စဉ်ကထဲက နာမည်ကြီး Eton ကောလိပ်ကနေDASSK တက်ခဲ့တဲ့ အောက်စဖို့ဒ် ကိုရောက်ခဲ့ပါတယ်။ သူက ကျောင်းသားသမဂ္ဂဥက္ကဌပါ။ ကျောင်းအပြီးမှာ သတင်းစာဆရာလုပ်ခဲ့ပါတယ်။ ၂၀၀၁ မှာ လွှတ်တော်အမတ် စဖြစ်ခဲ့ပြီး နိုင်ငံရေးထဲ ဝင်ခဲ့ပါတယ်။ သူလဲ ခေါင်းဆောင်မှုသင်တန်း မတက်ခဲ့ပါ။
ဒါက နိုင်ငံရေး ဥပမာတွေပါ။ စီးပွါးရေးလောကမှာဆိုရင်လဲ Apple ကို တည်ထောင်ခဲ့သူ Steve Jobs၊Microsoft ပိုင်ရှင် Bill Gates, Tesla တည်ထောင်သူ Elon Musk၊ Facebook ထောင်သူ Mark Zuckerberg တို့ဟာ ခေါင်းဆောင်မှုသင်တန်းကလာသူတွေ မဟုတ်ပါ။
ဒါကဘာကိုပြလဲဆိုတော့ သူတို့တိုင်းပြည်တွေမှာ အခြေခံပညာရေးမှသည် တက္ကသိုလ်ပညာရေးအထိခေါင်းဆောင်မှုသာမက တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းနဲ့ဆောင်ရွက်မှုတွေကိုသင်ပေးလိုက်တာပါ။ ဥပမာ ကျောင်းမှာ ဆွေနွေးငြင်းခုံ debate လုပ်တဲ့ ယဉ်ကျေးမှုကို မူလတန်းကစသင်ပေးလိုက်လို့ သူတို့ဟာ ယဉ်ကျေးစွာ ငြင်းခုံတတ်လာပါတယ်။ ထို့အတူပါဘဲ teamwork အဖွဲ့နဲ့ လုပ်တတ်အောင်ကိုလဲ သင်ပေးလိုက်ပါတယ်။ ခေါင်းဆောင်ပညာတင်မဟုတ် နောက်လိုက်လဲ လုပ်တတ်သွားပါတယ်။ ဒါ့အပြင် သူတို့ရဲ့ လူ့တန်ဘိုး Value တွေကိုလဲ ပညာသင်ရာမှာ ထည့်သင်ပေးလိုက်ပါတယ်။ မတူကွဲပြားမှုကို လက်ခံအောင်လဲ သင်ပေးလိုက်ပါတယ်။
ဒါကြောင့်မိုလို့ စာရေးသူတို့ အာရှက အများစုက ပညာရေးမှာ တန်ဘိုးကစပြင်မှ အဆင်ပြေလာမှာပါ။စာရေးသူတို့တိုင်းပြည်ရဲ့ ပြောင်းလဲမှုဟာ ၂၀၁၆ မှာ စခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူငယ်တန်း သင်ရိုးသစ်နဲ့ စခဲ့တဲ့ ကလေးဟာ နောင် ၁၅ နှစ်မှာ ဘွဲ့ရပါမယ်။ သူတို့ရဲ့အတွေးဟာ စာရေးသူတို့တွေနဲ့ ကွာလာပါမယ်။ ထို့အတူပါဘဲ ယခုအချိန်မှာ တပ်ထဲဝင်သူများဟာ အနေအစား ယခင်ကလောက် မခြောင်တာသိလျက်နဲ့ ဝင်သူများလာပါမယ်။ သူတို့တွေဟာ ဗိုလ်လောင်းစဖြစ်ပါပြီ။ နောက် ၁၀ နှစ်ကျော်ဆိုတပ်ရင်းမှူး၊ ဗျူဟာမှူးတွေပါ။
ခေါင်းဆောင်မှုကို သင်ပေးရင်ရနိုင်ပေမယ့် လူ့တန်ဘိုးတွေဟာ အလွတ်ကျက်လိုက်တာနဲ့ ချက်ခြင်းရသွားတာမဟုတ်ပါ။ ယခုဖြစ်နေတာက ယခင်စနစ်က လူငယ်အချို့ နိုင်ငံခြားသွားပြီး ခေါင်းဆောင်မှုသင်တန်းတွေတက်ပေမယ့် နဂိုရှိရင်းစွဲ မှားနေတဲ့စံတွေထဲ ပြန်ရောက်သွားတာပါ။
ယခုပြောင်းလဲမှုတိုင်းဟာ လူတိုင်းလိုချင်သလို မဟုတ်သေးပေမယ့် စနစ်ဟောင်းကနေတော့ စရွေ့နေပါပြီ။ စာရေးသူအနေနဲ့ NLD အစိုးရ ၁၅ နှစ်လောက် အုပ်ချုပ်နိုင်ရင်တော့ အထက်မှာ ရေးပြသလိုဘဲခေါင်းဆောင်တင်မဟုတ်ဘဲ တန်ဘိုးရှိသောသူများ နောက်လိုက်များ တွေးခေါ်တတ်သူများကို တန်းတူဆက်ဆံတတ်သူများကို ပညာရေးစနစ်သစ်က မွေးထုတ်နိုင်ပြီး တိုင်းပြည်ဟာ အကောင်းဘက်ကိုပြောင်းသွားမယ်လို့ ယုံကြည်ပါတယ်။