ကိုးကန့်နဲ့ TNLA ကြေညာချက်က စိုးရိမ်စရာလား?
မီဒီယာတွေ ယခင်ကရေးလေ့ မေးလေ့ရှိတာက NUG က DASSK လွတ်လာရင် မအလနဲ့ ဆွေးနွေးမှာလား ဘာလားဆိုတာပါ။ ထိုအချိန်မှာ NUG ဘာဖြေဖြေ တတိယအင်အားစု၊ ဘောမအင်အားစုကလဲ ဆဲဖို့ စောင့်နေခဲ့ကြပါတယ်။ စာရေးသူပြောလေ့ရှိတာက မအလက ငြိမ်းချမ်းရေးခေါ်ရင် လက်ခံဆွေးနွေးမှာလား မေးရမှာက တိုင်းရင်းသားလက်နက်ကိုင်တွေကိုပါလို့ ထောက်ပြပြောဆိုခဲ့ပါတယ်။ဥပမာ ကချင်၊ ကရင်၊ ချင်းနဲ့ ရခိုင်က သူတို့ပြည်နယ်တွေကို ပြန်သိမ်းပြီးရင် ဆက်တိုက်မှာလား မအလနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှာလားပေါ့။
ဒီနေရာမှာ ကိုးကန့်နဲ့ TNLA က တရုတ်ဖိအားကြောင့် ဆွေးနွေးမယ်လို့ ကမ်းလှမ်းချိန်မှာ ကိုးကန့်နဲ့TNLA ကို နားလည်ပေးသူရှိသလို ဝေဖန်သူလဲရှိပါတယ်။ ဆဲသူလဲ ရှိခဲ့ပါတယ်။ စာရေးသူရဲ့အမြင်ကိုပြောပါဆိုရင် ကိုးကန့်ဟာ တရုတ်ဖိအားအောက်မှာ လှုပ်ရှားရတာဖြစ်ပြီး သူလုပ်ရကိုင်ရတာတွေကအကန့်အသတ်ရှိပါတယ်။ TNLA ကလဲ ထို့အတူပါဘဲ။ ဒါပေမယ့် TNLA က စာရေးသူတို့နဲ့တော်လှန်ရေးမှာ ပိုပြီးနီးစပ်မှုရှိပါတယ်။ စာရေးသူက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုသုံးသပ်ရာမှာ နေပြည်တော်အထိတက်သိမ်းမယ်ဘာညာဆိုတာကို သိပ်ပြီးနဂိုထဲကမျှော်လင့်ချက်မထားပါ။ ကိုးကန့်က ကိုးကန့်ဒေသတိုက်။ ကချင်က ကချင်းဒေသတိုက် ချင်းကချင်းဒေသတိုက် ရခိုင်ကရခိုင်ဒေသတိုက်ရင်ကို တော်လှန်ရေးကအဆင်ပြေနေပါပြီ။ ပြဿနာက ဘာမှမတိုက်ပဲကြေညာချက်ထထထုတ်နေရင်သာ ပြဿနာရှိတာပါ။ သူတို့နယ် သူတို့တိုက်သိမ်းထားရင်တောင်တော်လှန်ရေးအတွက် တစိတ်တစ်ပိုင်းက တာဝန်ကျေနေပါပြီ။
အေအေက ရခိုင်မှာ သူ့ဖာသာသူတိုက်သိမ်းနေတာပါ။ မြေပြန့်ကအဖွဲ့အချို့ကတော့ စစ်ကူကို ဖြတ်တောက်တိုက်တာ ကူတိုက်ပေးတာမျိုးတော့ ရှိတာပေါ့။ ထို့အတူပါပဲ KIA ကိုလဲ PDF က ဝိုင်းကူတိုက်ခိုက်ပေးနေတာအားလုံးအသိပါ။ အားလုံးဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါ။ သူတို့လဲ သူတို့ဖာသာ တိုက်လို့သာနိုင်ခဲ့ရင် နှစ်၆၀မတိုင်ခင်ထဲက တိုက်နိုင်သွားခဲ့တာကြာလှပြီပေါ့။ ဒါကိုသူတို့လည်းသိမှာပါ။
ဒါဆိုအားရစရာတွေကဘာရှိလဲ။
စာရေးသူမှန်းထားခဲ့တာက လားရှိုးကျပြီး အမ်းကျရပါမယ်။ ပြီးရင် မြောက်ပိုင်းတိုင်း မြစ်ကြီးနားကျရပါမယ်။ ဒါတွေက အရှိန်နှေးသွားပေမယ့် ဖြစ်လာနေပါပြီ။ သူတို့ကလည်း တော်လှန်ရေးအတွက်ဟုတ်ဟုတ်မဟုတ်ဟုတ် သူတို့ပြည်နယ်သူတို့သိမ်းဖို့တော့ ပြန်တိုက်မှာပါ။ သူတို့က ဝ လိုငြိမ်းချမ်းရေးယူချင်လဲ ယူပါလိမ့်မယ်။ ဒါပေမယ့် အဆိုပါဒေသမှာ တိုက်ခဲ့တဲ့ PDF တပ်တွေက ပြည်မကိုဆင်းလာမှာမြေကြီး လက်ခတ်မလွဲပါ။ သူတို့မှာ အတွေ့အကြုံကလဲ အတန်အသင့်ရှိနေကြပါပြီ။ကမ္ဘာပေါ်က စစ်အင်အားကောင်းတယ်ဆိုတဲ့ အစ္စရေးတောင် အမေရိကန်က အပစ်ရပ်ခိုင်းရင်း ရပ်ရတယ်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ရေတိုမှာ အပစ်ရပ်တာဘာညာ ရှိနေမှာပါ။
ဒါဆိုရင် မြေပြန့်ကိုဘယ်သူကတိုက်မလဲဆိုတော့ မြေပြန့်ကို ဗမာတွေကပဲ တိုက်ရမှာပါ။ NUG မှာလက်နက်အင်အား အတန်အသသ့်ရှိတယ်ဆိုပေမယ့် တိုင်းစစ်ဌာနချုပ်သိမ်းနိုင်ဖို့က အင်အားကြီးကြီးမားမား လိုအပ်ပါတယ်။ လက်နက်တွေက စျေးကြီးပါတယ်။ အထူးသဖြင့် လက်နက်ကြီးတွေကဈေးကြီးပါတယ်။ မိုးပေါ်ကကျလာတာမဟုတ်ပါ။ ဥပမာ ထန်တလန်မြို့ပေါ်က မအလတပ်ရဲစခန်းကို ၁၀၇ မမ ရှိရင် ပစ်သိမ်းနိုင်ခဲ့တာကြာခဲ့ပါပြီ။ ဒါက လက်နက်ကြီးရဲ့ အရေးပါမှုပါ။ NUG က ဘိန်းမလုပ်လို့ ဆေးပြားမလုပ်လို့ ဝင်ငွေရှာရတာခက်ပါတယ်။ ဆေးပြားတထောင်တစ်သောင်းလောက်ကဒေါ်လာသန်း ၁၀၀ ရနိုင်ပေမယ့် NUG က ပြည်သူထံကအလှူခံရင် ဒေါ်လာဆယ်သန်းရဖို့ကတောင်အနိုင်နိုင်ပါ။ ဒါက လက်တွေ့အခက်အခဲပါ။ ဒါပေမဲ့ ပြည်သူတွေက လိုအပ်တာကို လှူဒါန်းပေးပြီးNUG ကလဲ မိမိအညာမြေစစ်ဆင်ရေးအတွက် မိမိတပ်ပိုမိုထောက်ပံ့ပြီး ချိန်သားကိုက် လုပ်ဆောင်နိုင်ရင် မနိုင်စရာအကြောင်းမရှိပါ။ ထရမ့်က ဗမာပြည်ဘယ်မှာရှိမှန်း သိ မသိ မသေချာပေမယ့် သူ့နိုင်ငံခြားရေးဝန်ကြီးက ဗမာပြည်နဲ့ ယဉ်ပါးပါတယ်။ သူရွေးထားတဲ့ Marco Rubio နိုင်ငံခြားရေးဝန်ကြီးလောင်းက တရုတ်က ပြည်ဝင်ခွင့်ဗီဇာပိတ်တာကို ခံထားရသူပါ။ ဒါတွေက စာရေးသူတို့အတွက် အခွင့်အရေးတွေဖြစ်လာနိုင်ပါတယ်။
ယခုအချိန်မှာ အမ်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ကျလုကျခင်ဖြစ်နေပါပြီ။ ထိုအတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မြစ်ကြီးနားဟာလည်း အနေနဲ့အမြန် ဆုံးရှုံးရတော့မှာပါ။ ကချင်ပြည်နဲ့ရခိုင်ပြည်သာ မအလလက်လွှတ်ခဲ့ရလျှင် အိန္ဒိယကလဲ လေသံပြောင်းလာမှာပါ။
စာရေးသူတို့အားလုံး ဒီအချိန်မှာပြင်ဆင်ထားရမှာက ကုလကိုမျှော်တာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အလုံးစုံမျှော်တာမလုပ်ဘဲ မိမိတပ်အားကောင်းအောင် တပ်ရင်းတွေအစုအဖွဲ့လိုက် အမိန့်နာခံနိုင်အောင် NUGက ဆက်လက်ပြုစုပျိုးထောင်ပေးပြီး NUG အောက်ကတပ်တွေ လက်နက်ကောင်းအောင် ပြည်သူက PRF ကတဆင့် NUG ရဲ့ ICO2 ကတဆင့် ထောက်ပံ့ခြင်းဖြင့် ရှေ့ထိုးစစ်တွေအတွက် ပြင်ဆင်ထားနိုင်အောင် ဝိုင်းဝန်းပံ့ပိုးထားကြပါ။ တိုက်ပွဲနဲ့ထိုးစစ်တွေက အောက်အညာဘက်ကိုဆင်းလာမှာဖြစ်ပြီး ဘယ်အချိန်လဲဆိုတာသာ စောင့်ကြည့်ဖို့လိုတာပါ။ ယခုအချိန် လက်နက်ကအကန့်အသတ်ရှိပေမယ့် ထရမ့်အပြီးမှာ မူဝါဒပြောင်းလဲခဲ့ရင် ထရမ့်မပါလဲ အိန္ဒိယနဲ့ နယ်စပ်ရချိန်မှာတရုတ်ကိစ္စကြောင့် အကူအညီရခဲ့ရင် မိမိတပ်က စုစည်းနေရင် ပွဲကနိုင်တာမြန်သွားမှာပါ။ဘယ်လောက်မြန်မလဲဆိုတာကတော့ ပြည်သူကသာ ဆုံးဖြတ်မှာပါ။ ပြည်သူက တပ်ျတာ်များစွာနဲ့ကြာချင်လား NUG အောက်ကတပ်ကြီးနဲ့ မြန်ချငိလား ပြည်သူကသာ ဆုံးဖြတ်ရမှာပါလို့ ပြောပါရစေ။
Comments